လွိုင်ကော်ဒေသ အိမ်ခြေ (၄၀၀) ကျော် ရေနစ်မြုတ်နေဆဲ

လွိုင်ကော်ဒေသ အိမ်ခြေ (၄၀၀) ကျော် ရေနစ်မြုတ်နေဆဲ
by -
အားမီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ အပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ခြေ (၄၀၀) ကျော် ရေနစ်မြုတ်လျက် ရှိနေသေးကြောင်း မြို့ခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးဗြဲဆည် မကြာခန ဖောက်ချနေမှုကြောင့် ဒေသတွင်း ရေလျံမှုဆက်လက် ဖြစ်ပွားနေသည်ဟု လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက် ဒေသခံတဦးက အခုလို ပြောသည်။
nmg-loikaw-02
“ဖောင်းတောရယ်၊ ဘုရားနီရယ်၊ ဘုရားဖြူရယ် အဲ့ဒါကတော့ လုံးဝ အခြေအနေ ဆိုးတဲ့ ရွာသုံးရွာ။ အဲဒီက အိမ်တွေက လုံးဝနီးပါး ရေဖုံးသွားပြီ။ ရေက တစ်ပေကျော်ကျော် ထပ်တက်လာတော့ အဲဒီမှာတချို့ အိမ်တွေဆို အမိုးတောင် မမြင်ရတော့ဘူး။ လွိုင်ကော် မြို့ပေါ်မှာတော့ ရွှေတောင်၊ နားကွပ်၊ နန်းဖယ်ခုံ၊ မုံပြာ အဲဒီဖက်တွေမှာလည်း ထပ်တက်တယ်။”

ယခင်လက ဒေသတွင်း အိမ်ခြေ (၁၅၀) ခန့် ရေနစ်မြုတ်ခဲ့ရာမှ ယခုအခါ အိမ်ခြေ (၄၀၀) ကျော်ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ ဒုက္ခသည်အရေအတွက်လည်း ပိုမို များပြားလာပြီး နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံက ဆက်ပြောသည်။

“ရေဘေးဒုက္ခသည်တွေကို ရေလွတ်ရာတွေမှာ နေရာချထားပေးပေမယ့် အလုပ်လုပ်လို့ကလည်း မရ၊ ချက်ပြုတ်စားသောက်ဖို့ ကျပြန်တော့ မီးသွေးက အခက်အခဲ ဖြစ်နေတယ်။ ဆန်တို့ စားစရာတို့ဆိုရင် မပြောနဲ့တော့ ဆိုးဆိုးဝါးဝါး ဖြစ်တယ်လို့ကို ပြောလို့ရတယ်။ ထမင်းထုတ်တွေ ခေါက်ဆွဲထုတ်တွေ ပို့တာတော့ ရှိပါတယ်။ ဒါပေမယ့် မလောက်နိုင်ဘူးလေ။”

လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ယခုကဲ့သို့ ရေကြီးမှု ဖြစ်ပွားခဲ့ပြီး မိုးဗြဲဆည်ဖောက်ချ ခဲ့သည့်အတွက် ဘီလူးချောင်း ရေလျံမှု ဖြစ်ခဲ့ရာမှ ယခုအခါ ဒေသတွင်း ရေကျသွားခြင်း မရှိသေး သည့်အပြင် ယခုလ (၁) ရက်နေ့ကလည်း မိုးဗြဲဆည်ထပ်မံ ဖောက်ချခဲ့သည်ဟု ဆက်ပြောသည်။

ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံအာဏာပိုင်များနှင့်အတူ World vision၊ Care Myanmar၊ ကယားမိုဘွာ နှင့် ကယားဖူး အဖွဲ့များက ဆောင်ရွက်ပေးနေပြီး ဆန်၊ ထမင်းထုပ်၊ ရေသန့်ဗူးနှင့် ဆေးဝါးများ ပေးဝေနေသည်ဟု ကယားဖူးရေဘေးကယ်ဆယ်ရေးမှ တာဝန်ရှိသူက ပြောသည်။

ရေကြီးမှုကြောင့် ဒေသတွင်း လယ်ယာ စိုက်ခင်း အများ အပြား ရေနစ်မြုတ် ပျက်စီးနေသော်လည်း ပျက်စီးမှု ပမာဏကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ 

လွန်ခဲ့သည့် သြဂုတ်လ တတိယပတ်ကလည်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် လွိုင်ကော် မြို့ပေါ်ရှိ မိုင်းလုံး၊ လောကဓမ္မနှင့် ပန်ကန်းရပ်ကွက်တို့တွင် ရေလွမ်းခဲ့ပြီး သီရိမင်္ဂလာစျေး (တောင်စျေး) နှင့် မိုင်းလုံးစျေးတို့ ပိတ်ထားခဲ့ရသည်။

Most read this week