နိုင်ငံရေး သီချင်းဖွင့်သူ သုံးဘီး ဒရိုင်ဘာအား တရားရုံးက ကျပ်ငွေ ၆၅၀၀၀ ဒဏ်ရိုက်

နိုင်ငံရေး သီချင်းဖွင့်သူ သုံးဘီး ဒရိုင်ဘာအား တရားရုံးက ကျပ်ငွေ ၆၅၀၀၀ ဒဏ်ရိုက်
by -
နိရဥ္စရာ သတင်းဌာန

ပြည်ပမှ ထုတ်လုပ်သော နိုင်ငံရေး သီချင်းဖွင့်၍ ဖမ်းဆီး တရားစွဲခံရသူ စစ်တွေမြို့မှ ထွန်းထွန်းစိုး အား စစ်တွေမြို့နယ် တရားရုံးမှ ယခုလ ၁၉ ရက် နေ့က ငွေ ၆၅၀၀၀ ကျပ် ဒဏ်ရိုက်လိုက် သည်ဟု သတင်း ရရှိသည်။

sittwe-taxi-by-narinjara
ထွန်းထွန်းစိုး အမူအား အမှတ်(၁)ရဲစခန်းရှိ ဒုရဲအုပ် ဒေါင်းဝင်းမှ အမှူတည်ဆောက်ပြီး စစ်တွေမြို့နယ်တရားရုံး တွင် တရားစွဲဆိုခဲ့ရာ စက်တင်္ဘာလ ၁၉ ရက်နေ့က မြို့နယ် တရားသူကြီးမှ ထိုသိုု့ ဒဏ်ငွေ (၆၅၀၀၀) ကျပ် ရိုက်ပြီး ပြစ်ဒဏ်ကို စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရိုက်ခံ ရသူ မောင်ထွန်းထွန်းစိုး သူငယ်ချင်း တစ်ဦး သူ့အမြင်ကို ယခုလို ပြောသည်။

" တကယ်ဆိုယင် ဒီအမှုဟာ ပြစ်ဒဏ် (၇) ရက် (သို့မဟုတ် ) ဒဏ်ငွေ(၅၀၀၀) (သို့) ပြစ်ဒဏ် (၂) ရပ်လုံး ကျခံရန်သာရှိပေမဲ့ အခု ကျပ်ငွေ ၆၅၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။ ဒါဟာ လုံးဝ မတရားလို့မြင်ပါတယ်။ လဲရာ ဖိထောင်းတဲ့ သဘော ဖြစ်ပါတယ်" ဟု ပြောသည်။

ထွန်းထွန်းစိုးသည်် ယခုလ ၁၀ ရက်နေ့က ပြည်ပ အတိုက်အခံ အဖွဲ့အစည်းမှ ထုတ်သော နပန်းဆန်သီချင်း အား ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး သုံးဘီး ဆိုင်ကယ် မောင်နှင်မူကြောင့် စစ်တွေ အမှတ် (၁) ရဲစခန်းမှူး ဦးမြို့ဆွေမှ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် သူ့အား အဆိုပါ သီချင်းအား ဘယ်က ရပါသလဲဟု စစ်ဆေး မေးမြန်းခဲ့သည်။ ထွန်းထွန်းစိုးမှ တရားသီးစု ရပ်ကွက် လမ်းမကြီးတွင် ဖွင့်လှစ်ထားသော ဆုလာဘ် ကွန်ပျူတာ မိတ္တူဆိုင်မှ ရကြောင်းဝန်ခံခဲ့ သည်ဟု သိရပါသည်။ အဆိုပါ ညနေပိုင်း (၇) နာရီတွင် မောင်ထွန်းထွန်းစိုးအား လက်ထိပ်ခတ်ပြီး ဆုလာဘ် မိတ္တူဆိုင်ကို ခေါ်ယူသွားပြီး ကွန်ပျူတာ ဆရာမောင်စံကျော်နှင့် ကွန်ပျူတာ နှစ်လုံးကို သိမ်းယူပြီး ရဲစခန်းကို ခေါ်ယူသွားခဲ့ပါသည်။

ညဉ့် ၁၂ နာရီထိ ကွန်ပျူတာကို စစ်သော်လည်း ကွန်ပျူတာထဲမှ သီချင်းကို မရရှိသဖြင့် ညဉ့် (၁) နာရီတွင် ဆရာ မောင်စံကျော်အား ပြန်လွှတ်ပေးလိုက်ပါသည်။

မောင်ထွန်းထွန်းစိုးအား နပန်ဆန် သီချင်းနှင့် ပြစ်မူ စွဲတင်ရန် မရသဖြင့် အရက်အနည်းငယ် သောက်ထား သည်ကို အကြောင်းပြပြီး ပုဒ်မ ၄၇ သောက်စား မူးယစ်မူဖြင့် တရားစွဲဆိုခဲ့သည်။

မောင်ထွန်းထွန်းစိုးအား ဖမ်းဆီးသည့် စက်တင်္ဘာလ ၁၀ ရက်နေ့ ညဉ့်တွင်ပင် စခန်းမှူး ဦးမြို့ဆွေမှ ကျပ်ငွေ (၅၀၀၀၀) လာဒ်ယူပြီး လွတ်ပေးလိုက်သည်။ ရဲသားများကလည်း သူ့ဆိုင်ကယ် တိုင်ကီမှ ဓါတ်ဆီ (၃) လီတာကို ခိုးယူထားလိုက်သည်ဟု သိရသည်။

" အခုက တရားရုံးမှာ ၆၅၀၀၀ ကျပ် ဒဏ်ရိုက်တယ်။ စခန်းမှူး ဦးမြို့ဆွေကနေ ကျပ် ၅၀၀၀၀ အာမခံရဖို့ လာဒ်ယူတယ်ဆိုတော့ သူ့မှာ ငွေ တစ်သိန်းကျော်ထိ ကုန်သွားတယ်။ အမှန်တော့ နပန်းဆံ သီချင်းကို ဖွင့်တဲ့ အတွက် ခုလို အနိုင်ကျင့်ခံလိုက်ရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

( ယခင် ထွန်းထွန်းစိုး သတင်းတွင် နပန်းဆန် သီချင်းအစား မအေး နှစ်ပြား မတန် သီချင်းဟု မှားယွင်း စွာ ရေးသား ဖေါ်ပြပါရှိ သွားခြင်း အပေါ် တောင်းပန်အပ်ပါသည်။)

Most read this week