သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်စပါးအများဆုံး စိုက်ပျိုး ရာဒေသအတွင်း ကျေးရွာ ၁၀ ရွာကျော် ရေလွှမ်း မိုးခြင်းခံရသောကြောင့် လယ်သမားများ ဒုက္ခရောက်နေကြောင်း ဟိုပုံးဒေသခံတဦးကပြော ပါသည်။
“ကျေးရွာ ၁၅ ရွာလောက် ရေလွှမ်းနေတာ ၁၀ ရက်ကျော်ပြီ။ မွေတော် ကက္တူအနားက ရွာတွေပေါ့။ ခြေတံရှည်အိမ် ရဲ့ အောက်ထပ်တခုလုံးအထိကိုလွှမ်းတာ။ မြေနိမ့်ပိုင်းကအိမ်တွေဆိုအိပ်လို့တောင်မရဘူး။ ဒီဒေသ မှာတနှစ်ကို နှစ်သီးစိုက်ကြတယ်လေ။ ဒီတစ်သီးက အားလုံးပျက်ဖို့ဘဲရှိတော့တယ်။” - ဟု တောင်ကြီးရောက်ဒေသခံ တဦးက ပြောပါသည်။
စက်တင်ဘာအစောပိုင်းမှ စ၍ ကနေ့အထိ ဟိုပုံးမြို့နယ် နိုင်းပုံးဒေသခေါ် တဘက်ချောင်းဒေသအတွင်း ကျေး ရွာ ၃၆ ရွာအနက် ထက်ဝက်ခန့်ရေလွှမ်းမိုးနေကြောင်း၊ လယ်လုပ်ငန်းအဓိက စိုက်ပျိုးသည့်ဒေသဖြစ်တဲ့ အတွက် ရိတ်သိမ်းလုနီးနီးစပါးခင်းများ ၁၀ ရက်ကျော်ကြာ ရေလွှမ်းခြင်းခံနေရသောကြောင့် စပါးရိတ်သိမ်း နိုင်ဖို့မျှော်လင့် ချက်မရှိတော့ကြောင်း၊ အဆိုပါဒေသအတွင်း စပါးခင်းဧက ထောင်ချီရှိကြောင်း ဒေသခံများ က ဆိုသည်။
“နိုင်းပုံး(ပုံးအင်း)ဒေသက အထက်ပုံးအင်း နဲ့ အောက်ပုံးအင်း ဆိုတာရှိတယ်။ ဟိုပုံးဆည်ဘက်ကနေစီးဆင်း လာတဲ့တမ် ဖတ်ချောင်း (တံဘက်ချောင်း) ကအထက်ပုံးအင်း။ ဆီဆိုင်မြို့နယ် တမ်ဖတ်ကျေးရွာအုပ်စုဘက် က အောက်ပုံးအင်းဆိုတာရှိတယ်။ ကုန်းပိုင်းကျတဲ့ ရေဝန်းရွာ(ကားလမ်းဘေး) အထိတောင်ရေမြှုပ်တယ်။ ပန်လွန်ရွာဆိုခေါင်မိုးပေါ် တက်နေဖို့ဘဲရှိတော့တယ်တဲ့” - ဟု ချင်းမိုင်ရောက် ပုံးအင်းဒေသခံတစ်ဦး ကပြောပါ သည်။
ဟိုပုံးမြို့နယ်၏ နိုင်းပုံးခေါ် ပုံးအင်းဒေသတွင် - ဟိုတတ်၊ ဟန်လွဲ၊ ဆီဆုံ၊ တိဟေး၊ စမိန်း၊ ဝမ့်ခွင်၊ ရေဝန်း၊ ဝမ့်ပုံး၊ မွေတော် ဝမ့်နောက်၊ ဖတ်ကုမ်၊ ဆိုင်လေး၊ နောင်ဇန့်၊ ပန်လွန်၊ ဟိုလေ၊ နမ့်ကုတ်၊ ခိုလိုင်း၊ ဟိုနား၊ ဖိုင်လင်း၊ ဖိုင်တွမ်း …. စသောရွာများ မှ မွေတော်ကတ္ကူ (တံဖတ်ချောင်း)ထိက အထက်နိုင်းပုံးဒေသ၊ ထိုမှ တဆင့်အောက် ဘက် တံဖတ်ကျေးရွာအုပ်စုမှ နောင်မွန်၊ ဆီဆိုင်အထိက အောက်ပုံးအင်းဒေသဟုခေါ်ဆို ကြောင်း အဆိုပါဒေသခံ က ဤကဲ့သို့ဆက်၍ပြောပြပါသည်။
“အရင်တုန်းကနိုင်းပုံးဒေသဟာ ဒုတိယ အင်းလေးကန်လေးဘဲ။ အင်္ဂလိပ်ခေတ်တုန်းက ကက္ကူမွေတော်ဘုရား အနီးက တောင်ကြားတခုကို မိုင်းခွဲလိုက်တော့ ရေတွေမဝပ်တော့ဘူး။ လယ်တွေ၊ ရွာတွေအဖြစ် ရှမ်းတွေက အချနေထိုင်လာတယ်။ နှုန်းမြေအရမ်းများတော့ မြေဩဇာကောင်းတယ်။ စပါးအရမ်းထွက်တယ်။ ထွက်တဲ့ ဆန်လဲ အရမ်းချိုတယ်၊ မြိန်တယ်။ အဲဒီဒေသထွက်ဆန်ဆို နာမည်ကြီးဘဲ။ ဒီကနေ့မှာ အဲဒီတောင်ကြားကနေ ရေပြန်မစီးထွက်နိုင်တာလဲပါလိမ့်မယ်။ နောက်တခုက တံဖတ်ချောင်းကလည်း ကယားနယ်ထဲရေစီးဝင်ခါနီး ၁၈ မိုင်လောက်က မြေအောက်လျှိုဝင် စီးဆင်းတယ်။ ချောင်းရေများပြီးရေမြင့်နေတော့ ရေကမစီးဆင်းနိုင် တော့လို့ ရေကြီးရတာလဲပါလိမ့်မယ်” - ဟု ပြောပြပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်၊ ပင်လုံ(မြောက်ဘက်ခြမ်း လယ်ကွင်းများ)၊ နမ့်ဇန် - မိုင်းဇစ်ဒေသဘက်တွင် လည်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် စပါးခင်းအများအပြား ရေမြှုပ်ရာ နောက်နှစ် သျှမ်းပြည်တောင်ပိုင်းဆန်ဖူ လုံရေးအတွက် စိုးရိမ်နေရကြောင်း တာချီလိတ်ရောက် ကုန်သည်တဦးက ပြောပါသည်။
ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ဘီလူးချောင်းကလည်းရေကြီးနေသောကြောင့် မိုးဗြဲဆည်ရေတံကားအက် သွားကြောင်း၊ ထို့ကြောင့် မြင့်တက်နေသည့် ဆည်ရေများအား အာဏာပိုင်များက တစ်နာရီတစ်ခါရေလွှတ် ပေးနေရကြောင်း၊ ဆည်အောက်ပိုင်းရှိ လွိုင်ကော်မြို့အတွင်း ရပ်ကွက်အချို့ရေနှစ်မြှုပ်သွားရကြောင်း ကန္တာရဝတီတိုင်းမ်းသတင်းဌာနကလည်း ဖော်ပြထားသည်။