ပြည်ထဲရေး၏ ဆန္ဒပြခွင့် ဥပဒေမူကြမ်း၊ ကော်မတီက ဖယ်ရှား

ပြည်ထဲရေး၏ ဆန္ဒပြခွင့် ဥပဒေမူကြမ်း၊ ကော်မတီက ဖယ်ရှား
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်သွင်းသည့် 'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့်' ဥပဒေမူကြမ်းတွင် ပါရှိသည့် ဆန္ဒထုတ်ဖေါ်ခွင့်နေရာ ကန့်သတ်ထားချက်ကို  အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှဖြုတ် ပစ်လိုက်သည်ဟု လွှတ်တော် အမတ်များက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတင်သွင်းသည့် အဆိုပါ ဥပဒေမူကြမ်း၏ အခန်း (၅) အပိုဒ်(က) တွင် 'အစိုးရဌာန အစိုးရ အဖွဲ့အစည်းရုံး၊ အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန ဘာသာရေးနှင့် သက်ဆိုင်သောနေရာများ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်ကမ်း၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါ နေရာတို့ကို အနှောက်အယှက် ဖြစ်စေသည့် နေရာများတွင် စီတန်းခွင့်နှင့် စုဝေးခွင့်မရှိ' ဟူသည့် ကန့်သတ်ချက် ပါရှိသည်။

သို့သော် ယင်းဥပဒေမူကြမ်းကို အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီမှ စိစစ်အပြီး ကော်မတီဝင် ဦးငွန်မောင်းမှ တနင်္လာနေ့တွင် လွှတ်တော်သို့ ပြန်လည် တင်ပြရာတွင် မပါဝင်တော့ဟု အမတ်များက မဇ္ဈိမကိုပြောသည်။

lotdaw96
ဥပဒေမူကြမ်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် တို့အတွက် သက်ဆိုင်ရာ အထွေအထွေ အုပ်ချုပ်ရေးမှူးထံတွင် ခုနှစ် ရက်ကြိုတင် အကြောင်းကြားကာ ခွင့်ပြုချက်ရယူရမည်ဟု ပါရှိပြီး စီတန်း လှည့်လှည်ခွင့် ပြုမပြု ဆုံးဖြတ်ချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ဟုလည်း ပါရှိသည်။

ဥပဒေမူကြမ်းပါ အထက်ပါ အချက်နှင့် ပတ်သက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုချက် မပေးပါက၊တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ် ရဲထပ်ဖွဲ့မှူးထံသို့ ထပ်မံ တင်ပြနိုင်သည်ဟုလည်း ဥပဒေကြမ်း ကော်မတီက ပြင်ဆင်လိုက်
သည်။

ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် အမတ်များ အနေဖြင့် စက်တင်ဘာ ၂၉ ရက်နေ့
နောက်ဆုံးထားကာ လွှတ်တော်ရုံးသို့ စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

အင်္ဂါနေ့ အထက်လွှတ်တော် ဆွေးနွေးပွဲတွင် လွှတ်တော်အမတ် ဦးမောင်စောဖြူမှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းလယ်ယာမြေ ဧက ၁၅ဝ ကို ဒေသခံ စစ်တပ်နှင့် ကုမ္ပဏီများမှ သိမ်းယူမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် လယ်ယာမြေနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်မှ တောင်သူလယ်သမားများ အကျိုးကို ရှေ့ရှု လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြေကြားသွားသည်။

အထက်လွှတ်တော်၏ ဆွေးနွေးပွဲတွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ လွှတ်တော်အမတ်များ လွှတ်တော်အတွင်း သုံးနှုန်းပြောဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ မသင့်တော်သည်များကိုမိမိတဦး တည်းက ဝင်ရောက် ဟန့်တားနေရပြီး လွှတ်တော် အမတ်များမှလည်း မသင့်တော်ဟု ယူဆသည့် အသုံးအနှုန်းများကို ကိုယ်တိုင် ကန့်ကွက်နိုင်ကြောင်း ပြောသွားသည်ဟု သိရသည်။

အထက်လွှတ်တော်တွင် ဆွေးနွေးနေသည့် မေးခွန်းများနှင့် အဆိုများသည် ကုန်သလောက် ရှိနေပြီဟု အမတ်များက ခန့်မှန်းနေကြပြီး အထက်လွှတ်တော် စည်းဝေးပွဲကို ဗုဒ္ဓဟူးနေ့တွင် တရက် ရပ်နားမည် ဖြစ်သည်။