(ဗညားရံ) – မကြာခင်က K.I.A. နဲ့ ကချင်ပြည် နယ်အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးတုန်း ဗမာ တပ်တွေက ရှမ်းတွေကို ထိုးစစ်ဆင်ခဲ့တယ်။ ကချင်နဲ့ဆွေးနွေးတာ အဆင်မပြေလို့ ကြံ့ဖွတ် အကောင်ကြီးတွေက တရုတ်ဖိအားကို ရယူပြီး ဝနဲ့ကိုးကန့်ကို အပစ်ရပ်အောင် လုပ်ခဲ့တယ်။ တွက်ထားတဲ့အတိုင်းပါပဲ။ ဝနဲ့ကိုးကန့်ဘက် စိတ်အေးရတာနဲ့ ကချင်နဲ့ရှမ်းတွေကို ခြေမှုန်း တော့တာပဲ။
ဒီနေရာမှာ ဗမာ့တပ်က တရုတ်ဆီက ဝယ်ထားတဲ့ လက်နက်ကြီးတွေကို သုံးပြီး တရုတ်အကျိုး စီးပွား အတွက် တိုက်နေတာပါ။ တရုတ်တွေအတွက် အရေးကြီးတဲ့ ပိုက်လိုင်းစီမံကိန်းနဲ့ မြစ်ဆုံစီမံကိန်းကို ကာကွယ်ဖို့အတွက် တိုက်နေတဲ့ တိုက်ပွဲလို့ ဆိုယင် ဗမာ့တပ်က ဗမာ့ကာကွယ်ရေးတပ်မတော် မဟုတ် တော့ပြီ။ တရုတ်ကာကွယ်ရေးတပ်မတော်သာ ဖြစ်ရပါတော့မယ်။ တရုတ်တွေအနေနဲ့လက်နက်ကို လည်း ရောင်းရတယ်။ ပြည်ထောင်စုကြီးရဲ့ သယံဇာတကိုလည်းစျေးနှုန်းမပြောပ လောက်ကလေးနဲ့ ဝယ်လို့ရ နေတယ်။ ပြည်ထောင်စုကြီးရဲ့ရင်းနှစ်သည်းချာ ဧရာဝတီမြစ်ကြီးကိုလည်း အပိုင်စီးခွင့် ရနေတယ်။ ဒီအကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်လည်း တရုတ်စစ်သားတစ်ယောက်တစ်လေမှအသေအပျောက် ရှိစရာမလိုဘဲ၊ ပိုက်ဆံတစ်ပြားမှ ငှားစရာမလိုဘဲ ဗမာ့တပ်မတော်က အကျိုးဆောင်ပေးနေပါတယ်။ ဘယ်လောက် ကံကောင်းတဲ့ ဆွေမျိုးပေါက်ဖော်တွေလဲ။
ဒီတရုတ်တွေ မျိုးချစ်ပုံကလည်း အတုယူစရာပါပဲ။ ဝနဲ့ကိုးကန့်တွေမှာ ပြည်ထောင်စုမြန်မာနိုင်ငံသား ခပ်ရှားရှားပါ။ တရုတ်ပြည်ဘက်က ဝင်ချင်သမျှ ဝင်ပြီး မြန်မာနိုင်ငံသားအဖြစ် ခံယူလို့ ရနေတာကလည်း ပြည်ထောင်စုကြီးရဲ့ အချုပ်အခြာအာဏာဆိုတာ ဘယ်မှာရှိတော့မလဲ။ အဲဒီတရုတ်တွေကရှမ်းနာမည်ယူ လိုက်၊ ကိုးကန့်နာမည်ယူလိုက်၊ ဝနာမည်ယူလိုက်နဲ့ ပြင်ဦးလွင်၊ မန္တလေး၊ ရန်ကုန်အချက်အချာနေရာ တွေကို ခြေကုပ်ယူထားခဲ့ချေပြီ။ ကိုးကန့်ကို ဗမာတပ်ထိုးစစ်ဆင်တုန်းက အူးယားဖားယားနဲ့ထကန့်ကွက် တဲ့ ဆွေမျိုးပေါက်ဖော်တွေက အခု ကချင်ဒုက္ခသည်တွေကို လက်မခံဘဲ နေပါသတဲ့။ ကချင်ကတိုင်းရင်း သားအဆင့်ပဲ ရှိပြီး ကိုးကန့်တွေက တကယ့်ဟန်လူမျိုးတွေကိုးဗျ။
ကချင်တပ်မဟာ (၄) ကို မတိုက်ခင်မှာ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးဖို့ မွန်ပြည်သစ်ဘက် ဦးလှည့်လာ တယ်။ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးပွဲလုပ်ဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ကြိုးစားတယ်။ “သူတို့တောထဲ ပျော်နေတာ ကျုပ်ဖြင့်ဗျား စဉ်းစားလို့ကို မရဘူးတဲ့”။ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက်တဲ့စကား။
မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးဖို့ အကျိုးတော်ဆောင်အဖွဲ့ကို မွန်ပြည်သစ်ဗိုလ်မှူးကြီးဟောင်း လက်ရှိ ပြည်နယ်လျှပ်စစ်နှံင့် စက်မှုဝန်ကြီး နိုင်မြင့်ဆွေက ဦးဆောင်မယ်လို့ သိရတယ်။ အပစ်အခတ်ရပ်စဲနေချိန်မှာ ပါတီကနေ အနားယူသွားတဲ့ နိုင်တင်အောင်လည်း ပါဝင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ကျန်တာက သံဃာတစ်ပါး၊ AMDP မှ တစ်ဦး၊ MNDF မှ တစ်ဦးလည်း ပါဝင်ကြောင်း IMNA သတင်းစဉ်မှာ ဖတ်ရတယ်။
ဒီမွန်ငြိမ်းအဖွဲ့ဝင်ဟောင်းတွေက မွန်ပြည်နယ်မှာ မွန်စာပေသင်ကြားရေးကိုတောင် တရားဝင်ဖြစ်အောင် လုပ်နိုင်တဲ့လူတွေ မဟုတ်ဘူး။ မွန်ပြည်နယ်အစိုးရမှာလည်း ထဲထဲဝင်ဝင် လှုပ်ရှားလို့ ရနေသူတွေ မဟုတ်ဘူး။ အခုမှ မိုးကျရွှေကိုယ်လို ကြံ့ကော်လို့ ခြုံပေါ်ရောက်လာကြတာဆိုတော့ မွန်ပြည်သစ်ပါတီနဲ့ ဘာတွေ ဆွေးနွေးကြမလဲ စိတ်ဝင်စားစရာပါပဲ။
သေချာတာတစ်ခုက မွန်လျှပ်စစ်ဝန်ကြီးက မီးမလာလို့ လုပ်စရာမရှိတာနဲ့ မွန်အချင်းချင်းလိမ်ညာကြ စေဆိုပြီး တမင်တကာ လွှတ်လိုက်တာလား မပြောတတ်ပါဘူး။ ဟိုဟာမနိုင်ဘဲ ပဲတော့ များများမစားမိကြဖို့ လိုပါတယ်။ ပြည်နယ်ကြံ့တွေကိုတောင်မှ မနိုင်သေးတာပဲ။ နေပြည်တော်က ကြံ့တွေကို အဘယ်ဆို ဖွယ်ရှိအံ့နည်း။ စာရွက်ကိုင်ပြီး လာဖတ်ပြရုံနဲ့ဆိုယင် မူလတန်းကလေးတွေကို လွှတ်လိုက်ယင်လည်း ရတာပါပဲ။ မွန်သံဝဲနေယင်လည်း အပြစ်မဆိုပါ။ အဘယ်ကြောင့်ဆိုသော် ကိုးကန့်တွေ ဝတွေနဲ့ ဆွေးနွေးသလိုမျိုး ဗမာစကားပြန်မလိုလို့ပါ။
ဒါပေမယ့် ဒါက နောက်စရာမဟုတ်ပါဘူး။ ကိုးကန့်နဲ့ဝကို ယာယီအပစ်ရပ်နဲ့ ချုပ်ပြီး ရှမ်းနဲ့ကချင်တွေကို တီးသလိုမျိုး မွန်ကို ကျောသပ်ပြီး ကရင်ကို သွားချယင် ဘယ်လိုလုပ်မလဲ။
ဒီဗမာတပ်က ကျွန်စိတ်မှ မပျောက်သေးတာပဲ။ ထိုင်းကိုတော့ ဒေါက်တာမတင်ဝင်းက ကျွန်မဖြစ်ပေမယ့် ကျွန်စစ်သတဲ့။ အခု ဗမာပြည်က တရုတ်ကျွန်တော့ မဖြစ်၊ ကျွန်တော့ စစ်နေပြီ။ ပိုပြီး ကျွန်စစ်အောင် ကျွန်အောက်က သဘောက်ဖြစ်ချင်လို့ ကျွန်စစ်တယ်လို့ မတင်ဝင်း ညွှန်းတဲ့ထိုင်းကိုလည်းထားဝယ်ရေ နက်ဆိပ်ကမ်းကို အကြောင်းပြုပြီးသကာလ ကျွန်လုပ်မပြဘူးလို့ ပြောလို့မရဘူး။နိုင်ငံခြားသားတွေအကျိုး စီးပွားအတွက် ကိုယ့်နိုင်ငံသားအချင်းချင်းကို နှိပ်စက်ညှဉ်းပန်းတာလောက် ကွ္ပျန်စိတ်ပေါက်တာ မရှိဘူးလို့ ဆိုချင်ပါတယ်။
ဒီလိုဆိုယင် ဟိုဟာအဖွဲ့တွေ လာယင် ဆွေးနွေးဖို့ မွန်ပြည်သစ်က ပြင်ဆင်စရာမလို။ တောမှာ မပျော်ဘဲ မြို့မှာ ကြံ့နဲ့ အဖော်ရှာလေသည့် မိမိရဲ့ရဲဘော်ဟောင်းတွေကိုပဲ သံဝေဂတရားနဲ့ ဆင်ခြင်ပေးသနားဖို့ပါပဲ။
ဒါပေမယ့် သတိထားရမှာက သထုံကို အနော်ရထာ ပိဋကတ်တောင်းသလိုမျိုး ပြဿနာဖြစ်အောင် တမင်တကာ လာဆွေးနွေးယင် သတိထားရပါလိမ့်မယ်။ အနော်ရထာက ပိဋကတ်ကိုပဲ တကယ်လိုချင်ယင် စစ်တိုက်စရာမှမလိုတာပဲ။ အခု ဘုန်းကြီးတစ်ပါးကို ငြိမ်းအကျိုးဆောင်အဖွဲ့မှာ ထည့်သလိုမျိုး ထည့်ပြီး ရှင်အရဟံကိုယ်တော်တိုင် လာတောင်းယင် ပြီးနေတာပါပဲ။ တမင်တကာ ပြဿနာရှာချင်လို့၊ သထုံသား တွေကို စိတ်ဇဝေဇဝါဖြစ်အောင် လုပ်ချင်လို့ အကောက်ကြံခဲ့တာကိုး။ တောင်းတယ်ဆိုတာ မပေးဖြစ် အောင်လည်း တောင်းလို့ရတာပါပဲ။ မပေးပေးအောင်လည်း တောင်းလို့ ရတာပါပဲ။
ဒီတစ်ခါမှာလည်း ငြိမ်းအကျိုးတော်ဆောင်အဖွဲ့ကအားလုံး မွန်တွေချည်းပဲ။ မွန်ဘုန်းကြီးတစ်ပါးလည်း ပါသေးဆိုတော့ သွေးရိုးသားရိုးတော့ မဟုတ်ဘူး။ ဒီတွေ့ဆုံပွဲပြီးယင် မွန်အချင်းချင်း ငြင်းကြရဦးမယ်။ စိတ်တွေ ဇဝေဇဝါ ဖြစ်ကုန်မယ်။ အဆင်မပြေယင် မွန်ပြည်သစ်က မွန်လူထုထောက်ခံမှုနဲ့ရပ်တည်နေတာ မဟုတ်ဘူးလို့ ကြံ့မျိုး ပေါက်ဖော်မျိုးတွေက စွပ်စွဲဦးမယ်။ မွန်နဲ့ အဆင်ပြေယင်ထားဝယ်ရေနက်စီမံကိန်း အတွက် တနသာင်္ရီတိုင်းမှာရှိတဲ့ ကရင်တပ်မဟာ (၄) ကို ခြေမှုန်းဖို့ပဲ ရှိတော့မယ်။ ရှားရှားပါးပါးမြောက် ပိုင်းမှာ အလူးအလဲ ခံနေရတဲ့ ကချင်တပ်မဟာကလည်း အမှတ် (၄) ပါပဲ။ တိုက်ဆိုင်လှလေခြင်း။
ဒီအခြေအနေပေါ်မှာ UNFC က မိမိရဲ့အသင်းဝင်တွေကို ပဏာမဆွေးနွေးပွဲနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး မပါယင်၊ တစ်ဖွဲ့နဲ့ ဆွေးနွေးနေတဲ့အချိန်မှာ အခြားတစ်ဖွဲ့ကို တိုက်ခိုက်နေယင် ဘယ်အဖွဲ့ဝင်မဆို ကြံ့ဖွတ်အစိုးရနဲ့ မဆွေးနွေးသင့်ဘူး။ မူမမှန်တဲ့ အစိုးရတစ်ရပ်နဲ့ ဆွေးနွေးမယ့်အစား ခုခံဖို့ အင်အားဖြည့်တာတို့ပဲ လုပ်သင့်တယ်။
လက်ရှိဖြစ်ပေါ်တိုးတက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြုသဘောမြင်နေတယ်။အိုင်စီဂျီအဖွဲ့ လည်း သိန်းစိန်ကြံ့ဖွတ်အစိုးရကို ဝန်းရံပေးဖို့ တိုက်တွန်းနေတယ်။ ကြံ့ဖွတ်အစိုးရအဖွဲ့ဝင်တွေကလည်း လွှတ်တော်မှာ ငိုတဲ့လူက ငို၊ ရီတဲ့လူက ရီနဲ့ အတော့်ကို ပွဲစည်နေပါတယ်။ သူတို့က ပိပိရိရိနဲ့ လိမ်မယ်ကြံပါတယ်။ ဟုတ္တိပတ္တိမလုပ်တတ်တော့ ပေါ်ကုန်ပါလေရော။
ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံအမတ်များညီလာခံကို အထက်လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် နဲ့အဖွဲ့ တက်ခဲ့တယ်။ သူ့ကို သတင်းဌာနက မေးတော့ အခု အပြောင်းအလဲလုပ်နေတာတွေဟာ ပြည်ပနိုင်ငံတွေ ကျေနပ်ဖို့အတွက်မဟုတ်ဘဲ မိမိပြည်သူတွေ ကျေနပ်ဖို့အဓိကပါတဲ့ ဖြေပါတယ်။ ဖြေတဲ့နေရာက ဘာတဲ့။ ကမ္ဘောဒီးယား။ ဖြေတဲ့အချိန်က အာဆီယံအမတ်များညီလာခံကျင်းပချိန်။ မျက်စိလည်စရာ မရှိပါ။ စကားထဲက ဇာတိပြပါတယ်။ အာဆီယံဥက္ကဋ္ဌဖြစ်ချင်လို့ အပြောင်းအလဲ လုပ်သလိုမျိုး လုပ်ပြနေတာပါ။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အပြောင်းအလဲအတွက် သူတို့နိုင်ငံကို အတုယူဖို့ ပြောလို့ သမ္မတဦးသိန်းစိန်အကြံပေးတွေက အင်ဒိုနီးရှားကို သွားလေ့လာသေးသတဲ့။
နောက်တစ်ယောက် ဦးဝဏ္ဏမောင်လွင်ပါ။ နှစ်ပေါင်း(၂၀)မှာ ကုလရုံးမှာ ပထမဆုံး မိန့်ခွန်းပြောတဲ့ ကြံ့ဖွတ်နိုင်ငံခြားရေးဝန်ကြီးပါ။ အပြောင်းအလဲအတွက် နောက်ဆုတ်လို့မရတော့ဘူးတဲ့။ ကြံ့သတ္တဝါ တွေက တစ်လှမ်းတောင် မလှမ်းရသေးဘူးလေ။ နောက်ဆုတ်လို့ ဘယ်ရမလဲ။ စဉ်းစားကြည့်ယင် သိပါတယ်။ စကားထဲက ဇာတိပြပါတယ်။ နောက်ဆုတ်လို့မရဘူးပြောပြီးတော့ ဘာဆက်ပြောတယ်မှတ်လဲ။ ပိတ်ဆိုု့မှုကို ပြန်ဖွင့်ပေးလိုက်ပါတော့တဲ့။ အဖြေက ဒါပဲ။
ကြံ့မျိုးတွေအတွက် ၂၀၁၄-ခုမှာ အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့၊ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့အရေးကြီး နေပါတယ်။ ဒီနှစ်ခုအတွက်ပဲ သူတော်ကောင်းဟန်ဆောင်နေတာပါ။ သူတော်ကောင်းဟုတ်မဟုတ် နယ်စပ်ဒေသပြဿနာကို ကြည့်ယင် သိပါတယ်။ နယ်စပ်ဆိုတော့ ဝေးနေမယ်ဆိုယင် အင်းစိန်ထောင်ကိုပဲ ကြည့်ပါ။ အင်းစိန်ထောင်လည်း ဝင်ကြည့်ရခက်နေယင် ရန်ကုန်မြို့လမ်းတိုင်းမှာ ကြည့်ပါ။ဒီပြည်သူတွေ ဟာ ပိတ်ဆို့မှုကြောင့် ငတ်ပြတ်နေရတာမဟုတ်ဘူး။ ပိတ်ဆို့မှုကြောင့် မီးမလာတာမဟုတ်ဘူး။ပိတ်ဆို့မှု ကြောင့် အသတ်ခံနေရတာမဟုတ်ဘူး။ ပိတ်ဆို့မှုကြောင့် စစ်မက်ဖြစ်ပွားနေတာမဟုတ်ဘူး။ ရှင်းပါတယ်။
မူမမှန်တဲ့ကြံ့ဖွတ်အစိုးရနဲ့ ရောရောနှောနှောနေယင် ရောတဲ့လူလည်း မူမမှန်တဲ့စကားတွေထွက်လာ တတ်ပါတယ်။ စိတ်ကူးယဉ်တဲ့စကားတွေ ပြောလာတတ်ပါတယ်။ သူတို့ကိုယ်စား စာရေးသူက တိုင်းရင်းသားတစ်ဦးအနေနဲ့ စိတ်ကူးယဉ်ကြည့်ပါ့မယ်။
၁။ ပြည်နယ်အစိုးရကိုယ်စားလှယ်တွေနဲ့ ပဏာမဆွေးနွေးမယ်။ (ကချင်၊ရှမ်းနဲ့ကရင်တွေ ဒုက္ခရောက်နေတာ ခဏမေ့ထားလိုက်မယ်နော်)
၂။ နောက်တော့ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ငြိမ်းအဖွဲ့အကျိုးဆောင်နဲ့ ဆွေးနွေးမယ်။ (ဘယ်တော့ စမလဲ မသိပါ။ ဒါလည်း လောလောဆယ် မစဉ်းစားချင်သေးဘူး)
၃။ ကြံ့ဖွတ်အစိုးရနဲ့ ဆွေးနွေးမယ်။ (သုံးပွင့်ဆိုင် ဖြစ်နိုင်တယ်လို့ နိုင်တင်အောင်က ပြောတယ်။ သူက ဘာအားကိုးနဲ့ ပြောနေလဲ မမေးရဘူးနော်)
ကဲ…ဒီအထိတော့ စိတ်ကူးယဉ်လို့ ကောင်းပါတယ်။ ရှေ့ဆက်ကော ဘာတွေ ရှိသေးလဲ။
၄။ စစ်မှန်တဲ့ ပြည်ထောင်စုမူကို လွှတ်တော်မှာ အတည်ပြုမယ်။ (ဖြစ်နိုင်မဖြစ်နိုင် အသားထားဦ။ မဖြစ်လည်း ဘာမှမဖြစ်ဘူး။ စိတ်ကူးယဉ်တာကိုး)
၅။ ပါတီက နိုင်ငံရေးပါတီဖြစ်၊ တပ်က ပြည်နယ်စောင့်တပ် ဖြစ်လာမယ်။ ကြံ့ဖွတ်တွေ ငြိုငြင်မှာစိုးလို့ ဖက်ဒရယ်မူအားကောင်းလာယင် ပြည်နယ်စောင့်တပ်ကို အဆစ်အနေနဲ့ ပြည်နယ်ရဲတပ်ဖွဲ့အဖြစ် ပြောင်းချင်ပြောင်းလိုက်ပါလို့ အာမခံထားမယ်။ (နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်မဟုတ်ယင် ပြီးတာပါပဲ။)
ဒါက အနိမ့်ဆုံးနဲ့အကြမ်းဖျင်း စိတ်ကူးယဉ်ကြည့်တာပါ။
NLD ကတော့ ရင်ခုန်သံတစ်မျိုးပါ။
၁။ အကြမ်းမဖက်နည်းနဲ့ သွားယင် ကြံ့ချိုက ပျော့လာဟန်ရှိပြီး ဆင်စွယ်ကဲ့သို့ ဇာတ်တော်ကြီးဆယ်ဘွဲ့ထုဆစ်လို့ ရနိုင်တယ်။ (နှစ်ကကြာလာတော့ ကိုယ့်က စိတ်ဓာတ်ကျနေတာကို မပြောကြေး)
၂။ ပါတီကို မှတ်ပုံတင်လိုက်ယင် ကြံ့မျိုးက မိတ်ဖက်အဖြစ် သဘောထားနိုင်တယ်။ (ပါတီမှတ်ပုံတင်ပြီးယင် ကြံ့မျိုးက ဂရုမစိုက်တော့ဘဲ လုံးဝလှည့်မကြည့်တော့တာလည်း ဖြစ်နိုင်တာပဲ)
၃။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး လွှတ်တော်မှာ လူများစုဖြစ်အောင် ကြိုးစားမယ်။ (ကြိုတင်မဲတွေ၊ ဂုံနီအိတ်မဲတွေ၊ မဲလိမ်မဲပျက်တွေ၊ သချုႋင်းကုန်းမဲတွေ၊ ပြည်ပရောက်မဲတွေ၊ ဗိုလ်ချုပ်ကြီးမဲတွေအကြောင်း မပြောနဲ့တော့။ ယုံကြည်မှုတည်ဆောက်နေတဲ့အချိန်မှာ အမြင်ချင်းမတူလို့ နားလည်မှု လွဲနေဦးမယ်)
၄။ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းပြီး ပြည်ထောင်စုသမ္မတလုပ်ပြီးသကာလ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကောင်အထည်ဖော်ကာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ထွန်းကားစေပြီး တိုင်းရင်းသားတွေအတွက်လည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ထောင်ပေးမယ်။ (စစ်တပ်က အချိန်မရွေးအာဏာသိမ်း နို်င်တာကို မပြောနဲ့။ စိတ်ကူးယဉ်နေတာ ပျက်မှာစိုးလို့)
ကြံ့မျိုးတွေက ဘာကို တွေးနေမလဲ။
၁။ ၂၀၀၈-ခု ဥပဒေကို ဒီလူတွေ အသိအမှတ်ပြုလိုက်ယင် ကျုပ်တို့ဘကြီး ကြိုးပမ်းခဲ့သမျှ အနှစ်(၂၀)ကျော်ကတော့ အလကားမဖြစ်ဘူး။ (စစ်တပ်က ရာသက်ပန်အာဏာသိမ်းပြီးသားဖြစ်ပြီ)
၂။ အာဏာရအစိုးရကတော့ ရွေးကောက်ပွဲမှာ အသားရစမြဲပါပဲ။ ကမ္ဘောဒီးယားဟွန်ဆင်တို့ကို ကြည့်ပါလား။ စစ်တပ်ကို ပိုင်ယင် အားရှိပြီး နိုင်ပါတယ်။ (၁၉၉၀-ရလာဒ် တရားဝင်ပျက်ပြီ။ ကျုပ်တို့ဘကြီးကျူးလွန်ခဲ့သမျှ ပြစ်မှုအားလုံးလည်း နိုင်ငံတကာစစ်ခုုံရုံးတက်စရာမလိုတော့ပြီ။)
၃။ အစိုးရနဲ့ လွှတ်တော်ကို ကျုပ်တို့ အပိုင်သိမ်းမယ်။ (မပိုင်ယင်နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီလက်ထဲ အပ်လိုက်မယ်)
၄။ တိုင်းပြည်ကို မိမိတို့က အမှန်တကယ်ချစ်သူများမဟုတ်လို့ ရှိသမျှသယံဇာတတွေကိုအိမ်နီးချင်းအာရှ ကျားတွေကို ဝဝလင်လင် ကြွေးပြီး မိတ်ဖွဲ့ထားမယ်။
ကဲ…ဒီနှစ် မြန်မာပြည်မှာ ရာသီဥတုလည်း မူမမှန်ဘူး။ ကြံ့ဖွတ်တွေလည်း မူမမှန်ဘူး။ အိမ်နီးချင်းတွေ လည်း မူမမှန်ဘူး။ သူတို့နဲ့ ရောပြီး ပညာရှင်အချို့လည်း မူမမှန်တဲ့လက္ခဏာ ပေါ်နေတယ်။ မူမမှန်သူများ တွေ့ရှိက နေပြည်တော်က လွှတ်တော်ကို အကြောင်းကြားပါ။ တရုတ်နဲ့ထိုင်းကို ကျွန်ခံဖို့လူလိုနေကြောင်း ပါ။