နယူးဒေလီ(မဇ္စျိမ) ။ ။ အငြင်းပွားနေသည့် မြစ်ဆုံဆည်စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို လွှတ်တော်တခုတည်းဖြင့်ဆုံးဖြတ်မည် ဆိုပါက မျှတသည့်ဆုံးဖြတ်ချက်ဖြစ်မည် မဟုတ် ကြောင်း ရွေးကောက်ပွဲဝင် ဒီမိုကရေစီမိတ်ဆွေ များပါတီ အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီ RNDP က ပြောသည်။
“လွှတ်တော်တခုတည်းနဲ့ ဆုံးဖြတ်မယ်ဆိုရင် မျှတမယ်လို့ မထင်ဘူး။ လွှတ်တော်မှာ ကြီးစိုးထားတာက ပါတီကြီး ဆိုတော့ အဲဒီပါတီကြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တဦးချင်း လွတ်လပ်မှုအနေအထားကို ဘယ်လိုမှ အာမခံနိုင်တဲ့ အနေအထားမရှိဘူး” ဟု RNDP ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစောက မဇ္စျိမကို ပြောသည်။
မြစ်ဆုံဆည်စီမံကိန်းကို သီးခြားကင်းလွတ်သည့် ပညာရှင်များဖြင့် ကဏ္ဍပေါင်းစုံမှ ပြန်လည်သုံးသပ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ပြည်သူများထံ အသိပေးကာ ဆက်လက် လုပ်ဆောင်သင့် မလုပ်ဆောင်သင့်ကို ဆုံးဖြတ်ရန် RNDP ပါဝင်သည့် ဒီမိုကရေစီ မိတ်ဆွေများ ၁ဝ ပါတီက အစိုးရကို အင်္ဂါနေ့တွင် ကြေငြာချက် ထုတ် တိုက်တွန်း ခဲ့သေးသည်။
RNDP ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ ဖလုံ-စဝေါ်၊ ချင်းအမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ပူးပေါင်း မဟာမိတ်ဖွဲ့ထားသည့် ဒီမိုကရေစီမိတ် ဆွေများက ပူးတွဲကြေငြာချက် ထုတ်ခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်က အမတ်တွေက ပညာရှင်လည်းမဟုတ်ဘူး တချို့က မဲသာပေးလိုက်ကြမယ်မြစ်ဆုံအကြောင်း ကို ဂဃနဏ သိချင်မှသိနိုင်မယ် လွှတ်တော် အမတ်ဆိုတာလည်း လူတန်းစားအမျိုးမျိုးကိုး” ဟုလွှတ်တော်ခု တည်း သာမက ပညာရှင်များ၏ အသံလည်း လိုအပ်ကြောင်း ဦးလှစောက ပြောသည်။
ပညာရှင်များ၏ ပြောဆိုချက်အရ ငလျင် အန္တရာယ်ကြံုနိုင်သည့် စစ်ကိုင်းပြတ်ရွေ့အနီး တည်ဆောက်မည့် မြစ်ဆုံဆည် အတွက် တရုတ်ကုမ္ပဏီ၏ နည်းပညာ အရည်အသွေးကိုလည်း သံသယရှိကြောင်း ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ပြောဆိုထားသည်။
နည်းပညာ အားနည်ချက်များကို တရုတ်ပြည်၌ ၁၉၇၅ ခုနှစ်တွင် ရှီမန်တန်နှင့် ဘန်ကွီယိုဆည်များ ကျိုးပေါက်ခဲ့မှုကြောင့် လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့မှုများကို သာဓကပေး ထောက်ပြထားသည်။
တရုတ်ပြည် အလယ်ပိုင်း ဟီနန်ပြည်နယ်အတွင်းရှိ ထိုဆည်များမှာ ၁၉၇၅ သြဂုတ်လတွင် တိုက်ခတ်ခဲ့သည့် နာနီ တိုင်ဖွန်း မုန်တိုင်းကြောင့် မိုးသည်းထန်းစွာရွာသွန်းပြီး ဆည်ရေလျှံကာ ကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တရုတ်ပြည်တွင်းရှိ မဲခေါင်မြစ်ဖျားတွင် ဆည်ကြီများ တည်ဆောက်မှုကြောင့် မဲခေါင်မြစ်ရေ ကောင်းစွာ မရတော့သည့် လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားနိုင်ငံများက တောင်းဆို ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လုပ်ငန်းပမာဏ ကြီးမားပြီး မြစ်ဆုံဆည်ကဲ့သို့ နိုင်တော်အဆင့် အရေးပါသည့် စီမံကိန်းများတည်ဆောက်ရာ တွင် အချက်အလက် အပြည့်အစုံ ရှင်းလင်းကာ စီမံကိန်း ဒေသခံများနှင့် ပြည်လူလူထု တရပ်လုံး၏ ဆန္ဒဖြင့်သာ လုပ်ဆောင်သင့်ကြောင်း ပြောဆိုထားသည်။ စစ်အစိုးရလက်ထက်တွင် စတင်ခဲ့သည့် မြစ်ဆုံ စီမံကိန်း သဘောတူချက်ကို လက်ရှိ အစိုးရသစ်က ဆက်လက် အကောင်အထည်ဖော်ရာတွင် “အရင်ကလိုမျိုး ငါတို့ ရွှေ့လို့ မရေတော့ဘူး ဖြစ်ချင်ရာဖြစ်ကွာ ဆက်လုပ်မှာဆိုတာမျိုး လုပ်လို့မရတော့ပါဘူး” ဟု ဦးလှစောက ပြောသည်။
မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု ပြောဆိုခဲ့သူ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းက လွှတ်တော်နှင့် အစိုးရအဖွဲ့၏
မူဝါဒ အဆုံးအဖြတ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၁၇ ရက်နေ့ကကျင်းပခဲ့ သော “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲ၌ ပြောဆိုသွားခဲ့သည်။
ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။ ဆည်စီမံကိန်းအတွက် မေခမြစ် အပိုင်းတွင် တာငါးခု၊ မလိခမြစ်တွင် နှစ်ခု ပိတ်ရမည်ဖြစ်ကာ ဆည်နယ်မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,ဝဝဝ ရှိပြီး စကာင်္ပူနိုင်ငံထက် ကျယ်ဝန်းသည်။
ထွက်ရှိသည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံက ၉ဝ ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီး ဌာနနှင့် တရုတ် China Power Investment Corporation –CPI တို့ အကျိုးတူဆောင်ရွက်နေရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆေက်မှုလုပ်ငန်း စတင်သည်။