နတ်မောက် အနည်းဆုံး ၁၅ ရွာ ရေကြီးမှုနှင့် ကြံု

နတ်မောက် အနည်းဆုံး ၁၅ ရွာ ရေကြီးမှုနှင့် ကြံု
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။    ။နှစ်ရက်ဆက်တိုက်မိုးရွာသွန်း ပြီးနောက် ရေကာတာများမှ ပိုလျှံရေများကိုဖွင့်ချ ပေးရသည့်နောက် အောက်ဘက်ရှိ ကျေးရွာ ၁၅ရွာ ထက် မနည်း ရေကြီးမှုနှင့် ကြံုရပြီး စိုက်ပျိုးသီးနှံများ ပျက်စီးကုန်ကြောင်း မကွေးတိုင်းနတ်မောက်မြို့နယ် မှ ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁- ၂ ရက်နေ့များက မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ နတ်မောက်နှင့် မြို့သစ်မြို့တို့၏ အထက်ဘက်တွင် ရှိသော ဆဒ္ဒန်၊ ပုလင်း၊ စွန်ချောင်းနှင့် နတ်မောက် ရေကာတာများကို သက်ဆိုင် ရာတာဝန်ရှိသူများက ရေဖေါက်ချခဲ့ရသည်။

ရေကာတာများ အောက်ဘက်ရှိ  တပ်ကုန်း၊ ထန်းရင်၊ မန်ကျီးကုန်းလေး၊ ပုလင်းနှင့် ပုလင်းပြားကြီး ကျေးရွာများ အပါအဝင် ရွာ ၁၅ ရွာကျော် ရေနစ်မြုတ်ခဲ့သလို ၎င်းရွာများက စိုက်ပျိုးထားသည့် စပါး၊ ပဲစင်းငုံ၊ ပဲနောက်နှင့်မြေပဲပင်များပါ ရေထဲနစ်မြုပ် ပျက်စီးကုန်တော့သည်။

"ရေက ရင်ဆို့လောက်နဲ့ ဖိဝင်တော့ မနေ့က တပ်ကုန်းရွာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းတွေပါ ပြိုကျကုန်တာ။ ရွာထဲက အိမ် လေးလုံးလဲ ရေတိုက်စားပြီး ပါသွားလို့ ကိုယ်ထူကိုယ်ထ ဖျက်ယူ လိုက်ရတယ်။ စပါးခင်းတွေ၊ ပဲခင်း တွေလဲ ရေထဲပါကုန်တာ နစ်ကုန်တာတွေလည်း မနည်းဘူး” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ရေကာတာ လေးခုမှာ နတ်မောက်နှင့် မြို့သစ်မြို့နယ်တွင်း ကျေးရွာဒေသခံ လယ်သမားများ နွေနှင့် ဆောင်းရာသီ စပါး စိုက်ပျိုးရန် ရေသိုလှောင်ထားခြင်း ဖြစ်သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရေကာတာ၊ တာတမံများ ကျိုးကျမှု မဖြစ် စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ရေလွှဲတံခါးမှ ထုတ်ပေးခဲ့
ရသည်။

သီးနှံများ ပျက်စီးဆုံးရှုံးရသဖြင့် ဒေသခံ တောင်သူများမှာ မိုးနှောင်းကာလနှင့် လာမည့် ၂ဝ၁၂ ခုနှစ် စိုက်ပျိုးစရိတ် များနှင့် စားဝတ်နေရေးအတွက် ပူပန်နေကြသည်။

ပုလင်းချောင်း ရေကာတာက ဖေါက်ချလိုက်သည့် ရေများကလည်း ရေကာတာ အောက်ဘက် ၁ဝ မိုင်ခန့်ကွာတွင် ရှိသည့် မြို့သစ်မြို့ပေါ်ရှိ ဘူတာကုန်း ရပ်ကွက် အပါအဝင် မြို့၏ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက် လေးခုတွင် ရေအမြင့်လေးပေထက်မခန့် မြင့်တက်ခဲ့ပြီး ထိုရပ်ကွက်များတွင် နေထိုင်သူများမှာ ထမင်းဟင်း ချက်ပြုတ်ရန်နှင့် ခရီး သွားလာရန်ပင် မရတော့သလို စာသင်ကျောင်းများပင်ပိတ်ထားလိုက် ရသည်။

“ဘာမှကိုလုပ်လို့မရဘူး။ အပြင်သွားလာလို့လည်းမရ ကလေးတွေလည်း ကျောင်းပိတ်ထားရတယ်။ ထမင်းလည်း အိမ်ပေါ်ထပ် တက်ချက်စားနေရတယ်။ တခါမှ ဒီလောက်ရေကြီးတာ မကြံုဘူးပါဘူးဗျာ” ဟု မြို့သစ်မြို့ခံ တဦးက မဇ္စျိမကို ပြောသည်။

မြို့ပေါ် ရပ်ကွက်များ ရေကြီးနေရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့ခံ အာဏာပိုင်တွေ အနေဖြင့်ရေစီးရေလာ ကောင်းမွန်သည့် တူးမြောင်းများ လုပ်မပေးခြင်းကြောင့် ဟုမြို့ခံတွေကပြစ်တင်ပြော ဆိုနေကြသည်။

မကွေးတိုင်းထဲတွင် ယင်းအခြေအနေများနှင့် ရင်ဆိုင်နေရချိန် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးဗြဲရေကာတာ ရေလျှံမှု၊ရေဖေါက် ချမှုတို့ကြောင့် ရေကာတာအထက်ပိုင်း ဝဲယာဘက်များမှ ရှမ်း၊ ပအိုဝ်း၊ ပဒေါင်၊ ကယန်းနှင့် ကယားလူမျိုး များ နေထိုင်သည့် နောင်လှိုင်၊ ကုရင်၊ တောင်ပို့ကြီး ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာပေါင်း ၃ဝ ဝန်းခန့်က စိုက်ပျိုးထားသည့် စပါးခင်းများ ပျက်စီးကုန်သည်။

“ရွာတွေကတော့ ကုန်းတွေပေါ်မှာ ဆောက်တာဆိုတော့ မြုတ်တာ သိပ်မရှိဘူး။ ခါတိုင်းနှစ်တွေတုန်းက ရေဒီလောက် မတက်တာတောင် တချို့ စပါးခင်းတွေ ပျက်တာတွေ ရှိတယ်။ ဒီနှစ်က ဒီလောက်ထိ ရေတက်မယ်လို့ မျှော်လင့် မထားဘူးလေ။ ပျောင်းဖူးခင်း တွေ၊ ပဲခင်းတွေလဲ။ တော်တော်ပျက်စီးကုန် တယ်။ ဧက ဘယ်လောက်လည်းဆိုတာကို ခန့်မှန်းရခက်ပါတယ်” ဟု ဒေသခံ တဦးဖြစ်သူ မကူး က မဇ္စျိမကို ပြောသည်။

မိုးဗြဲရေကာတာ အောက်ဘက် ရှမ်းပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသော ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်၏ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ အင်းသား လူမျိုးအများစု နေထိုင်သည့် ဘုရားဖြူ၊ ဘုရားနီကျေးရွာများ အပါအဝင် ဒီမောဆိုမြို့နယ်တွင်းက ဖေါင်းတော ကျေးရွာတို့မှာ ရွာလုံးကျွတ် ရေနစ်မြုတ်မှုနှင့် ရင်ဆိုင်နေရပြီး ကုန်းမြင့်နေရာများသို့ အကူအညီမဲ့ တိမ်းရှောင်နေရကြောင်းသိရသည်။

အလားတူ လွိုင်ကော်မြို့အလယ်ကို ဖြတ် စီးဆင်းနေသော ဘီလူးချောင်း၏ အရှေ့ဘက် မြေနိမ့်ပိုင်းရှိ ရွှေတောင်၊ ရှမ်းပိုင်း၊ ဒေါနိုးကူးနှင့် မင်းစု ရပ်ကွက်များအပါအဝင် နမ့်ကွတ်စကျေးရွာမှ လူနေအိမ်တချို့ ရေနစ်မြုပ်နေသည်မှာ တလပင် ကျော်ခဲ့ပြီ ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ ပြည်နယ် လွှတ်တော်အမတ် ဦးကျော်ဆွေ က ပြောသည်။

“တချို့အိမ်တွေက ရေတွေမြုပ်ပြီး၊ နေလို့မရတော့ ဆွေမျိုးနီးစပ်ရာတို့ ကျောင်းတို့မှာ သွားပြောင်းနေရတာ ပေါ့ဗျာ။ဖြစ်တာကလည်း ကြာပြီ ရေကလည်း မကျသေးဘူးဆိုတော့ သူတို့မှာလည်း ဘာအလုပ်မှ မလုပ်နိုင်သေးဘူးပေါ့နော်”  ဟု ဦးကျော်ဆွေ က မဇ္စျိမကိုပြောသည်။

အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရေများ ထက်တက်လာနိုင်ကြောင်း အာဏာပိုင်များက စက်ဖြင့် လိုက်လံ ကြေညာထားကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပေးနိုင်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကာလကလွိုင်ကော်မြို့ ပေါ်တွင် ဆန္ဒခံယူခဲ့ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကယန်းအမျိုးသား ပါတီနှင့် ဘာသာရေးအဖွဲ့၊ NGO အဖွဲ့များက အစားအသောက်နှင့် အဝတ်အထည် ကူညီမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။

သို့သော်လည်း ရေဘေးခိုလှုံသူများထံ ထိထိရောက်ရောက် လုံလောက်သည့် ကူညီမှုမျိုး မရှိသေးသလို ရေကျ သွားချိန်တွင်လည်း ရွှေပြောင်းနေထိုင်သူတို့အတွက် အနေအထားကျရန် အစီအစဉ်များ လိုအပ်ကြောင်း ဦးကျော်ဆွေ က ပြောသည်။

ယင်းကဲ့သို့ ရေကာတာကြောင့် ရေကြီးမှုဖြင့် လယ်မြေများပျက်စီးခြင်း၊ အလုပ်အကိုင်မဲ့ အိုးအိမ်စွန့်ခွာ နေထိုင်ရခြင်း များကြောင့် မြန်မာအစိုးရအနေဖြင့် ကယားပြည်နယ်အတွင်း နောက်ထပ် တည်ဆောက်ရန် ပြင်ဆင်နေသည့်ရေကာတာ သုံးခုကို ရပ်တန့်ပေးရန် ကရင်နီဖွံ့ဖြိုးရေး သုတေသန အဖွဲ့က အင်္ဂါနေ့တွင် အစီရင်ခံစာဖြင့် ထုတ်ပြန် တောင်းဆိုလိုက်သည်။

၂ဝ၁ဝ ခုနှစ်အစောပိုင်းတွင် မြန်မာအစိုးရနှင့် တရုတ်နိုင်ငံ Datang Corporation တို့က သံလျင်မြစ်ပေါ် မီဂါဝပ် ၆ဝဝ ရှိ ရွာသစ် ရေကာတာ၊ ပွန်ချောင်းပေါ် မဂ္ဂါဝပ် ၁၃ဝ ရှိ ပွန်ချောင်းရေကာတာနှင့်သဘတ် ချောင်းပေါ် မဂ္ဂါဝပ် ၁၁ဝ ရှိ ရေကာတာများ ပြုလုပ်ရန် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးထားသည်။

Most read this week