မြစ်ဆုံစီမံကိန်းကို သီးခြားလွတ်လပ်သော ပညာရှင်များနှင့် ပြန်လေ့လာသင့်

မြစ်ဆုံစီမံကိန်းကို သီးခြားလွတ်လပ်သော ပညာရှင်များနှင့် ပြန်လေ့လာသင့်
by -
ခိုနူမ်ထုန် သတင်းဌာန

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောင်ရွက်ရန် သင့်မသင့်ကို သီးခြားလွတ်လပ်သော ကျွမ်းကျင်သူပညာရှင်များ နှင့်  ပြန်လည် ဆန်းစစ် လေ့လာသင့်ကြောင်း ချင်း အမျိူးသားပါတီ အပါအဝင် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ထုတ်ဖော် ပြောဆို လိုက်သည်။

Myitsone-Dam-project-art၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ဒီမိုကရေစီမိတ်ဆွေပါတီများသည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ယခုလ ၁၈ ရက်နေ့က ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြပြီး ယနေ့ထပ်မံ တွေ့ဆုံကာ ၎င်းတို့၏ သဘောထားကို ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

‘‘ မြစ်ဆုံစီမံကိန်းအား သီးခြားလွတ်လပ်သော ကျွမ်းကျင်ပညာရှင်များဖြင့် ကဏ္ဍစုံမှ စီစစ်လေ့လာပြီး ဆက်လက် ဆောင်ရွက် သင့်မသင့် အကဲဖြတ်မှုကို အမြင်မတူသည့်ဘက် နှစ်ဘက်စလုံးအတွက်ချင့်ချင့် ချိန်ချိန်၊ ကျယ်ကျယ်ပြန့် ပြန့်စဉ်းစား အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပမာဏ အလွန်ကြီးမားသော မြစ်ဆုံစီမံကိန်း တည်နေရာသည် စစ်ကိုင်း ငလျင်ပြတ်ရွှေ့ကြော အနီးတွင် တည်ရှိသည် သာမက တာဝန်ယူ တည်ဆောက်နေသော တရုတ် ကုမ္ပဏီများ၏ လုပ်ငန်းဆိုင်ရာ အဝဝကိုလည်း ဆန်းစစ်လေ့လာရန် လိုအပ် ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လွန်ခဲ့သည့် ၁၉၇၅ ခုနှစ်က ရှီမန်တန် နှင့် ဘန်ကွီယို ဆည် ၂ ခု ကျိူးပေါက်ခဲ့ မှုကြောင့် လူ ၂ သိန်း ၄ သောင်းခန့် သေကြေခဲ့သော အဖြစ်အပျက်ကို ရည်ညွန်းကာ ထောက်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် မြစ်ဆုံစီမံကိန်း နှင့် ပတ်သက်သည့် အချက်အလက်များ၊ ပညာရှင်များ၏ ကောင်းကျိုး ဆိုးကျိုး အကြံပြုချက်များ ကို ပြည် သူလူထု အသေးစိတ် ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန် နိုင်ငံတော်အစိုးရက အချိန်မီ ထုတ်ပြန် ပေးရန် လိုသည်ဟုလည်း တိုက်တွန်းထားသည်။

နောင်အခါတွင် ယခုကဲ့သို့ ကြီးမားသော စီမံကိန်းကြီးများ အကောက်အထည် ဖော်ဆောင်တော့မည်ဆိုပါက စီမံကိန်း ဒေသခံများ နှင့် ပြည်သူလူထုတရပ်လုံး၏ ဆန္ဒကို အခြေပြု စဉ်းစားရန်လည်း အလေးအနက် တိုက်တွန်း ထားသည်။

ယခုထုတ်ပြန်သော ဒီမိုကရေစီမိတ်ဆွေများပါတီ၏ ထုတ်ပြန်ချက်တွင် မြစ်ဆုံ ရေကာတာကိုဆက်လက်တည် ဆောက် ရေး မတည်ဆောက်ရေးဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့သဘော ထားကိုရှင်းရှင်းလင်းလင်း ဖော်ပြ ထားခြင်းမရှိပေ။

သို့သော်လည်း ချင်းအမျိူးသားပါတီ အထွေထွေအတွင်းရေးမှူး(၁) ကိုငယ်ပီးက၎င်းတဦးတယောက်တည်း အနေဖြင့် မြစ်ဆုံစီမံကိန်းကို ရပ်ထားသင့်သည်ဟု မြင်သည်။

‘‘ ဒီလောက်ပမာဏကြီးတဲ့ စီမံကိန်းကိုလာလုပ်တဲ့၊ အဓိကတော့ တရုတ်တွေပေ့ါနော် သူတို့ရဲ့နယ်သစ်တွေချဲ့ ထွင်လာတဲ့ နေရာမှာ ကချင်တိုင်းရင်းသားတွေရဲ့ အရေးဟာ ရင်လေးစရာဖြစ်တယ်’’ ဟု ကိုငယ်ပီးကပြောသည်။

မြန်မာအစိုးရ နှင့် တရုတ်နိုင်ငံ၏ China power Investment Corporation –CPI ကော်ပိုရေးရှင်း တို့ အကျိုးတူပူးပေါင်းပြီး လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ကာ ဧရာဝတီမြစ်ဖျားခံရာ ကချင်ပြည်နယ် မေခ နှင့် မလိခမြစ်နှစ်သွယ် ဆုံရာတွင် လျှပ်စစ်ဓာတ်အားမဂ္ဂါ၀ပ် ၁သောင်း၆ ထောင်ကျော်ထုတ်လုပ်နိုင်မည့် ရေကာတည်ကြီးကို စတင် တည်ဆောက်ခဲ့ကြသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်ပြီး BANCA (Biodiversity and Nature Conservation Association) အဖွဲ့က ငါးလတိုင်တိုင် တရုတ်ပညာရှင်များနှင့်အတူ လေ့လာမှုပြုလုပ်ခဲ့သည် ဟု သိရသည်။

သို့သော်လည်း BANCA အဖွဲ့၏ လေ့လာတွေ့ရှိသည့် အချက်အလက်ကို သက်ဆိုင်ရာအစိုးရက ထုတ်ပြန် ကြေညာခြင်းမရှိ ပေ။

ဒီမိုကရေစီ မိတ်ဆွေများပါတီတွင် အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေ စီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုကရက် တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီနှင့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ပါ၀င်သည်။

Most read this week