မြောက်ပိုင်း SSA နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

မြောက်ပိုင်း SSA နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်
by -
ဇော်ကြီး

အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန်  ကြေငြာချက် ထုတ်ပြန်ခဲ့သည့် တစ်လကျော် ကာလအတွင်း တစုံတရာ ပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းမရှိသည့် အပြင် ဒေသတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်ဟု မြောက်ပိုင်း SSA ကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ်အတွင်း ယမန်နေ့ည သန်းခေါင်ယံအချိန်က နှစ်ဖက်တပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ SSA/ SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက အခုလို ပြောသည်။

nmg-news-pt-15

“မနေ့ည (၁၂) နာရီကနေ ဒီနေ့မနက် (၁) နာရီအထိ နမ့်ပေါင်ရွာနားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။အဲဒီတို်က်ပွဲ မှာ အစိုးရတပ်က အများအပြား ဒဏ်ရာရရှိသွားတယ်။ ကျနော်တို့ဖက်က သူတို့ရဲ့ အလောင်း(၆)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရလိုက်တယ်ခင်ဗျ။”

နမ့်ပေါင် ကျေးရွာအနီး ရောက်ရှိနေသည့် SSA တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်လာသည့် ခြေလျင်တပ်ရင်း ခလရ (၂၉၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို ၎င်းတို့အဖွဲ့မှ ခြံုခို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆက်လက်ပြော ဆိုသည်။

တိုက်ပွဲတွင် အစိုးရတပ် ဖက်က ကျဆုံးသူများ နှင့်အတူ MA-1 အမျိုးအစား လက်နက် (၃) လက်၊ (M-79) ပူးတွဲတပ်ဆင်ထားသည့် MA-4 (၁)လက်၊ MA-1 နှင့် MA-4 ကျည်အိမ် (၁၆) ခုနှင့် ယင်းကျည် (၄၅၀)ကျော်၊ နင်းမိုင်း (၄) လုံး၊ လမ်းလျှောက် စကားပြောစက် (၁) လုံးနှင့် မြန်မာကျပ်ငွေ နှစ်သောင်းခန့်သိမ်းဆည်းရ မိသည်ဟု SSA/ SSPP က သတင်းထုတ်ပြန် ထားသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြုချက် မရရှိသေးပါ။

ပြည်ထောင်စု အစိုးရအဖွဲ့၏ သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်ကို SSA တပ်ဖွဲ့က ကြိုဆို လိုက်သော်လည်း ယနေ့အချိန်ထိ တစုံတရာဆက် သွယ်မှု မရရှိသေးသည့်အပြင် အစိုးရတပ်က လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်နေသည့် အတွက် ခုခံတိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

ထို့အပြင် အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်တွေ့ အကောင်အထည် ဖော်မည်ဆိုပါက ဦးစွာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးမှသာ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာ သင့်သည်ဟု ဆက်လက် ပြောဆိုသည်။

အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရသာ ဆွေးနွေးမည်ဟု ပြောဆိုခဲ့သည့်အပေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား တပ်ဖွဲ့များက လက်မခံနိုင်ကြောင်း ငြင်းဆိုထား သည်။

လောလောဆယ် တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲစေရေးအတွက် ဒေါ်အောင်ဆန်း စုကြည်နှင့် စာရေးဆရာကြီး ဒဂုန်တာရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ် များက ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

Most read this week