အသက် ၃၀ ကျော်မှ (နိုင်ငံသားစိစစ်ရေးကဒ်) မှတ်ပုံတင် သွားလျှောက်သည့် ရွာသားတဦးအား နမ့်ခမ်း မြို့လဝက ဦးစီးမှူးကမှတ်ပုံတင်မလုပ် ပေးဘဲ ပါးရိုက်လွှတ်လိုက် ကြောင်း နမ့်ခမ်းမြို့ လဝကရုံး ဝန်ထမ်းများ အသိုင်းအဝိုင်းကပြော သည်။
ယမန်နေ့က နမ့်ခမ်းလဝကရုံး၌ အဆိုပါ အခင်းဖြစ်ပွါးခြင်းဖြစ်ပြီး အဆိုပါ အသက် ၃၇ နှစ်အရွယ် ကွန်ကျိုင်းရွာ ဝမ့်ဆွန်း အုပ်စုရွာသားအား ၎င်း၏ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းလှအောင်၊ အတွင်းရေးမှူး စိုင်းအောင်မြင့်နှင့် မှတ်ပုံတင်လာလျှောက် သူများရှေ့မှောက်၌ပင် လဝက ဦးစီးမှူးက ရိုက်နှက်ခြင်းဖြစ် ကြောင်း ရွာသားများနှင့် ဝန်ထမ်းများကပြန်လည်ပြောပြသည်။
နိုင်ငံသားစီစစ်ရေးကဒ်ပြား“ကွန်ကျိုင်းရွာသား အိုက်ပွဲလေ။ အသက်ကြီးမှ မှတ်ပုံတင်လာလုပ်ရကောင်း လားဆိုပြီး လဝက ဦးစီး မှူး ဦးအန်ယင်း က သူ့ကို ပါး ၃ ချက် ဆင့်တီးတာ။ ပစ်စလက်ခတ်နေတယ်လို့ အပြစ်တင်တယ်။ တီးချက်က တော်တော်ပြင်းတာ။ ချက်ချင်း ဆိုတော့လဲ ရုံးထဲမှာရှိတဲ့လူတွေကတား ဖို့အလျင်မမှီလိုက်ဘူး” ဟုကိုယ်တိုင် မြင်တွေ့ရသူ အမျိုးသမီးတဦး က သျှမ်းသံ တော်ဆင့်အား ပြန်လည်ပြောပြသည်။
ပထမရက်က အဆိုပါ နောင်ဆွန်းရွာသား အိုက်ပွဲ မှတ်ပုံတင်ရန် လျှောက်လွှာတင်စဉ် ထောက်ခံသူ ၂ ဦးပါမှ လုပ်ပေး မည်ဟု လဝကမှူးကပြောကြောင်း၊ အိုက်ပွဲလည်းရွာပြန်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အခြား တယောက် အား ခေါ်ဆောင်ခဲ့ ကြောင်း၊ ၎င်းတို့ရှေ့၌ပင် လဝကမှူးက အိုက်ပွဲအား ပါးချလိုက်ခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသမီးကဆက်ပြောပြသည်။
“ငယ်ငယ်ကတည်းကမှတ်ပုံတင်လုပ်ရမယ်ဆိုတာ မင်းမသိဘူးလားလို့ ဦးအန်ယင်းကမေးတော့ ရွာသူကြီး စိုင်းလှအောင် က - တကယ်တော့ အိုက်ပွဲဟာ ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တာပါ။ သူငယ်ငယ်တုန်းက ပိုက်ဆံမတတ်နိုင်လို့ မှတ်ပုံ တင် မလုပ်ခဲ့ရတာပါ။ သူ့မိဘတွေလဲ မလုပ်ပြ မလုပ်ခိုင်းလို့လဲ သူ မလုပ်ခဲ့ရ တာ။ ခုတော့ တယောက် ၆ ကျပ်နဲ့ မှတ်ပုံ တင် လုပ်ပေးမယ်ဆိုတော့လဲ သူကပြေးလုပ်ရတော့ တာပေါ့- လို့ပြန်ဖြေပေးတယ်တဲ့ ” ဟု နမ့်ခမ်းမှ ဈေးသည်တဦးက လည်း ပြောသည်။
အိုက်ပွဲသည် မှတ်ပုံတင်လုပ်ရန် နမ့်ခမ်းလဝက ရုံးသို့ ၃ ကြိမ် ၃ ခါ ရောက်ရှိခဲ့ကြောင်း သို့သော် ပိုက်ဆံ မတတ်နိုင်၍ မှတ်ပုံတင်လုပ်ခွင့် မရလိုက်ကြောင်း ၎င်းနှင့် အမျိုးတော်စပ်သူ တဦးကလည်း ပြောသည်။
သို့သော် ယခုအခါ လူစာရင်းပြည့်သွားပြီဖြစ်သဖြင့် မှတ်ပုံတင်လုပ်ပေးခြင်းကို ဆိုင်းငံ့ထားကြောင်း၊ နိုဝင်ဘာ လမှ အသက် ၁၀ နှစ် နှင့် ၁၈ နှစ်ကြားရှိသူများကိုဆက်လက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ပျောက်ဆုံးပျက်စီး နေသူများလည်း လုပ်ပေးတော့မည်မဟုတ်ကြောင်း လဝက ဦးစီးမှူးဦးအန်ယင်း ကပြော သည်ဟု ဆို၏။
မှတ်ပုံ တင်လုပ်ခ တယောက် ၆ ကျပ်သာယူမည်ဟုပြည်ထဲရေးဝန်ကြီးဌာနက ဩဂတ်စ်လဆန်းက ကြေငြာ လိုက်သော်လည်း လဝကရုံးတွင် လျှောက်လွှာတစ်စုံအတွက် ကျပ် ၅၀၀အလှူငွေကောက် ကြောင်း၊ နောက်ဆုံး မှတ်ပုံတင်ကဒ်ပြားရ သွားလျှင်မူ စေတနာရှိသလောက်ဟုဆိုသော်လည်း အနည်းဆုံးကျပ်ငွေ ၅၀၀၀ ထောင် နှင့်အထက် ထည့်ရသေးကြောင်း လဝက ဝန်ထမ်း နှင့် နီးစပ်သူ တဦးကလည်း ပြောသည်။
ဩဂတ်စ်လ ၁၀ ရက်နေ့က စတင်သည့် ငွေ ၆ ကျပ် သာကုန်ကျမည့် မှတ်ပုံတင် ပြုရေးအစီစဉ်ကြောင့် မှတ်ပုံတင်မရှိ သည့် ကျေးလက်ရွာသားဆင်းရဲများ တရက်လျှင် အယောက် ၁၀၀ ကျော်ကြောင်း သိရပါသည်။
ယခုနှစ် မေလဆန်း ကျောင်းမဖွင့်ခင်ကာလက နမ့်ခမ်းမြို့နယ် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် (ပြည်နယ် လွှတ်တော် USDP အမတ်) ဦးကျော်မြင့် ဦးဆောင်၍ ပန်းဆေးဒေသအတွင်းနေထိုင်သည့်တရုတ်အယောက် ၂၀၀ အား ၂ ရက် ၃ ရက်အတွင်း နမ့်ခမ်း လဝက ရုံး၌ (ကျပ် ၃ သိန်း - ၅ သိန်းအထိ ဈေးကြီးကြီးပေး၍) မှတ်ပုံတင်အပြီးလုပ်ပေးကြောင်း၊ ကျောင်းသားမိဘများမှာမူ ပိုက်ဆံမပေးနိုင်သဖြင့် ကျောင်းသားများ ကျောင်းပြောင်းရေးအတွက် အခက်အခဲဖြစ်ခဲ့ ရကြောင်း နမ့်ခမ်းမြို့ခံတဦးကပြောပြသည်။