ဇိဏ်းလျောဂီတအဖွဲ့တွင် တေးရေးဆရာ/ အဆို တော် ဆခဟ အမည်ဖြင့်လည်းကောင်း၊သျှမ်းသံ တော်ဆင့် သတင်းစဉ်တွင်လက်ထောက် အယ်ဒီတာ ဦးစိန်ကြည် ဟုလည်းကောင်း လူသိများသည့်မျိုးချစ် ပုဂ္ဂိုလ် စိုင်းဆဲန်ဇင့်၏ စျာပနအခမ်းအနားသို့ နိုင်ငံရေး အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းနှင့် အသိမိတ်ဆွေ နှစ်ထောင်ခန့် တက်ရောက်ခဲ့သည်။
စိုင်းဆဲန်ဇင့်(အသက် ၅၉ နှစ်)၏ ကျန်ရှိရုပ်အလောင်းအား ယမန်နေ့(စက်တင်ဘာ ၂၂ ရက်) မွန်းလွဲ ၁:ဝဝ နာရီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်ပါပေါက် ဘုန်းကြီးကျောင်းမှ ဆန်ဂူလိတ် သုဿာန် သို့ပို့ဆောင်မီးသဂြိုလ် ခဲ့သည်။
“စိုင်းဆဲန်ဇင့်ရဲ့ ရုပ်အလောင်းကို သုဿာန်ဆီ သွားပို့တဲ့ ပရိတ်သတ်တွေ အရမ်းများလို့ ယာဉ်ထိန်းရဲတောင် အံ့သြပြီး သေ သွားတဲ့သူက ဘယ်သူလဲလို့တောင်မေးတယ်” ဟု စျာပနအခမ်းအနားတက်ရောက်သူတစ်ဦးက ပြောပါသည်။
စျာပနအခမ်းအနား၌ စိုင်းဆဲန်ဇင့်၏ အတ္ထုပ္ပတ္တိ(ကိုယ်ရေးရာဇဝင်အကျဉ်း) ဖတ်ကြားပြီးနောက် သံဃာတော် ၅၉ ပါးအား သင်္ကန်းကပ်လှူခဲ့သည်။ ထို့နောက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁၀၀ ကျော်အနက် ထိုင်းနိုင်ငံ ဘန်ကောက်ရောက် တက္ကသိုလ်ကျောင်းသား(သျှမ်းသံဃာတော်များ)၊ ဇိဏ်းလျောဂီတအဖွဲ့၊ သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ/ သျှမ်းပြည် တပ်မတော်(RCSS/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နှင့် မြန်မာ့သတင်းသမဂ္ဂ(Burma Media Association-BMA)တို့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ ဖတ်ကြားခဲ့၏။
ဆခဟ၏ အကျော်ကြားဆုံးသီချင်းတစ်ပုဒ်ဖြစ်သော “လွီး” (ပင်လယ်ကိုကူးသူ)သီချင်းဖွင့်ကာ သံဃာတော်နှင့် ပရိတ်သတ် အားလုံး မတ်တပ်ရပ်၍ ၅ မိနစ်ခန့်ငြိမ်သက်ပြီး ၎င်းအားဂုဏ်ပြုခဲ့သည်။
“သူဆုံးသွားတာ သျှမ်းပြည်သားတွေအတွက် နစ်နာမှုတစ်ခုဘဲ။ သူ့ကိုလူတွေက တော်တော့ကိုချစ်ခင်လေးစား ကြတယ်။ လူတွေမပြောနဲ့ တချို့သံဃာတော်တွေတောင် မျက်ရည်ကျတယ်”ဟုစျာပနအခမ်းအနားတက် ရောက်သူ ကျောက်မဲသား တစ်ဦးက ပြောပါသည်။
ထို့နောက် ဇိဏ်းလျောဂီတအဖွဲ့(Freedom Way Band)မှ စိုင်းသာဦးနှင့် သျှမ်းသံတော်ဆင့်သတင်းစဉ်မှ အယ်ဒီတာ ဦးခွန်စိုင်းတို့က နောက်ဆုံးအနေဖြင့် နှုတ်ဆက်အမှာစကားပြောကြားခဲ့၏။ တက်ရောက်လာသော ထောင်ချီပရိတ်သတ်က ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် စန္ဒကူးပန်းဖြင့် ပို့ဆောင်နှုတ်ဆက်ပြီးနောက် စိုင်းဆဲန်ဇင့်၏ ရုပ်အလောင်းအား မွန်းလွဲ ၃ နာရီကျော်ခန့် မီးသဂြိုလ်ခဲ့သည်။
ဆခဟ/ဦးဆဲန်ဇင့်အား ချစ်ခင်လေးစားသော ရန်ကုန်၊ မန္တလေး၊ ရွှေလီ၊ မူစယ်၊ နမ့်ခမ်းအပြင်အမေရိကန်နိုင် ငံ ဝါရှင်တန်ဒီစီ၊ သီရိလင်္ကာနိုင်ငံ သီဟိုဠ်မြို့၊ ဂျပန်နိုင်ငံမှ ခင်မင်ရင်းနှီးသော မိတ်ဆွေသင်္ဂဟများ၊ တေးချစ်သူ ပရိသတ်များက ၎င်းအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်အလှူဒါနပြုလုပ်ပေး ခဲ့ကြသည်။
သျှမ်းဘာသာစာပေတို့၌ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သူ စိုင်းဆဲန်ဇင့် ခေါ် ဆခဟ သည် ၁၉၅၂ ခု နိုဝင်ဘာ ရ ရက်၌ သျှမ်းပြည်အရှေ့ပိုင်း မန်းလိန်းနယ် မန်းဆိုင်ကျေးရွာအုပ်စု မန်းဆိုင်ရွာ (ယခု ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး အတွင်းတည်ရှိ)၌ မွေးဖွားခဲ့သည်။ စိုင်းဆဲန်ဇင့်သည်အသဲကင်ဆာ ရောဂါဖြင့် စက်တင်ဘာ ၁၅ ရက် နံနက် ၉:၄၅ နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆွန်ဒေါက်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။