ဘိလပ်မြေစက်ရုံ ဆောက်မည့် ကုမ္ပဏီများကို ကန့်ကွက်သူများရှိနေ

ဘိလပ်မြေစက်ရုံ ဆောက်မည့် ကုမ္ပဏီများကို ကန့်ကွက်သူများရှိနေ
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဘိလပ်မြေစက်ရုံဆောက် လုပ်ရေး စီမံကိန်းအတွက် ကုမ္ပဏီကြီးနှစ်ခုက ကမ်းလှမ်းသောလျော်ကြေး ငွေပမာဏကိုသဘော မတူသဖြင့် လယ်သမားနှင့် ရာဘာခြံရှင် ၁၅ဝ ခန့်က လျော်ကြေးမယူ ကန့်ကွက် ထားမှု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဖြစ်ပွားနေသည်။

အာဏာရအစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီက နိဒုံရွာတွင် လယ်မြေဧက၈၃ဝ ကို တဧက ၃၅ဝ,ဝဝဝ ကျပ်နှုန်း ပေးလျော်၍ သိမ်းယူကာ ဂျွန်ကုမ္ပဏီက ကော့ဒွန်း၊ ကော့ပနော ရွာများမှ လယ်မြေနှင့် ရာဘာစိုက်မြေ ဧက ၁၄ဝ ကို သိမ်းယူရာတွင် ကျပ် ၁၅,ဝဝဝ မှသည် ၃ဝဝ,ဝဝဝ နှုန်းအထိ စျေးဖြတ်ပေးသည်။ သို့သော် လယ်ရှင်၊ ခြံရှင်များက ကာလပေါက်စျေးထက် အဆမတန် နည်းသော နှုန်းထားများ ဖြစ်သည်ဟု ဆိုသည်။

လျော်ကြေးအတွက် ကန့်ကွက်သူများ အဆိုအရ လယ်မြေတဧကလျှင် ကျပ် ရှစ်သိန်းမှသည် ကျပ်သိန်း ၃ဝ အထိပင် ရှိသည်ဟုဆိုကာ ရာဘာတဧကလျှင် ကျပ်သိန်း တရာနီးပါးအထိပင် ရှိသည်ဟု ဆိုသည်။

ဇေကမ္ဘာ၏ လျော်ကြေးကို ထက်ဝက်နီးပါးပင် ဖြစ်သော လယ်ပိုင် ၅ဝ ဦးခန့်နှင့် သုံးပုံနှစ်ပုံ ဖြစ်သော ရာဘာခြံရှင်၁ဝဝ တို့က ဂျွန်ကုမ္ပဏီကို အသီးသီး ကန့်ကွက်ထားကြသည်ဟု ဆိုသည်။

“ကျနော်တို့ဘက်မှာ လျော်ကြေး မယူဖို့ အချင်းချင်း ညှိနှိုင်းထားကြတယ်။ မြေမကောင်းလို့၊ လုပ်မယ့်သူ မရှိလို့လျော်ကြေး ယူလိုက်ကြတဲ့သူ အနည်းအကျဉ်းပဲ ရှိတယ်။ ကျနော်တို့က မပေးနိုင်ဘူး။ ကျနော်တို့ လိုတဲ့စျေးကိုပေးနိုင်ရင် ယူပေါ့” ဟု ကော့ဒွန်းရွာမှ လယ်မြေ ၁ဝ ဧကပိုင် လယ်သမားတဦးက မဇ္ဇျိမကို ပြောသည်။

ဦးခင်ရွှေကမူ လယ်သမားများ၏ ပြောဆိုချက်နှင့် ကွဲလွဲနေပြီး “ကျနော်တို့ဘက်က လျော်ကြေးပေးတာ ၉ဝ ရာနှုန်း ပြီးသွားပါပြီ။ အားလုံးလက်မှတ် ထိုးပြီးသွားပြီ။ အားလုံးပေါင်း (မြေသိမ်းခံ လယ်သမား) ၁ဝဝ ကျော်မှာ ၁ဝ ယောက်လောက်ပဲ ကျန်တယ်။” ဟု သူက မဇ္ဇျိမကို ပြောသည်။

ကုမ္ပဏီဘက်မှ သိမ်းယူထားသည့် လယ်မြေများသည် စပါးစိုက်ပျိုးရန် မကောင်းမွန်သည့် မြေများဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန်အတွက် လျော်ကြေးပေးကာ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု သူက အကြောင်းပြသည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM က ဇေကမ္ဘာကုမ္ပဏီမှ နိဒုံ ကျေးရွာဝန်းကျင်မှ လယ်မြေ အသိမ်းခံ ရသူ ၁၀၀ ကျော်အနက် ၆၉ ဦးက လျော်ကြေးငွေ လက်ခံခဲ့ပြီး ကျန်လယ်သမားများမှာ လက်မခံသေးကြောင်းပြောသည်။

ကော့ပနောရွာမှ မြေ ၄ ဧက အသိမ်းခံရသည့် လယ်သမားတဦးက သူ၏ လယ်မှာ နွေစပါးတဧက တင်း ၈ဝ ထွက်ကြောင်းနှင့် မြေပဲတဧက တင်း ၆ဝ ထွက်သည်ဟု ညွှန်းဆိုလိုက်ပြီး “ဒီလောက် လျော်ကြေးနဲ့ဘယ်လို မှ မတန်ဘူး” ဟု ပြောသည်။

မြေယာပိုင်ဆိုင်ခွင့်မရှိဘဲ နိုင်ငံတော်၏ အငှားချထားခွင့်ဖြင့်သာ နေထိုင်လုပ်ကိုင်ကြရသောစနစ်အောက် တွင် အာဏာပိုင်များနှင့် သူတို့နှင့် ရင်းနှီးသော လုပ်ငန်းရှင်များပိုင် ကုမ္ပဏီများ၏ အငြင်းပွားဖွယ်ရာ မြေယာသိမ်းမှု သတင်းများကား မကြာခဏပင် ထွက်လေ့ရှိသည်။

တန် ၁,ဝဝဝ ကျ ဘိလပ်မြေစက်ရုံ နှစ်ရုံကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်နှစ်ဆန်းတွင် ဇေကမ္ဘာကုမ္ပဏီပိုင် အမေရိကန် ဒေါ်လာသန်း ၂၂ဝ ကုန်ကျမည့် သုံးနှစ် စီမံကိန်း စက်ရုံအတွက်ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သော်လည်း ဂျွန်ကုမ္ပဏီပိုင် စက်ရုံမှာ စတင်နိုင်ခြင်း မရှိသေးပါ။ဇေကမ္ဘာ၏ စက်ရုံမှ တနေ့လျှင် ဘိလပ်မြေ အိတ်ပေါင်း ၆၆,ဝဝဝ (တန်ချိန် ၃,၃ဝဝ) ကို ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီသတင်းရပ်ကွက်က ပြောသည်။

ယင်းအပြင် ပျားတောင် (ပေါက်တောနှင့် ကွမ်ငန်းကြား) တွင် 24 Hour General Services ကုမ္ပဏီက ကျောက်မီးသွေး ထုတ်လုပ်ရန်အတွက် စမ်းသပ်ရှာဖွေမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ဘိလပ်မြေစက်ရုံ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ထူး၊ ကမ္ဘောဇ၊ရွှေတောင်၊ G-4၊ အေးရှားဝါးလ်၊ အိုင်ဂျီအီး၊ ယုဇန၊ ဂျွန်၊ ဆန်းလင်းအင်တာနေရှင်နယ်၊ Jade Land၊ မြန်မာကောင်းတုံ၊မြန်မာ နိုင်၊ YIG၊ ရှမ်းရိုးမ အင်မိုင်း၊ မင်းအနော်ရထာ၊ ငွေရည်ပုလဲ၊ ထွန်းသွင် မိုင်းနင်း၊ သံတော်မြတ်၊ အေပီစီလင့်ခ် စသည့် ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်း ၁၄ ရုံ ရှိသည်ဟုလည်း သြဂုတ်လ ၄ ရက်နေ့ထုတ်မြန်မာ့ အလင်း သတင်းစာက ဖော်ပြသည်။