“ညီညီညွတ်ညွတ်နဲ့ ပြင်ဆင်ထားဖို့ အချိန်တန်လာပြီ”

“ညီညီညွတ်ညွတ်နဲ့ ပြင်ဆင်ထားဖို့ အချိန်တန်လာပြီ”
by -
မဇ္စျိမသတင်းဌာန

(အင်တာဗျူး) ပြည်ပ အတိုက်အခံ လှုပ်ရှားသူ စီးပွားရေး ပညာရှင် ဦးဇော်ဦးသည် နေပြည်တော် တွင် သြဂုတ်လ ၁၉ ရက်မှသည် ၂၁ ရက်နေ့အထိ ကျင်းပသော စီးပွား ရေး ဖိုရမ်ကို တက်ရောက်ခဲ့ပြီး စာတမ်းတစောင် ဖတ်ကြားသွားခဲ့သည်။

( ဦးဇော်ဦးနှင့် အင်တာဗျူး)

ပြည်ပ အတိုက်အခံ လှုပ်ရှားသူ စီးပွားရေး ပညာရှင် ဦးဇော်ဦးသည် နေပြည်တော်တွင် သြဂုတ်လ ၁၉ ရက်မှသည်၂၁ ရက်နေ့အထိ ကျင်းပသော စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ပြီး စာတမ်းတစောင် ဖတ်ကြားသွားခဲ့သည်။ အငြိမ်းစား စစ်ဗိုလ်ချုပ်များ ကြီးစိုးထားသည့် အရပ်သား အစိုးရသစ်ကိုဦးဆောင် လျက်ရှိသော သမ္မတ ဦးသိန်းစိန် လည်း ဖိုရမ်ကို တက်ရောက်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဖိတ်ကြားခြင်းခံရသော အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည်လည်း ဦးသိန်းစိန်နှင့် တွေ့ပြီး နောက်တရက် တွင် ဖိုရမ်သို့တက်ရောက် ခဲ့သည်။

zaw-ooစင်ပြိုင် အမျိုးသား ညွန့်ပေါင်း အစိုးရ၏ နိုင်ငံရေး အကြံပေးအဖြစ်zawoo တခါက ဆောင်ရွက်ခဲ့ဖူးသူ ဦးဇော်ဦးသည် ၂၀၀၈ ခုနှစ် ထိုစဉ်ကစစ်အစိုးရ၏ သဘောတူညီချက်ဖြင့် မြန်မာပြည်သို့ လည်ပတ် သွားလာမှု ရှိနေခဲ့သော်လည်း မကြာသေးခင်ကမှ နေပြည်တော် တွင် ပြုလုပ်သော ဆီမီနာများနှင့် ဖိုရမ်များသို့ တက်ရောက်ခြင်းကိုနိုင်ငံပိုင် ရုပ်မြင်သံကြားတွင် တွေ့ခဲ့ကြရသည်။

သဘောထား ပြတ်သားသော မြန်မာပြည်ပ အတိုက်အခံ အချို့အကြား အရည်အသွေးမြှင့် သင်တန်းများ ပေးနေသူ ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦး၏  “ရန်သူ” နှင့် အလုပ်လုပ်နေခြင်းမှာ မနှစ်သက်စရာ လည်း ဖြစ်သည်။ ဦးဇော်ဦး၏ ပြည်တော်ပြန် အတွေ့အကြံု၊ စီးပွားရေး ဖိုရမ်နှင့် နိုင်ငံရေးတို့နှင့်ပတ်သက် ပြီး မဇ္ဈိမသတင်းထောက် ကျော်ခက မေးမြန်းထားသည်။

နေပြည်တော်ကို စာတမ်းဖတ်ဖို့ သွားတာ ဘယ်နှစ်ကြိမ်မြောက်လဲ ခင်ဗျ။ အရင်တုန်းကလည်း ရောက်ဖူး
နေတယ်လို့ ပြောတာတွေ ကြားနေရတယ် ခင်ဗျာ့။ အဲဒါဟုတ်လား။

“ (နေပြည်တော်သွားတာ) ဒီနှစ်ထဲမှာတော့ ဒုတိယမြောက်ပါ။ (မြန်မာနိုင်ငံကို) စုစုပေါင်း ဘယ်နှစ်ကြိမ် သွားပြီးပြီ ဆိုတာတော့ ကျနော်လည်း မမှတ်မိတော့ပါဘူး။   ကျနော် တခြားလည်း သွားခဲ့တာတွေ ရှိပါတယ်။ အတိအကျတော့ မှတ်မထားမိပါဘူး။ ကျနော်အဓိက ပြန်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ (၂ဝဝ၈ ခုနှစ်) နာဂစ် ဖြစ်အပြီး၊ နာဂစ် အလွန်ပေါ့နော်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာအလုပ် လုပ်ပေးဖို့ ပြန်ခဲ့တာ ဖြစ်ပါတယ်။”

တချိန်တုန်းက အတိုက်အခံ ဖြစ်ခဲ့သူ တယောက်ကို နေပြည်တော်မှာ အစိုးရ အရာရှိတွေက ဘယ်လို ဆက်ဆံပါသလဲ။ အလုပ်သဘော ပဲလား။ ရင်းရင်းနှီးနှီးကော ရှိလား။

“ အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ အားရစရာကောင်းတဲ့ ဆက်ဆံမှုမျိုး အင်မတန်မှ နွေးထွေးတဲ့ ဆက်ဆံမှု ရခဲ့တာပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံခြား တက္ကသိုလ်တွေမှာ စာသင်ကြားနေတဲ့ မြန်မာပညာရှင် ၃ ယောက်လောက်ကို ဖိတ်ကြားပြီး ဒီအစည်းအဝေးမှာ စာတမ်းတင်ဖို့ ဖိတ်ကြားခဲ့တာကိုး။ ကျနော် အပါ အဝင် ဦးကျော်ရင်လှိုင်၊ ကိုတင်မောင်မောင်သန်း ၃ ယောက် တင်ပြခွင့် ရတဲ့အခါမှာ အင်မတန်မှပဲအားရ ကျေနပ်စရာနွေးထွေးတဲ့ ကြိုဆိုမှုလို့ ပြောလို့ရပါတယ်။”

“ ကျနော့်အနေနဲ့ ကတော့ အစိုးရက စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ တခြားနိုင်ငံ တွေက အခြေအနေတွေကိုလည်း သင်ခန်းစာယူဖို့ တင်ပြတာပေါ့နော်။ အဓိကကတော့ စီးပွားရေးဆိုင်ရာ ဆွေးနွေးချက်တွေနဲ့ အကြံပြုချက်တွေနဲ့ ဆောင်ရွက်ချက်တွေမှာ တဖက်တလမ်းက ကူညီဆောင်ရွက် နိုင်ဘို့အတွက် သွားရောက်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အရကတော့ ပါဝင်ဆောင်ရွက်ခြင်း မရှိပါဘူး။”

ဦးဇော်ဦး ရောက်ခဲ့တဲ့ နေပြည်တော်မှာ ပြည်သူလူထု အနေအထားကို ဘယ်လိုတွေ့ခဲ့ရလည်းဗျ။ အရင်တုန်း ကလို ကြောက်ရွံ့မှုတွေ ရှိနေကြတုန်းပဲလား။

“ အင်မတန်မှ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်လို့ ပြောလို့ရတယ် ခင်ဗျ။ အဓိကကတော့ ခေါင်က ပေါ့ဗျာ။ခေါင်က ဆိုတာ သမ္မတကြီးကိုယ်၌က အရင်အစိုးရတွေ တခါမှ ပြောဆိုခြင်း မရှိတဲ့ ဆင်းရဲမွဲတေမှု ကိစ္စမျိုးပေါ့နော်။ အရင်တုန်းက ဆင်းရဲမွဲတေမှုဆိုတာ မရှိဘူးပေါ့ဗျာ။ အားလုံးကောင်းတယ်ဆိုတဲ့ အနေအထားကနေ ဆင်းရဲတဲ့လူ ရှိတယ် အားလုံးပြုပြင်ရမယ် ဆိုတာပြောလာတယ်။ (နီးစပ်ရာလာဘ်သိပ် ထိုး ပေးတဲ့) 'ခရိုနီ' ဆိုတဲ့စကားတွေအပြင်မှာ အများကြီး ကြားနေရတယ်။ ဒီ(ဆွေးနွေး)ပွဲ မှာလည်း ခရိုနီ ဆိုတဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆို သွားတာကို တွေ့ရတယ်။ ”

“ နောက်ပြီးတော့လည်း နိုင်ငံရေး ပါတီတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေ၊ တခြားမီဒီယာတွေကပါဆွေးနွေး မှုတွေ အပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြ ပြောဆိုတာတွေလည်း တွေ့ခဲ့ရတယ် ဆိုတော့ကောင်း မွန်တဲ့ ဘက်ကို လှမ်းနေတဲ့ ခြေလှမ်းတွေ တွေ့နေရပြီလို့ ပြောလို့ရတယ်ပေါ့နော်။ ”

ဦးဇော်ဦး ကိုယ်တိုင် တင်ပြဆွေးနွေးခဲ့တဲ့ စာတမ်းအပေါ်မှာရော တုံ့ပြန်မှု ဘယ်လိုရှိလဲ။ အကြံပေးထားတ ာတွေကို ပြုပြင်ပြောင်းလဲ လုပ်တဲ့နေရာမှာ အသုံးပြုမယ်လို့ ယုံကြည်ပါသလား။

“ ကျနော်တင်ပြခဲ့တဲ့ ကိစ္စက ဒီအာဆီယံ အသိုင်းအဝန်းထဲမှာ မြန်မာနိုင်ငံ ပေါင်းစည်းနိုင်မယ့်အခြေအနေ တွေနဲ့ အလားအလာတွေ၊ စိန်ခေါ်မှုတွေ အတွက် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ထဲမှာ အာဆီယံထ ဲမှာ တခုတည်းသော စျေးကွက်စီးပွား ဖြစ်လာတဲ့ အခါကျရင် လွတ်လွတ်လပ်လပ် ကုန်သွယ်ခွင့်တွေ၊ လွတ်လွတ်လပ်လပ် စီးပွားရေး ရင်းနှီးမြှုပ်နှံခွင့်တွေ၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပွင့်လာတော့မယ့် အနေအထားမှာ ကျနော်တို့လို စီးပွားရေး အားနည်းတဲ့ နိုင်ငံငယ်တွေအတွက် အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်နေပါတယ်။ ”

“ဒါကြောင့်မို့ ဒီကိစ္စကို ဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းမှာလည်း ညီညီညွတ်ညွတ်နဲ့ ပြင်ဆင်ထားဖို့ အချိန်တန်လာပြီ။ အာဆီယံ ပေါင်းစည်းရေး ကိစ္စကို လုပ်ရင်းနဲ့ ပြည်တွင်းမှာရှိတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေဆိုလည်း အားလုံးက ညီညီညာညာနဲ့ လုပ်နိုင်ဖို့ အတွက်ကို တင်ပြခဲ့ပါတယ်။ ဒါကို အများကြီး လက်ခံမှုတွေ ရှိလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မြန်မာပြည်သွားမယ် လို့ သတင်းတွေ ထွက်နေ ပါတယ်၊ မြန်မာပြည်ရဲ့ ငွေကြေးစနစ်ကို ပြင်ဖို့ကိစ္စမှာ IMF ဆီကနေ ဘယ်လို အကူအညီတွေ ရနိုင်မလဲ။

“ IMF က ငွေရေးကြေးရေး တည်ငြိမ်မှုတွေကို တခြား တိုင်းပြည်တွေမှာလည်း ကူညီဆောင်ရွက်လေ့ရှိတဲ့ အသင်း ဖြစ်နေတဲ့အခါကျတော့ ပညာရပ်ပိုင်းဆိုင်ရာမှာ ကျနော်တို့ကို ပေးမယ့်အကြံဉာဏ်နဲ့ အကူအညီတွေ အရေးကြီးတယ်လို့ ပြောလို့ ရပါတယ်။ IMF ဆီကနေ ပိုက်ဆံယူပြီးတော့ လုပ်မယ်ဆိုတဲ့ ကိစ္စကတော့ IMFသည် အပြည်ပြည်ဆိုင်ရာ နိုင်ငံ အသီးသီးက ပါဝင်ထားတဲ့ အသင်းကြီး ဖြစ်တဲ့ အတွက်ကြောင့်မလို့ အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားအပေါ်မှာ ကြည့်ပြီးမှ နိုင်ငံတခုခုကို ငွေချေးတာတို့ လုပ်ရပါတယ်။  အခုလက်ရှိ အနေအထားအရဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့မှုတွေကလည်း မပြီးသေးတဲ့ အတွက်ကြောင့်မလို့ IMF အနေနဲ့မြန်မာနိုင်ငံကို ငွေချေးဖို့ ဆိုတာက သိပ်ပြီး မဖြစ်နိုင်ပါဘူး။ ကျနော် နားလည်တာက မြန်မာနိုင်ငံ အစိုးရ ကလည်း ဒီကိစ္စကို မက်လုံးတခုအနေနဲ့လည်းလုပ်နေတယ်လို့ လည်း မမြင်ခဲ့ဘူး။ ”

“ မြန်မာနိုင်ငံ အစိုးရ လုပ်ချင်တဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ IMF က ဘယ်လိုနည်းနဲ့ အကြံဉာဏ်ပေးမလဲ သူ့ရဲ့အတွေ့အကြံုတွေအပေါ်မှာ အခြေခံပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကျနော်တို့ အနေနဲ့ ဘယ်လို ဆက်လုပ်လို့ ရမလဲ။ ဒီအဆင့်မှာပဲ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။ ”

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော စကားပြော ဖြစ်သေးလား။ ဒေါ်အောင်ဆန်းစုကြည်က
ဒေါက်တာဇော်ဦးကို သဘောကျဟန် မတူဘူးလို့ ပြောဆိုသံတွေလည်း ထွက်နေတယ်ခင်ဗျ။

“ အဲဒါကတော့ ကောလာဟလပဲ ဖြစ်ပါလိမ့်မယ်။ အစည်းအဝေးမှာက လူအများကြီးလည်း တက်တယ်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း တကယ့် အထူးဧည့်သည်တော် အနေနဲ့ ရှေ့ဆုံးမှာ ထိုင်နေတယ် ဆိုတော့ ကျနော်တို့နဲ့တော့ တိုက်ရိုက် စကားပြောခွင့် နှုတ်ဆက်ခွင့်တော့ ရချင်မှ ရမှာပေါ့လေ။ (ဒါပေမယ့်) ကျနော် သွားနှုတ်ဆက်ခဲ့ပါတယ်။ ”

ပြည်ပ အတိုက်အခံတွေကြားမှာ ဥပမာအားဖြင့် ABSDF ခေါင်းဆောင်ဟောင်း အချို့က ဒေါက်တာ
ဇော်ဦးဟာ သိပ်ပြီး အရောင်ပြောင်းတယ်လို့ ပြောနေကြတာတွေ ရှိတယ်ခင်ဗျာ့။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

“ ကျနော်တို့ကတော့ ဒီဘက်ကို စပြီးထွက်လာပြီး ကြိုးစားကတည်းက တိုင်းပြည်အတွက်အကောင်းဆုံး ဖြစ်အောင်စေတနာနဲ့ အားလုံးက ကြိုးစားနေကြတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်လည်း ခုထက်ထိ အဲဒီတိုင်း ကြိုးစားနေတယ် ထင်ပါတယ်။ တခြားလူတွေလည်း သူတို့နည်း သူတို့ဟန်နဲ့ကြိုးစားနေကြ တယ်။ ပန်းတိုင်ကတော့မြန်မာပြည်ကြီး ကောင်းစားရေးပဲ ပေါ့နော်။ ဒါပေမယ့်လည်း လုပ်နည်းလုပ်ဟန်တွေ မတူကြတဲ့ အပေါ်မှာ ခုလိုမျိုး ထင်ကြေးပေးတယ်လို့ ကျနော် ထင်ပါတယ်။ ”

“ ပြောဆိုမှု တော်တော်များများဟာ ကျနော့် ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်တဲ့ ကိစ္စတွေ အများကြီးပါ နေတယ် ဆိုတော့ ကျနော်အနေနဲ့ အထူးတလည် ပြန်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။ ကျနော်နဲ့ အလုပ်လုပ် နေတဲ့ ဗဟုအဖွဲ့မှာ အတော်များများက ကျနော်နဲ့ ၁၉၈၈ ခုနှစ်ကတည်းကလုပ်ခဲ့ကြတဲ့သူတွေ လည်းဖြစ် တော့ သူတို့ဟာ ကျနာ်အတွက် အင်မတန်မှ အားကိုးရတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေလည်း ဖြစ်တယ်။ သူတို့ကိုလည်း ကျနော်နဲ့ ခုချိန်ထိ လက်တွဲ လုပ်ကိုင်နေကြတဲ့ အတွက်ကြောင့်မို့ အင်မတန်မှကျေးဇူးတင်မိ တယ်။ ခုနပြောတဲ့ စွပ်စွဲမှုတွေ မှန်ခဲ့ရင် ကျနော့် လုပ်ဖေါ်ကိုင်ဖက်တွေက ခုချိန်မှာ ကျနော်နဲ့တွဲလုပ်နေ မယ်လို့ မထင်ဘူးပေါ့ဗျာ။”

ဗဟု ဆိုလို့ ဦးဇော်ဦးတို့ ဗဟုက ရွေးကောက်ပွဲကို ထောက်ခံတာကြောင့် ဒီ ထိုင်းဘက်မှာ သင်တန်းတွေ
ပေးတဲ့အခါ မြန်မာပြည်က လာတက်တဲ့ သင်တန်းသားတွေကို စစ်အစိုးရက အဖမ်းအဆီး၊ တားမြစ်မှုတွေ မရှိဘူးဆိုတာရော ဟုတ်သလားခင်ဗျ။

“ ကျနော်တို့ သင်တန်းတွေက ၂၀၁၀ မှ လုပ်ခဲ့တဲ့ သင်တန်းတွေ မဟုတ်ပါဘူး။ ၂၀၀၆ ခုနှစ်ကတည်းကနေ ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ အနေနဲ့ပေါ့နော်၊ ကျနော်တို့ လူမှုဖွံ့ဖြိုးမှု စွမ်းအင်မြှင့်တင်ရေး ကိစ္စတွေ အများကြီး လုပ်ခဲ့ပါတယ်။ လူမှု အထောက်အကူပြု အဖွဲ့တွေရဲ့ စွမ်းအင်မြှင့်တင်မှု ကိစ္စတွေနဲ့ အောက်ခြေမှာ လူမှုရပ်ရွာ ထူထောင်တဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေ ၂ဝဝ၆ ကတည်းက လုပ်ခဲ့တာ ခုချိန်မှာ သင်တန်းပေါင်းလည်း မနည်းတော့ပါဘူး။ အဲဒါကြောင့် မဆိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။"

ဒေါက်တာဇော်ဦးက နေပြည်တော်မှာ အစိုးရအဖွဲ့ဝင်တွေ ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံခဲ့ရတဲ့သူ ဆိုတော့ အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲမှာပဲ သမ္မတ ဦးသိန်းစိန်က ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာတွေ ပြန်လာလို့ရတဲ့ အကြောင်း ပြောတဲ့အပေါ်မှာ ပြည်ပရောက်တွေ တကယ်ပဲ စိတ်ချလက်ချ ပြန်လို့ ရပြီလို့ ယုံကြည်လား ခင်ဗျ။

“ အဲဒီလမ်းစတွေကတော့ စပြီး ပေါ်နေပြီပေါ့နော်။ အခုဒီလမ်းစတွေက ပိုပြီးခိုင်မာတဲ့ကမ်းလှမ်းချက်ဖြစ် အောင် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်နဲ့ အစိုးရကလည်း တာဝန်ယူ စဉ်းစားနေပြီလို့လည်း ကျနော်တို့ နားလည်ထားပါတယ်။ အဓိကကတော့ ဥပဒေပေါ့ဗျာ။ ဥပဒေကြောင်းလမ်းအရ အခိုင်အမာဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ဖို့ လိုတယ်။ ဒါမှသာလျင် အားလုံးက ဒီဥပဒေတခုအပေါ်မှာ အခြေခံပြီးတော့ ပြန်လာလို့ရမှာပေါ့။ ”

“ ကျနော်တို့ အားလုံးပြန်လာမှလည်း စိန်ခေါ်မှုတွေကြားမှာ  ကျနော်တို့အားလုံးကလည်း ပိုပြီးတော့ အလုပ် လုပ်ပေးနိုင်မှာပေါ့နော်။ မဟုတ်ရင်တော့ အလည်ပြန်ရုံလောက် ဆိုရင်တော့လည်းလောလောဆယ်လို အပ်နေတဲ့ လိုအပ်ချက်နဲ့ကတော့ သိပ်ပြီးမဆိုင်ဘူးလို့ ပြောလို့ရမှာပေါ့။ ကျနော်တို့ကတော့ မြန်မာပြည်သား ဆိုတော့ မြန်မာပြည်ပြန်ရမှာပေါ့ ဟုတ်တယ်မို့လား။ အခြေအနေကောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးလမ်း ကြောင်းတွေ ပေါ်လာပြီး တကယ်ခိုင်ခိုင်မာမာ ဖြစ်လာပြီဆိုရင်တော့ အလုပ်ပါ ပိုပြိး လုပ်ပေးနိုင်မှာပေါ့။ ”