ချင်းမိုင် (မဇ္ဈိမ) ။ ။ ယခုနှစ်မိုးကာလ မြန်မာ နိုင်ငံနေရာအနှံအပြား မိုးကြီးရေလျှံ ဖြစ်မှုကြောင့် ပုဂ္ဂလိက ငါးမွေးကန် ဧက ၃၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် က ပြောသည်။
ကာလတန်ဖိုး ကျပ်ငွေ သိန်းပေါင်း ၂ဝဝဝဝ ရှိသည်ဟုလည်း သိရသည်။
ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က “ဖြစ်စဉ်တွေ အားလုံးကတော့မိုးများပြီး တော့ ကန်တွေပေါ်ကို ရေလွမ်းပြီး ရေမြုပ်ပြီးတော့ ဆုံးရှုံးတာပေါ့ဗျာ။ ဒါကတော့ ရာသီဥတုပြောင်းလဲ မှုကြောင့် ဖြစ်တဲ့ဖြစ်စဉ်ပါ ” ဟု မဇ္စျိမကိုပြောသည်။
မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် အာမခံ မရှိသဖြင့် လျော်ကြေးရမည် မဟုတ်ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးသည့် ငါးကန်များတွင် ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပ တင်ပို့ရန် မွေးမြူထားသည့် ငါးများ ပါဝင်သည်။ ငါးမြစ်ချင်း အမျိုးအစား အများဆုံးဖြစ်ပြီး ငါးသိုင်းခေါင်းပွ၊ ငါးတန်၊ ရေချိုငါးမုတ်၊တရုတ် ငါးကြင်း၊ ရွှေဝါ ငါးကြင်းနှင့် တလားပီးယား အမျိုးအစားများ ပါဝင်သည်ဟုလည်း ဦးဝင်းကြိုင်ကပြော သည်။
နေရာဒေသအားဖြင့် ပဲခူးတိုင်း ပဲခူးမြို့နယ်တွင် ဧက ၁၅ဝဝ ကျော်ဖြင့် ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီးကယား ပြည်နယ် လွိုင်ကော်မြို့နယ်တွင် ဧက ၆ဝဝ ကျော်၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ဧက ၃၅ဝ ကျော်နှင့် စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ် တို့တွင် ဧက ၃၅ဝ ကျော်တို့ ပျက်စီးဆုံးရှုံးခဲ့သည်။
ယင်းဒေသများမှ ငါးမွေးကန်များသည် ဒေသတွင်းနှင့် ပြည်တွင်း စျေးကွက်၌ အဓိကထား ဖြန့်ချိနေသည့် နေရာဖြစ်သောကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ငါးများကို မှာယူသုံးစွဲကြရမည် ဖြစ်သည့် အတွက် ဒေသတွင်း ငါးစျေးကွက် အနည်းငယ် တက်လာနိုင်ဖွယ်ရှိသည်ဟု ဦးဝင်းကြိုင်ကပြောသည်။
မြန်မာနိုင်ငံအတွင်း ငါးမွေးမြူရေးကန် ဧကပေါင်း ၂ သိန်းရှိပြီး ရန်ကုန်တိုင်း တွံတေးမြို့နယ်နှင့် ဧရာဝတီ တိုင်း မအူပင်၊ ညောင်တုန်း၊ ပန်းတနော်တို့တွင် ဧကအများဆုံး မွေးမြူထားကြသည်။ သို့သော် အဆိုပါ နေရာများတွင်ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု နည်းပါးခဲ့သည်။ ပြည်ပ ပို့ကုန်အတွက် ယင်းဒေသများမှ ထွက်သည့် ငါးများကို အဓိကထား ပို့ဆောင်သည်။
ပြည်ပပို့ ငါးလုပ်ငန်းမှာ ရေကြီးမှုကြောင့် တိုက်ရိုက် မထိခိုက်သော်လည်း ဒေါ်လာစျေးကျဆင်းမှုကြောင့် နစ်နာမှုများ ရှိနေသဖြင့် ယခုနှစ်အတွက် ရေထွက်လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၁၂ဝ လျာထားချက်ပြည့်မှီ နိုင်ဖွယ် မရှိကြောင်း ခန့်မှန်းထားကြသည်။
“ဒီနှစ်က အရင်နှစ် ကာလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခု အမေရိကန်ဒေါ်လာ ၃၆ သန်းလောက် လျော့နေပြီ။ အထူးသဖြင့် မွေးမြူရေးငါး တင်ပို့မှုမှာ အများကြီးကို လျော့သွားတယ်” ဟု ဦးဝင်းကြိုင် က ပြောသည်။
မြန်မာနိုင်ငံမှ တနှစ်လျင် ငါးတန်ချိန် ၄၅ဝဝဝဝ ထုတ်လုပ်ရာတွင် ပြည်ပနိုင်ငံများသို့ တန်ချိန် ၁၀၀၀၀၀ တင်ပို့ကာပြည်တွင်း၌ တန်ချိန် ၃၅ဝဝဝဝ စားသုံးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်း ထားသည်။
၂၀၁၀ ခုနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၅၅ ရရှိခဲ့ပြီး ထိုအထဲတွင် မွေးမြူရေး ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁ဝ ရရှိခဲ့သည်။