သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ-မိုင်းဆိတ်မြို့နယ် ထိုင်း နယ်စပ်တလျှောက် အခြေစိုက်သော တောင် ပိုင်း ဝ တပ်ဖွဲ့ စစ်ဒေသအမှတ် ၁၇၁ ထိန်းချုပ် နယ်မြေ အတွင်းဒေသခံလူထုဘိန်းခင်းများ အား စတင်ဖျက် ဆီးလျက်ရှိ ကြောင်းနယ်စပ် သတင်းများ အရ သိရှိရပါသည်။
“အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူပြီးနောက်ပိုင်း ဘိန်းခင်းတွေကို ဖျက်နေတာ ရ-၈ ရက်လောက်ရှိပြီ။ ဘိန်းပင် တွေကို ရိုက်ချိုးပစ်တာမဟုတ်ဘူး။ အမြစ်ကနေ ဆွဲနုတ်ပစ်တာ” ဟု မိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။
မိုင်းတုံမြို့နယ် တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေအတွင်းရှိ လွယ်မန်ထောင်၊ လွယ်ပွန်တောင်း၊ လွယ်ပွန်ဖာ၊ လွယ်နမ့်လုတ်၊ လွယ်မတ်ခီနူတောင်ကျောတို့နှင့် မိန်းခစ်ရှိ ဘိန်းခင်းဧက ၁၀၀ ခန့်ဖျက်ဆီးပြီးဖြစ်ကြောင်း၊ ဘိန်း စိုက်သူ အများစုမှာ လားဟူလူမျိုးများဖြစ်ပြီး လီစူး၊ သျှမ်းနှင့် တရုတ်တို့လည်း စိုက်ပျိုးကြကြောင်း ၎င်းကဆို၏။
ဝ ထိန်းချုပ်နယ်မြေအတွင်း ဘိန်းပပျောက်ရမည် ဆိုသည့်အတိုင်း ၂၀၀၅ ခုနှစ်မှစ၍ ဘိန်းခင်းများကို ဖျက်ဆီးခဲ့ သဖြင့် ပြည်သူများလည်း ဘိန်းမစိုက်ပျိုးဝ့ံကြောင်း၊ စစ်အစိုးရနှင့် ဝ တို့ ဆက်ဆံရေးတင်း မာလာချိန် ၂၀၀၉ မှစ၍ ပြန်လည်စိုက်ပျိုးလာကြောင်း မိုင်းတုံဒေသခံ နောက်တစ်ဦးကလည်း ဤကဲ့သို့ ပြောပါသည်။
“၂၀၀၉ ကစပြီး ဒေသခံတွေ ဘိန်းပြန်စိုက်လာတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရနဲ့ဆက်ဆံရေး တင်းမာနေ တော့ ပြည်သူတွေရဲ့ ဘိန်းခင်းတွေကို ဝ တပ်ဖွဲ့က လာဖျက်မှာမဟုတ်ဘူးပေါ့။ အခုက မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတော့ မူးယစ်ဆေးဝါးကြောင့် သူတို့(ဝ)နာမည်မပျက် လိုဘူးလေ။”
မြန်မာစစ်တပ်နှင့် ၎င်းတို့လက်အောက်ခံပြည်သူ့စစ်တို့ ထိန်းချုပ်နယ်မြေဖြစ်သော သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ မောက်မယ်၊ ဆီဆိုင်၊ ပင်လောင်းနှင့် တောင်ကြီးမြို့နယ်တို့ ၌လည်း ဘိန်းစိုက်ပျိုးလာကြကြောင်း၊ ထိုဒေသဘိန်း စိုက်ခင်းများနှင့် ပတ်သက်၍ အစိုးရပိုင် မြန်မာ့သတင်းဧဂျင်စီက သြဂတ်စ် ၂၈ ရက်က ဖော်ပြခဲ့ဖူးသည်။
သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အများအပြား၌လည်း တစ်နှစ်ထက်တစ်နှစ် ဘိန်းပိုမိုစိုက်ပျိုးလာသည်ဟု ဒေသခံ များ ပြောပြချက်အရ သိရသည်။