ဒေါ်လာစျေး ပြန်တက်

ဒေါ်လာစျေး ပြန်တက်
by -
ထွန်းထွန်း

နယူးဒေလီ(မဇ္စျိမ) ။       ။ မြန်မာနိုင်ငံတွင်သက် တမ်းလွန် ကားများ ကားသစ်လဲ တင်သွင်းခွင့် ပြုလိုက်သည့် နောက်  အမေရိကန် ဒေါ်လာစျေးများ ပြန်လည် ထိုးတက်သွားရာ သောကြာနေ့တွင် အမေရိကန် ဒေါ်လာနှင့်မြန်မာငွေလဲနှုန်းမှာတဒေါ် လာလျင် ကျပ် ၈၃ဝ ဝန်းကျင်သို့ ရောက်ရှိသွား သည်။

Dollar

သက်တမ်းလွန် ကားများ ဖျက်ဆီးပစ်ရန် ယာဉ်သက်တမ်း နှစ် ၂၀ နှင့် အထက်ရှိ ကားဟောင်းအား ပြန်လည် အပ်နှံပါက အမေရိကန် ဒေါ်လာ ၅,၀၀၀ ထက် မပိုသည့် ကားများ တင်သွင်းခွင့် ပါမစ်တခု အစားထိုးပေးမည်ဟု  ပို့ဆောင်ရေး၊ မီးရထားနှင့်၊ စက်မှု ၂ ဝန်ကြီး သုံးဦးက စက်တင်ဘာ ၁၁ နေ့တွင် သတင်းစာရှင်းလင်း ပွဲဖြင့်ကြေငြာခဲ့သည်။

အစောပိုင်းက ထွက်ရှိသော ညွှန်ကြားချက် တခုတွင် အမေရိကန် ဒေါ်လာ ၃,၅၀၀ ထက်မပိုသော ကားများကို သွင်းရန် ကန့်သတ်ခဲ့သော်လည်း ကန့်သတ်ချက်ကို မြှင့်တင်မှုမှာ သတင်းစာရှင်းလင်းပွဲတွင် အတည်ဖြစ်သွားခဲ့သည်။

ထို့ပြင် အစိုးရဘဏ်များတွင် တရားဝင် နိုင်ငံခြားငွေ စုဆောင်းထားရှိပါက နိုင်ငံခြားတွင် တရားဝင် သွားရောက် အလုပ်လုပ်နေသူများနှင့် သင်္ဘောသားများ အပါအဝင် နိုင်ငံခြား ပို့ကုန် လုပ်ငန်း၊ ဟိုတယ် ခရီးသွား လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း မော်တော်ယာဉ် ဝယ်ခွင့်ပါမစ် ခွင့်ပြုပေးသွားမည် ဖြစ်သည်။

ထိုအစီအစဉ်အရ ကားဟောင်းများ စတင်လက်ခံသည့် စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှာပင် ဒေါ်လာစျေးနှုန်းမှာ ကျပ် ၈၉ဝ သို့ တက်သွားခဲ့သည်။ ထို့နောက် စျေးပြန်ကျလာပြီး ကျပ် ၈၄ဝ ဝန်းကျင်တွင် အတက်အကျဖြစ်နေခဲ့သည်။ သောကြာနေ့တွင် တဒေါ်လာလျှင် ဝယ်စျေး ၈၃ဝကျပ် နှင့် ရောင်းစျေး ၈၁၅ ကျပ် ဖြင့် စျေးဖွင့်ခဲ့သည်။

“စျေးကွက် ကျဉ်းတော့ အဝယ်နည်းနည်း အေးတာနဲ့  ချက်ချင်းကျတယ်၊ စျေးအရမ်း ကစားတော့ မခွာလို့ မရတော့ဘူး။ တနေ့ကို သုံး လေး မျိုး ပြောင်းနေတာ” ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ နိုင်ငံခြားငွေ ဝယ်ရောင်းလုပ်ငန်းရှင် တဦးက ပြောသည်။

ဝယ်လိုအားကို လိုက်၍ တရက်အတွင်း ငွေလဲနှုန်း မကြာခန ပြောင်းလဲနေသဖြင့် ဝယ်စျေးနှင့် ရောင်းစျေးမှာ ၁၅ ကျပ်ခန့် ကွာဟသွားခဲ့ကြောင်း  သူက ဆိုသည်။ ပုံမှန်အားဖြင့် ဝယ်စျေး၊ရောင်းစျေးတွင် အများဆုံး ငါး ကျပ်ခန့်သာ ကွာဟလေ့ ရှိသည်။

၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်ကာ တစစ ကျဆင်းလာခဲ့သည့် ပြည်တွင်း ဒေါ်လာစျေးမှာ သြဂုတ်အတွင်း တဒေါ်လာလျှင် ကျပ် ၆၈၀ သို့ စံချိန်တင် ကျဆင်းသွားခဲ့ပြီး ပို့ကုန် လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း ဌာနများ၊ ပြည်ပတွင် အလုပ် လုပ်ကိုင်သူများနှင့် ပြည်တွင်းရှိ FEC လခစားများ အထိနာခဲ့သည်။

ထို့နောက် ပြည်ပပို့ကုန် လုပ်ငန်းများကို ပို့ကုန်ခွန် ကင်းလွတ်ကာ အမြတ်ခွန် နှစ် ရာခိုင်နှုန်းသာ ပေး ဆောင်စေပြီးပြည်တွင်း၊ ပြည်ပမှ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ ခြောက်လ တာ လျှော့ချရန် သြဂုတ်လ ၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ငွေလဲနှုန်း တရားဝင် သတ်မှတ်ရန် စီစဉ်နေဆဲမှာပင် ကမောက်ကမ ဖြစ်နေသည့် ဒေါ်လာစျေးကို ဦးမော့ လာစေရန်  ကားတင်သွင်းခွင့်ဖြင့် တဘက်တလမ်း ကုစားခြင်း ဖြစ်ကြောင်း စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

“ဒါကတော့ ရေတိုပေါ့၊ ရေရှည်အတွက် နိုင်ငံခြား ကုန်သွယ်ရေး လွပ်လပ်ခွင့် ပေးနေတာတွေ ဒါတွေလည်း တွဲလုပ်နေတာပဲ။ ရေတိုက မလုပ်ဘဲနဲ့လည်း ထားလို့မရဘူး”ဟု ဦးခင်မောင်ညိုက မဇ္စျိမကို ပြောသည်။

ဒေါ်လာစျေး အပြောင်းအလဲမှာ ကားပါမစ် ကိစ္စတွင် မူတည်နေကြောင်းကို ဦးခင်မောင်ညို (ဘောဂဗေဒ) က “ကားဝယ်လို့ မြတ်မယ်လို့ ယူဆနေသရွေ့ တက်နေမှာပဲ၊ တနေ့နေ့ ကားဝယ်လို့ မမြတ်တော့ဘူး ဆိုတာကိုရောက်သွားမယ်လို့ ယူဆတယ်” ဟု ဆိုသည်။

ကားပါမစ်အတွက် စျေးကွက်အတွင်း ရောင်းဝယ်နေသည့် ဒေါ်လာ ဝယ်လိုအားအရ အမေရိကန် တဒေါ်လာ လျှင် ကျပ် ၉၀၀ အထက်သို့ ရောက်ရန် မလွယ်ကူသေးကြောင်း စီးပွားရေး သတင်းများ ထုတ်ဝေခဲ့သည့် ရန်ကုန် အခြေစိုက် မြန်မာဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။

“လိုနေတဲ့ နိုင်ငံခြားငွေ ဝယ်လိုအားက သန်းရာဂဏန်း ကျော်တယ်၊ တကယ်ရှိနေတဲ့ (ဝယ်လိုအား)  ဒေါ်လာက နည်းလည်းလေးဘဲ ဆိုတော့ အဲဒါကို အများကြီး ဆွဲတင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဦးသီဟစောက ပြောသည်။

ဒေါ်လာစျေး ပြန်လည် မြင့်တက်စေရန် ပြည်တွင်းစျေးကွက်မှ ဒေါ်လာများ ဝယ်နိုင်ကြောင်းနှင့်လဲလှယ်နှုန်း ထားကို တဒေါ်လာလျှင် ကျပ် ၉ဝဝ မှ ၁,ဝဝဝ အကြား ပြောင်းလဲ သတ်မှတ်ရန် သမ္မတ အကြံပေး အဖွဲ့ဝင် စီးပွားရေး ပညာရှင် ဦးမြင့်၏ “ မြန်မာကျပ်ငွေ လဲလှယ်နှုန်း” စာတမ်းတွင် ထည့်သွင်း အကြံပြုထားသည်။

ထိုစာတမ်းကို မြန်မာအဆင့်မြင့် အာဏာပိုင်များသို့ ဇွန် ၂၅ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် တင်ပြထားခဲ့ပြီး နေပြည်တော်၌ သြဂုတ်လအတွင်း ကျင်းပခဲ့သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သေးသည်။

ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်ရန်အတွက် နည်းလမ်းရှာ အကူညီပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များ အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

တဒေါ်လာ ခြောက် ကျပ်နှုန်းကျော် သတ်မှတ်ထားသည့် တရားဝင် ငွေလဲနှုန်း ပြောင်းလဲမှုကို ခြောက်လ အတွင်းဆောင်ရွက်ဖွယ် ရှိကြောင်းကို ဦးသီဟစောက “အခွန်လျှော့ပေးတာ ခြောက်လ သတ်မှတ်ထားတော့ ဒီခြောက် လ အတွင်းမှာတော့ သူတို့အပြောင်းအလဲ ဖြစ်လာအောင် လုပ်မယ်လို့ထင်ပါတယ်”ဟု ပြောဆိုသည်။