ချင်းမိုင် (မဇ္ဈိမ) ။ ။ တပ်မတော်သား လွှတ် တော်အမတ်တဦးက မြန်မာဟူသည့် ဝေါဟာရကို အကန့်အသတ် ဖြင့် သုံးစွဲရန် ဥပဒေပြုနိုင်ရေး အဆိုကို ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင်တင် သွင်းခဲ့ရာ မဲအရေအတွက် ၁ဝဝ ကျော်အကွာ ဖြင့် ရှုံးနိမ့်ခဲ့သည်ဟုလွှတ်တော်အမတ် များက ပြောသည်။
ဗိုလ်မှူးကြီး ဌေးနိုင်မှ 'မြန်မာ ကာရာအိုကေ၊ မြန်မာ အနှိပ်ခန်း၊ မြန်မာ ပျော်တော်ဆက်' စသည့်နေရာ များတွင် မြန်မာ ဟူသည့် အသုံးနှုန်း သုံးစွဲလာကြမည်မှာ မသင့်တော်ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ ဟူသည့် စကားရပ်ကို အကန့်အသတ်ဖြင့် သုံးစွဲရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်ဟုလွှတ်တော်အမတ် များက မဇ္ဈိမကို ပြောသည်။
ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂) ၏ အဆိုတွင် "မြန်မာဆိုသည့် စကားရပ်ကို မြန်မာ တမျိုးသားလုံး၏ အမျိုးဂုဏ်ဇာတိဂုဏ်၊ မြင့်မားစေရန် အလို့ငှာ ရည်ရွယ်ဖေါ်ညွှန်းသည့် ရေးသား ထုတ်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံနှင့် တိုင်းရင်းသားများ အားလုံးနှင့် သက်ဆိုင်သော မြင့်မြတ်သည့်နေရာ အသုံးအနှုန်း များတွင်သာ သုံးစွဲခွင့်ပြုရေးနှင့်အမှတ်တံဆိပ် အပါအဝင် အခြားမသင့်လျော်သော နေရာအသုံးအနှုန်း များတွင် သုံးစွဲခွင့် မပြုစေရေး ဥပဒေ တရပ် ပြဋ္ဌာန်းရန်" ဟူ၍ ပါရှိသည်။
အဆိုကို လွှတ်တော်အမတ် ခုနှစ် ဦးမှ ဆွေးနွေးရာ နှစ်ဦးမှ ကန့်ကွက်ပြီး ငါးဦးက ထောက်ခံခဲ့သည်။ ယင်းအဆိုကိုနှစ်ပိုင်း ခွဲသင့်ကြောင်း လွှတ်တော် အမတ်များမှ တင်ပြကြခြင်းကြောင့် လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှ "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန် အဆို"နှင့် "မသင့်တော်သော နေရာများတွင်သုံးစွဲခွင့် မပြုရေးအဆို" ဟူ၍ အဆိုနှစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
"မြန်မာဟူသည့် ဝေါဟာရကို အခြားမသင့်လျော်သော နေရာများတွင် သုံးစွဲခွင့်မပြုစေရေး" ကိုလွှတ်တော် မှ မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၂၅ဝ၊ ထောက်ခံမဲ ၁၃၃ နှင့် ကြားနေမဲ ၁၃ မဲဖြင့်ရှုံးနိမ့်ကာ လွှတ်တော်မှ ဆွေးနွေးရန် မသင့်သည့် အဆိုအဖြစ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နောက်တခုဖြစ်သော "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို လွှတ်တော်မှ ဆက်လက ်ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ မြင့်မြတ်သည့် နေရာ ဆိုသည်မှာ မည်သည့် နေရာကို သတ်မှတ်သည်ကို လွှတ်တော်တွင် ထပ်မံ ဆွေးနွေးကြဦးမည် ဖြစ်သည်။