နယူးဒေလီ (မဇ္စျိမ) ။ ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ မှန်ကန်သည့် သတင်း အချက် အလက်များ ထုတ်ပြန်ရန်ဖွဲ့စည်း ပုံ အခြေခံပါ နိုင်ငံသား အခွင့်အရေးအရပြည် ထောင်စု တရားလွှတ်တော်ချုပ်တွင် အစိုးရကို တရားစွဲဆို တောင်းဆိုသွားရန် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် တသီးပုဂ္ဂလနှင့် ပါတီကိုယ်စားလှယ် များက ပြင်ဆင်နေသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဒေါ်ဘောက်ဂျာနှင့် ဦးမင်းအောင်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင််မျိုးဦး၊ ဦးစိုးကြည် နှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးဝင်းချိုတို့ကတရားလို အနေဖြင့် အစိုးရကို တရားစွဲဆိုမည် ဖြစ်သည်။
“အဲဒီမြစ်ဆုံဆည်ကြီးဟာ အကျိုးဖြစ်ထွန်းမှုမှာ ကျနော်တို့ နိုင်ငံသားတွေ ဘယ်လောက်ထိသက်ဆိုင်မှု ရှိသလဲ။ ဒီအတိုင်းပဲ အကျိုးရှိမှာဖြစ်သလို အပြစ်ရှိမှာဖြစ်တဲ့အတွက် အပြစ်နဲ့ပတ်သက်တဲ့ဒုက္ခတွေ၊ ဒီမြစ်ဆုံဆည်ကြီးနဲ့ ပတ်သက်တဲ့ အပြစ်တွေကို ကျနော်တို့ ပြည်သူပြည်သားတွေ ဘယ်လောက်ထိခံရမလဲ” ဟု ဦးဝင်းချိုကမဇ္စျိမ ကို ပြောသည်။
သူက ဆက်ပြီး “အဲဒီဆည်တွေ အားလုံးရဲ့ဆိုးပြစ်တွေကို မြန်မာပြည်သူတွေ ခံရမှာ ကျိန်းသေတယ်။ ဒါပေမဲ့
ကောင်းကျုုိး ဘယ်လောက်ခံစားရမလဲဆိုတဲ့ကိစ္စကိုကျတော့ ကျနော်တို့ကိုယ်တိုင် တိတိကျကျ မသိဘဲနဲ့ ပြည်ပ မီဒီယာတွေက နေပြီးတော့ ထုတ်လွှင့်သလောက်ကိုပဲ သိရတဲ့အခါမှာ ကျနော်တို့ ပြည့်ပြည့်စုံစုံ နားထောင်ချင်တာပါ။ သိချင်တာပါ” ဟု ဆိုသည်
ဆည်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် မည်မျှအကျိုးရရှိမည်၊ ဆိုးကျိုးမည်မျှခံရမည်ကို တိကျစွာ ထုတ်ပြန်သေးခြင်းမရှိသည့်အပြင် ဆည်ကြောင့် ဧရာဝတီမြစ် ပျောက်ကွယ်မည့်အရေး စိုးရိမ်မှုများကြောင့် ယခုကဲ့သိုလုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက “နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” ကဏ္ဍအရ ပြည်သူ လူထု အနေဖြင့် မိမိ၏ အခွင့်အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတဆင့် နိုင်ငံတော်အား တရားစွဲဆိုပိုင်ခွင့်ရှိသည်။
နိုင်ငံသား အခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက စစ်ဆေးရန် အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေးနှင့် အမှုခေါ် စာချွန်လွှာများကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာရှိကြောင်း ပြဋ္ဌာန်းထားသည်။
တရားစွဲဆိုမှုကို တားမြစ်စေနှင့် အာဏာပိုင်မေးစာချွန်တော်များအပေါ် အခြေခံ၍ လျှောက်ထားမည်ဖြစ်ကာ ယခုကျင်းပနေသည့် လွှတ်တော်အတွင်း ဆည်တည်ဆောက်မှုနှင့်ပတ်သက်၍ တစုံတရာ ဆွေးနွေးပြော ဆိုခြင်း၊ တရားဝင်ထုတ်ပြန်ခြင်းမရှိပါက လွှတ်တော်ပြီးသည်နှင့် တင်သွင်းသွားမည် ဖြစ်သည်။
“လွှတ်တော်ပြီးဆုံးတဲ့အချိန်မှာမှ ဧရာဝတီမြစ်ရဲ့ မြစ်ကြီးပျောက်ပျက်သွားနိုင်တဲ့အကြောင်းအရာနဲ့ မြစ်ဆုံမှာ တည်ဆောက်နေတဲ့ စီမံကိန်းနဲ့ အကြောင်းအရာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ မသိသေးဘူးဆိုရင် ကျနော်တို့ အဲဒီအခွင့်အရေးကို အသုံးချရမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းချိုက ဆိုသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် စစ်မတ်ဖြစ်ပွားချိန်၊ တိုင်းတပါးမှ ကျူးကျော် ဝင်ရောက်ချိန်နှင့် နိုင်ငံတွင် ဆူပူမှုဖြစ်နေချိန်တွင် အများပြည်သူ လုံခြံုရေးအတွက် လိုအပ်သည့်ကိစ္စမှတပါး အခွင့်အရေး တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုဟုလည်း ပြဋ္ဌာန်းထားသည်။
ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည် ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်များကို တရုတ်နိုင်ငံသို့ ရောင်းချသွားမည် ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြစ်ဆုံဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈ဝဝဝ ရှိကာ ဆည်အမြင့် ၁၅၂ မီတာ (ပေ ၅ဝဝ) နှင့် အထက် ရေလှောင်ကန်အမြင့်မှာ ၂၉၉ မီတာ (ပေ ၉၈ဝ) ရှိသည်။
ဆည်နှင့် ရေလှောင်ကန်တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည့်နေရာ အကျယ်အဝန်းသည် စင်္ကာပူ နိုင်ငံထက် ကျယ်ပြီး၊ ကျေးရွာအများအပြား ပျက်စီးပြောင်းရွှေ့ရမည်၊ ကျေးရွာလူထု ၁၅,ဝဝဝ ခန့်အထိ ထိခိုက် နစ်နာဖွယ် ရှိနေသည်။
အလားတူ မြစ်ဆုံရေကာတာ ရပ်ဆိုင်းပေးရန် နာမည်ကြီးစာရေးဆရာများနှင့် အနုပညာရှင်များအပါအဝင် ပြည်သူ ၁၆ဝဝ က သမ္မတဦးသိန်းစိန်ထံ လက်မှတ်ရေးထိုးတောင်းဆိုမှုကို စက်တင်ဘာ ၁ ရက်နေ့ကပြုလုပ် ခဲ့သည်။
သမ္မတဦးသိန်းစိန်ထံလိပ်မူ၍ “ဧရာဝတီမြစ်ကြီး မတိမ်ကော မပပျောက်စေရေးနှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများ မပျက်စီး မဆုံးရှုံးစေရေးအတွက် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခြင်း” အမည်ဖြင့် ဧရာဝတီ ထာဝရရှင်သန်လိုသူများက စာတိုက်မှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“မြစ်ဆုံရေကာတာကြီး ဆောက်လိုက်လို့ ဧရာဝတီမြစ်ကြီး တိမ်ကောသွားရင် အမတို့ နောင် အနာဂတ် မျိုးဆက်သစ် အားလုံးအတွက် ကောင်းမွေတွေကို ထားခဲ့နိုင်မှာ မဟုတ်ဘဲနဲ့ ဆိုးမွေများသာ ဖြစ်သွားလိမ့်မယ်” ဟု လက်မှတ်ထိုးတောင်းဆိုမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသူ မနုနုက မဇ္စျိမကိုပြော သည်။
သမ္မတအပါအဝင် ဒုသမ္မတနှစ်ဦးထံ့ ပေးပို့ခဲ့သည့် ပန်ကြားလွှာတွင် မြစ်ဆုံရေကာတာ အပါအဝင်မြစ်ချောင်း များ၊ ဆည်မြောင်းတာတမံ ဆိုင်ရာ ဆန်းစစ် သုသေနပြုချက်များကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျ ပြန်လည် သုံးသပ်ရန်နှင့် ပြည်သူလူထုထံ မှန်ကန်ပွင့်လင်းစွာ ထုတ်ဖော်အသိပေးရန် တောင်းဆို
ထားပြီး သုတသနပြုနေချိန်အတွင်း စီမံကိန်းများ ရပ်တန့်ထားရန်ပါ မေတ္တာရပ်ခံထားသည်။
လက်မှတ်ထိုးကောက်ခံမှုကို သြဂုတ်လ ၁၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ တခုတွင်းသာကောက်ခံရသေးသည်။ လက်မှတ်ထိုး ကောက်ခံမှုကို အချိန် တလ သတ်မှတ်ထားသော်လည်း လက်မှတ်များ ရရှိနေသည့် အတွက် ကြိုတင်ပေးပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ထပ်မံရရှိသည့်လက်မှတ် များ ကိုလည်း စက်တင်ဘာလလယ်ပိုင်းတွင် ထပ်မံပေးပို့သွားမည် ဖြစ်သည်။
“နဂိုအခြေအနေကိုတောင် ကျနော်တို့က ပြန်ပြုပြင်ရမယ့်အနေအထားရှိတယ်။ သောင်ထွန်းတာတို့ ဘာတို့ ဒါတွေက တော်တော်များနေတဲ့အချိန်မှာ ဒီလိုရေကာတာဆောက်တယ်ဆိုတော့ ဒါ အန္တရာယ် အလွန်များ တယ်။ နဂိုအနေအထားကိုက ကျနော်တို့ ပြန်ပြီးပြုပြင်ဖို့၊ ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်” ဟု တောင်းဆိုလက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သည့် နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော် သူက ဆိုသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီအတွက် ပန်ကြားခြင်း” အမည်ဖြင့် ပန်ကြားလွှာ တစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ကာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှု ဆိုင်ရာ ဥပဒေများ မလိုက်နာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတအားနည်းခြင်း များကြောင့် ဧရာဝတီမြစ် ပျက်စီးနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ဧရာဝတီမြစ်က ကျနော်တို့မြန်မာပြည်ရဲ့ အသက်သွေးကြောလေ။ ဧရာဝတီမြစ်မရှိရင် မြန်မာလူမျိုးဆိုတာ လည်း ရှိမှာမဟုတ်ဘူး။ ပျောက်သွားလိမ့်မယ်။ ကျနော်တို့က မြန်မာလူမျိုးပီသရင်တော့ မြန်မာနိုင်ငံမပျောက် ကွယ်ဖို့က တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာ လူမျိုးပီသစွာနဲ့ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ပြောဆိုသည်။