ကရင်ပြည်နယ်တွင် DKBA အမည်ခံ၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် အဖွဲ့ အစည်းအား DKBA အဖြစ် အသိအမှတ် မပြုကြောင်း ဘားအံမြို့ရှိ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ(KSDDP)က ယမန်နေ့ ရက်စွဲ ဖြင့် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
ယနေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ ထိုသဘောထားကြေညာချက်တွင် DKBA ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ “နယ်ခြားစောင့်တပ်”အဖြစ် တပ်ရင်း(၁၂)ရင်းဖြင့် ဖွဲ့စည်း ထားခဲ့ပြီး အသက် ၅၀ကျော် အရာရှိစစ်သည်ဟောင်း များကိုလည်း “ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေးပါတီ”အဖြစ် တရားဝင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီးဖြစ် သည့်အတွက် DKBA ဟူ၍မရှိတော့ ကြောင်း ရေးသားထုတ်ပြန်ထားခြင်း ဖြစ်သည်။
KSDDP ၏ သဘောထားထုတ်ပြန်ချက်မှာ ကြံ့ဖွံ့အစိုးရ ဦးသိန်းစိန်၏ ခိုင်းစေမှုကြောင့်သာဖြစ်ကြောင်း ဒီကေဘီအေ ကလို့ထူး ဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က ကေအိုင်စီကို ယခုလို ပြောသည်။
“အဲဒီပါတီက ကြံ့ဖွံ့စစ်အစိုးရ ဦးသိန်းစိန်ရဲ့ ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပြောခိုင်းတာ ပြောနေရတဲ့သူတွေ။ ဒီကေဘီအေ ရှိမရှိ ဆိုတာ ကားလမ်းပေါ်ထွက်ပြလို့ ပြည်သူတွေသိပြီးသား။ အစိုးရ DKBA ကို ပပျောက် စေချင်တာ ကြာပြီ။ ဒီအစိုးရက တိုင်းရင်း သားအားလုံးနဲ့ ကမ္ဘာကို လှည့်စားနေတာပဲ။”ဟု ပြောသည်။
KSDDP ၏ ကြေညာချက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အား တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသားအစည်းအရုံး(DKBA)ဟု သုံးနှုန်းဖော်ပြထားသလို နယ်ခြား စောင့်တပ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ရက်စွဲကို (၁၈-၈-၂၀၁၀)အစား (၁၈-၈-၂၀၁၁)ရက်ဟု မှားယွင်း ဖော်ပြထားသည်။
အဆိုပါသတင်းကြေညာချက်ကို မြန်မာစံတော်ချိန် နံနက် ၅း၃၀နာရီမှ ၈နာရီအထိ ထုတ်လွှင့်သည့်“ပိတောက် မြေ အသံလွှင့် ဌာန”မှလည်း ကြေညာသွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ရက်နေ့မှစ၍ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ အစိုးရတပ်ကို ပြန်လည်တိုက်ခိုက်နေ သည့် ဗိုလ်ချုပ် စောလားပွယ် ဦးစီးသော DKBA ကလို့ထူးဘောဗျူဟာတပ်ဖွဲ့သည် ယခုအချိန်တွင်ကရင် အမျိုးသားအစည်းအရုံး(KNU)နှင့် ပူးပေါင်းလက်တွဲကာ အစိုးရတပ်များကို ဆက်လက်တိုက်ခိုက်သွား မည်ဟုလည်း ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
သြဂုတ်လ ၁၈ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြေညာချက်အမှတ် ၁/၂၀၁၁ဖြင့် ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းရေးဖိတ် ခေါ်ချက်မှာ တပြည်လုံး အတိုင်းအတာ မဆောင်သည့်အတွက် ယာယီဖြစ်သည့်ဆေးမြီး တိုဖြင့် ကုသခြင်းသာဖြစ်ကြောင်း DKBA ကလို့ထူးဘောစစ်ဌာနချုပ်က သြဂုတ်လ ၂၂ရက်နေ့တွင်သဘော ထား ကြေညာချက် ပြန်လည် ထုတ်ပြန်ခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင် ကေအဲန်ယူထံ ပူးပေါင်းခဲ့သည့် KSDDP ပါတီ မြဝတီမြို့နယ်မြောက်ပိုင်း စည်းရုံးရေးမှူး စောဖိုးကလိက “ဒီပါတီဆိုတာက ဒီကေဘီအေနဲ့ ဘာမှမဆက်စပ်ဘူး။ အစိုးရက ဒီကေဘီအေကို ပေးဖျောက်ချင်နေတာ။ တကယ်တော့ သူတို့ဘယ်လိုပဲပြောပြော ဗိုလ်နှုတ်ခမ်းမွှေးတို့၊ ဗိုလ်ဘိတို့က ဒီကေဘီအေ ဘက်တံဆိပ်ကို မဖြုတ်ဘဲ အခုထိ စစ်တပ်ကို ပြန် တိုက်နေတာပဲလေ။”ဟု ဆိုသည်။
ယခု လက်ရှိအချိန်တွင် ရွေးကောက်ပွဲကို လက်မခံခဲ့သည့် ကလို့ထူးဘော အခြေစိုက် DKBA နှင့်မြိုင်ကြီးငူ တစ်ဝိုက်ရှိ နယ်ခြား စောင့်တပ်ကို ဆန့်ကျင်တော်လှန်ခဲ့သည့် ဗိုလ်မှူးစောဘိဦးစီးသောအဖွဲ့ ကလည်း DKBA အဖြစ်သာ ဆက်လက် ရပ်တည်ရင်း ကေအဲန်အယ်လ်အေတပ်ဖွဲ့ဝင်များ နှင့်အတူ အစိုးရစစ်တပ်ကို ပြန်လည် တိုက်ခိုက်လျှက်ရှိသည်။
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(Karen State Democracy and Development Party)ကို ဥက္ကဌ စောသာထူးကျော်၊ ဒုဥက္ကဌ စောအောင်ငွေနှင့် အတွင်းရေးမှူး စောသန်းမြတို့ဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ်၏ စီးပွားရေးဝန်ကြီး ဦးစိုင်းချစ်လှိုင်မှာ KSDDP ပါတီမှ ဖြစ်သည်။