ဘဏ်တိုးနှုန်းများ နှစ်ရာခိုင်နှုန်းလျှော့

ဘဏ်တိုးနှုန်းများ နှစ်ရာခိုင်နှုန်းလျှော့
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ)။        ။ ပုဂ္ဂလိဘဏ်များ အပါအဝင် မြန်မာနိုင်ငံ၏ ဘဏ်များတွင် ချေးငွေနှင့်အပ်ငွေတို့ ၏ အတိုးနှုန်း များကို နှစ်ရာခိုင်နှုန်းလျော့ချရန် ဗဟိုဘဏ်မှ စက်တင်ဘာ ၁ ရက်နေ့တွင်စတင် သတ်မှတ်လိုက် သည်ဟုသောကြာနေ့ထုတ်နိုင်ငံ ပိုင်သတင်းစာများတွင် ပါရှိသည်။

“မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်နိုင်ရန်အတွက်" ဟု  မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

ယခင်က ဘဏ်ချေးငွေများအတွက် အတိုးနှုန်းမှာ ၁၇ ရာခိုင်နှုန်းမှသည် ၁၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်း ဖြစ်သည်။ အပ်ငွေများအတွက်တွင် ၁၂ ရာခိုင်နှုန်းမှသည် ၁ဝ ရာခိုင်နှုန်းသို့ ပြင်ဆင်ပေးလိုက်သည်။

“ဘာမှတော့ ထူးထူးခြားခြား မဖြစ်နိုင်သေးဘူး။ အခုလည်း ငွေထုတ်တဲ့ သူတို့၊ လောလောဆယ်ဆယ်မှာ ထူးထူးခြားခြား ဖြစ်စရာ အကြောင်းမရှိသေးဘူး။ ထူးခြားဖြစ်စရာ မရှိသေးဘူး။ စုဆောင်းမှုကို သိပ်အားမပေးချင်ဘူး။ ရင်းနှီးမြှုပ်နှံမှုကို အားပေးချင်တဲ့ အဓိပ္ပါယ်ပဲ” ဟု ဘောဂဗေဒပညာရှင် ဦးခင်မောင်ညိုက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ဘဏ်များ တူညီသော အတိုးနှုန်းထားရန် ဘဏ်လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေး နေကြသည်ဟု သူက ပြောသည်။ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ဒေါက်တာ ဖုန်းဝင်းက ကြိုဆိုလိုက်သော်လည်း ဘဏ်ချေးငွေ အတိုးနှုန်းကို ထပ်မံ လျော့သင့်သည်ဟု ဆိုသည်။

“ပုံမှန် မိရိုးဖလာလုပ်တဲ့ လုပ်ငန်းများအတွက်က ၁၅ ရာခိုင်နှုန်းက များသေးတယ်။ အဲဒီထက်ပိုဆိုးတာက လူအများ အကျိုးအတွက် အလုပ်မျိုးဆိုရင် လူတွေက မလုပ်တော့ဘူးပေါ့။ အဲဒီလိုမျိုးမှာ လူတွေက မမြှုပ်နှံတော့ဘူး။ ရွှေ၊ရေနံ၊ ကျောက်တို့ တူးပြီးတော့ ရင်းနှီးမှု များတယ်။ အမြတ်လည်းများတယ်ဆိုတဲ့ အလုပ်မျိုးတွေပဲ လုပ်တော့မှာပေါ့။ ဆိုတော့ ဒီ လူမှုရေးဝန်ဆောင်မှုတွေ ကျလာမှာပေါ့။ ” ဟု သူက ပြောသည်။

အခြားနိုင်ငံများနှင့်များစွာ ဘဏ်တိုးနှုန်း မြင့်နေသဖြင့် တချို့ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက် အပ်နှံထားမှုများလည်း ရှိရာ အဓိကအားဖြင့် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ စသည့် နိုင်ငံများက လာရောက် ရင်းနှီးမြှုပ်နှံကြသည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများထဲတွင် ဘဏ်တိုးနှုန်း အမြင့်ဆုံးထိ ရှိနေပြီး ဒုတိယ အမြင့်ဆုံးအဖြစ်  ဗီယက်နမ်နိုင်ငံတွင် ချေးငွေ ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် အပ်ငွေ တိုးနှုန်း ၁၂ ရာခိုင်နှုန်း ရှိသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချေးငွေ ဘဏ်တိုးနှုန်း ရ ရာခိုင်နှုန်းမှ အပ်ငွေအတိုးနှုန်း ၂.၅  ရာခိုင်နှုန်းရှိနေသည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင်များမှ ဘဏ်မှ ငွေချေးယူရန် ခက်ခဲသဖြင့် အခြားနည်းလမ်းများဖြင့်ချေးယူ နေရသည့် အခက်အခဲများရှိသဖြင့် မြန်မာအစိုးရနှင့် နီးစပ်သော တချို့စီးပွားရေးလုပ်ငန်းရှင်များ သည် နိုင်ငံတော်လုပ်ငန်း လုပ်ပိုင်ခွင် ့ရရှိထားသူများသာလျှင် ချေးယူခွင့်များ ရနေသည်ဟု အဆိုပါကိုယ်ပိုင် လုပ်ငန်းရှင်တဦးက ပြောသည်။