တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူ မဒဲကျွန်း ခေတ်မှီ ရေနံတင် ဆိပ်ကမ်း များမကြာမှီ ပြီးစီးတော့မည်

တရုတ်မှ တည်ဆောက်နေသော ကျောက်ဖြူ မဒဲကျွန်း ခေတ်မှီ ရေနံတင် ဆိပ်ကမ်း များမကြာမှီ ပြီးစီးတော့မည်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် တရုတ်မှ တည်ဆောက်နေသော Crude Oil Tanker Port ရေနံတင် ဆိပ်ကမ်းမှာ များမကြာမှီ ပြီးဆုံးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ မဒဲဆိပ်ကမ်းသည် ရခိုင်ခေတ်သစ် သမိုင်းတွင် အကြီးမားဆုံး နိုင်ငံခြား တိုင်းပြည်တစ်ခုမှ ရခိုင်ပြည်တွင် လာရောက် တည်ဆောက်သော ဆိပ်ကမ်းဖြစ်ပြီး ယခုအခါ စီမံကိန်း၏ တဝက်ကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
 ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေသော ကျောက်ဖြူ မဒေးကျွန်း ရေနံတင် ဆိပ်ကမ်း (ဓါတ်ပုံ- နိရဥ္စရာ)
မဒဲကျွန်းသည် ကျောက်ဖြူ အရှေ့တောင်ဘက် (၆) မိုင်ခန့် အကွာတွင် တည်ရှိပြီး ဧက ၄၃၉၀ ကျယ်ဝန်းပြီး လူဦးရေ ၃၂၀၀ ရှိကာ အိမ်ခြေပေါင်း ၅၆၂ အိမ်နှင့် ရွာပေါင်း (၅) ရွာရှိသည်။

အဆိုပါ မဒဲ ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖွင့်ပွဲ အခမ်း အနားဖြင့် စတင် ပန္နက်ရိုက် ခဲ့ပါသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော လုပ်ငန်းသုံး ရေယာဉ်နှင့် သင်္ဘောများ ကုန်တင် ကုန်ချရန် Workboat Wharf သင်္ဘော ဆိပ်ကမ်း တစ်ခုကို တည်ဆောက်ရေးကို ပန္နက်ရိုက် ဖွင့်ပွဲ အပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင်ပင် စတင် လုပ်ကိုင်ခဲ့ပါ သည်။ အဆိုပါ ကုန်တင် ကုန်ချ ဆိပ်ကမ်းမှာ ၂၀၁၀ ခုနှစ် သြတ်စ်လ ၃၁ ရက်နေ့တွင် ပြီးစီးခဲ့သည်။ အဆိုပါ ကုန်တင် ကုန်ချ ဆိပ်ကမ်း ပြီးစီးသွားပြီးနောက် မဒဲ ကျွန်း ရေနံတင် ဆိက်ကမ်းနှင့်သဘာဝဓါတ် ငွေ့နှင့် ရေနံစိမ်း ပိုက်လိုင်း စီမံကိန်းကို အကောင် အတည်ဖေါ် တည်ဆောက်ရာ ယခုအခါရေနက်ဆိပ် ကမ်း တစ်ခုလုံး တည်ဆောက်မူမှာ များမကြာမှီ အတွင်း ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိပ်ကမ်း ပြီးစီး သွားပါက အာဖရိကနှင့် အရှေ့ အလယ်ပိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့သောရေနံစိမ်းများ ကို တန်ချိန် ၃၀၀၀၀၀ ဆန့်သော ရေနံတင် သဘောင်္ကြီးများဖြင့် သယ်ယူလာကာ မဒဲကျွန်းရှိ Crude Oil Terminal သို့ ပို့ဆောင်ပြီး ယင်းမှ တဆင့် တရုတ်ပြည်သို့ ပိုက်လိုင်းများဖြင့် တင်ပို့ မည် ဖြစ်သည်။

ယခုအခါ မဒဲကျွန်းရေနံတင် ဆိပ်ကမ်းအား တရုတ်အင်ဂျင်နီယာများ တည်ဆောက်နေပြီး ဒေသခံများမှာ လယ်ယာမြေများကို လက်လွှတ် ဆုံးရှံးခဲရသဖြင့် နေ့စား အလုပ်သမားများ အဖြစ် အဆိုပါ စီမံကိန်းတွင် ပါ၀င် လုပ်ကိုင်နေကြရကြောင်း သိရသည်။

မဒဲကျွန်းပေါ်ရှိ ရခိုင်တောင်သူ လယ်သမားများ ပိုင်ဆိုင်သော လယ်မြေ၊ ဥယာဉ်ခြံမြေများကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက အတင်း သိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် လျှော်ကြေးငွေများ ပေးဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာ စစ်အစိုးရမှ ထုတ်ပြန်သော စာရင်း ဇယားအရ ၂၀၁၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကျွန်းပေါ်ရှိ တောင်သူ လယ်သမား ၂၅ ဦးကို ကျပ်ငွေ ၂၉၅၀၀၁၇၅၀ ကျပ်ပေးခဲ့သည်ဟု သိရပါသည်။ သို့သော်လည်း အဆိုပါ ငွေများမှာ ရခိုင်တောင်သူလယ်သမားများ လက်သို့ အပြည့်အဝ မရောက်ရှိ ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ သိမ်းယူရာတွင် ဥယာဉ်ခြံမြေ တဧကအား သိန်း ၄၀ ပေးပြီး လယ်တဧက ကို ကျပ် ၁၆ သိန်းမှ ၁၈ သိန်း အကြားတွင် ပေးခဲ့သည်ဟု သိရသည်။

၎င်းပြင် မဒဲကျွန်းတွင် ရခိုင်မှ ထွက်သော သဘာဝဓါတ်ငွေ့များကို ရေနံစိမ်းပိုက်လိုင်းများနှင့် ယှဉ်တွဲ ပိုက်လိုင်း သွယ်တန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့ ဖြစ်သည်။ ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ ရွှေ (၁) ရွှေ (၃)၊ ရွှေ (၅) နှင့် မြ (၁) တွင်းများကို ယခုအခါ တူးဖေါ်နေရာ ၂၀၁၃ ခုနှစ် မေလ၁ရက်နေ့ တွင် စတင် ထုတ်လုပ်မည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ တွင်းတူးစင်များ ထွက်ရှိလာသောသဘာဝဓါတ် ငွေ့ (ဂတ်စ်) များကို အချင်း (၃၂) လက်မရှိ ဓါတ်ငွေ့ပိုက်လိုင်းများဖြင့် ပင်လယ်ရေအောက် ကြမ်းပြင်ပေါ်မှ သွယ်တန်း၍ ကျောက်ဖြူမြို့ အနောက်ဘက် ကမ်းခြေ အုန်းတောရွာ ကျောက်တလုံးတွင် တည်ဆောက် ထားသော Landfall ဧရိယာသို့ ယူဆောင်ပြီး ထိုမှ တဆင့် ဂုံးချိန်ရွာ အနီး တည်ဆောက်ထားသော Onshore Gas Terminal Station (OGT) ဟု ခေါ်သော ဂတ်စ် သိုလှောင်ရုံသို့ ဂတ်စ် ပိုက်လိုင်းများဖြင့် ဆက်လက် ပို့ဆောင်မည် ဖြစ်သည်။ အဆိုပါ ဂုံးချိန်ရှိ OGT မှ ဓါတ်ငွေ့ပိုက်လိုင်းဖြင့် ကျောက်ဖြူ- ရန်ကုန်ကားလမ်းအတိုင်း မင်းတက်တောင်မှ ဖြတ်၍ ပျားတဲရွာ အနီးမှ တဆင့် မဒဲကျွန်းသို့ ပို့ဆောင်မည် ဖြစ်သည်။ မဒဲကျွန်း ဂတ်စ် သိုလှောင်ရုံမှ တဆင့် တပ်တောင်- ဆင်ခေါင်း- အမ်း- မင်းဘူး- ရေနံချောင်း- ကျောက်ပန်းတောင်း- ကျောက်ဆည်- ပြင်ဦးလွှင်- ကျောက်မဲ- သီပေါ- နမ့်ဆန်- မုံးဝှီး- မူဆယ်ထိ (၈၆၃) ကီလိုမီတာ ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်း ယူဆောင် မည် ဖြစ်သည်။

မြန်မာ အစိုးရသည် တရုတ်အား ရေနံပိုက်လိုင်းဖြတ်သန်းခ အတွက် တနှစ် အမေရိကန် ဒေါ်လာ မည်မျှ ရရှိမည်ကို မသိသော်လည်း ရခိုင်မှ ဂတ်စ်ကို တရုတ်သို့ တင်ပို့ခြင်းအားဖြင့် တနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံရရှိမည် ဖြစ်ပြီး ၂၅ နှစ်ထိ တင်ပို့ ရောင်းချနိုင်မည် ဖြစ်သည်။ ထိုအထဲမှာ သုံးပုံနှစ်ပုံကို မြန်မာ အစိုးရမှ ရရှိမည် ဖြစ်ပြီး ကျန်ငွေများကို လုပ်ကွက် A-1 နှင့် A3 တွင်ရင်းနှီးမြုပ်နှံ ထားသော ဒေဝူး၊ ONGC ၊ အိန္ဒိယ Gail ၊ Korea Gas Cooperation တို့က အသီးသီး ရရှိကြမည် ဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့သိုက်ကြီးမှ ရရှိလာသော အကျိုးအမြတ် နိုင်ငံခြားငွေများကို မြန်မာ အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက အသီးသီး ခွဲဝေပြီး အကျိုးခံစားခွင့် ရရှိကြမည် ဖြစ်သော်လည်း ပိုင်ရှင် အစစ်မှန် ဖြစ်သော ရခိုင်ပြည်သူများမှာ တပြားတချပ်မှ အကျိုးခံစားခွင့်မရကြဘဲ လယ်မြေသိမ်းခံရခြင်း၊လုပ်အား ပေးစေခိုင်းခြင်း၊ အိမ်များ အတင်းပြောင်းရွှေ့ခံရခြင်း၊ အလုပ် လာလုပ်သော နိုင်ငံခြားသားများ၏ နှိမ့်ချ ဆက်ဆံ စော်ကားမူများကိုသာ ခံနေကြရကြောင်း သတင်း ရရှိသည်။

Most read this week