နယူးဒေလီ(မဇ္စျိမ) ။ ။ ချင်းပြည်နယ်ကိုဆင်းရဲ မှုလျော့ချရေး အထူးဒေသအဖြစ် သတ်မှတ်ရန် အပါအဝင် အဆို ၅ ခုကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးရန် ဘဏ္ဍာငွေခွဲတမ်းပိုမိုချထားစေ လိုသည့် ချင်းတိုးတက်ရေး ပါတီ CPPကတင်ပြ ထား သည်။
အထူးဒေသ သတ်မှတ်ရေး အပါအဝင် ပြည်နယ် အစိုးရ အုပ်ချုပ်မှု လက်အောက်တွင် ရှိရန်လိုအပ်သည့် ချင်းပြည်နယ် သစ်ထုတ်လုပ်ရေး ဝင်ငွေခွန်ကိစ္စ၊ ပလက်ဝမြို့နယ်ရှိ ကျောက်ပန်းတောင်ဒေသကိုဘေးမဲ့ သစ်တော ဧရိယာသတ်မှတ်ရေး၊ ဖလမ်းမြို့နယ်ရှိ ထုံးကျောက်တောင်တွင် ဘိလပ်မြေစက်ရုံတည် ဆောက်ရေး၊ ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့်ရှိသော အလတ်စားနှင့် အသေးစား ရေးအားလျှပ်စစ်တည် ဆောက်ရေးတို့ကို ဆွေးနွေးသွား မည် ဖြစ်သည်။
“အဆိုတွေကို အထောက်အထားတွေနဲ့တကွ စာရွက်စာတမ်းတွေ တင်ထားပြီးသွားပါပြီ၊ ကျနော်တို့ ပါတီက အလှည့်ကို စောင့်နေတာပါ”ဟု CPP ပါတီမှ အထွေထွေအတွင်းရေးမှူး ပူးရှိန်းထွန်းက မဇ္စျိမကို ပြောသည်။
ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ် ပိုမိုရရှိနိုင်မည့် အထူးဒေသအဖြစ် သတ်မှတ်ဆောင်ရွက်မှသာ ချင်းပြည်နယ် တိုးတက်မှုသည် အခြားပြည်နယ်တိုင်းများကို ရင်ဘောင်တန်းနိုင်မည် ဖြစ်ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်ဟု CPP ပါတီကပြောသည်။
“ကျန်တဲ့ပြည်နယ်တွေကို သိန်း ၁,ဝဝဝ ချပေးတယ်ဆိုရင် အထူးဒေသဖြစ်တော့ သိန်း ၁,၂ဝဝလောက် ပေးတာမျိုးပေါ့။ ဒီလိုလုပ်မှပဲ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေနဲ့ ရင်ဘောင်တန်းနိုင်မယ် နောက်မို့ဆိုရင် မလွယ်ဘူး” ဟု CPP ပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် က မဇ္စျိမကိုပြောသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ရန် ပြည်နယ်အစိုးရ၏ ဝင်ငွေဖြင့် လုံလောက်မှု မရှိနိုင်သဖြင့် ပြည်ထောင်စု အစိုးရ၏ အကူအညီ ရနိုင်ရန် CPP ပါတီက မျှော်လင့်သည်။ ဝင်ငွေခွန်နှင့်ပတ်သက်၍ ချင်းပြည်နယ် နယ်နိမိတ် အတွင်းရှိ သစ်ထုတ်လုပ်ငန်းများတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား လုပ်ပိုင်ခွင့် မရှင်းမလင်း ဖြစ်နေသည့်အပေါ် လွှတ်တော်တွင် မေးမြန်း ဆွေးနွေးသွားမည်ဖြစ်သည်။
“ချင်းပြည်နယ်ဝန်ကြီးလက်အောက်မှာ ချင်းပြည်က သစ်တောတွေ ရောက်လာဘူး၊ စစ်ကိုင်းရောက်လိုက် မကွေးတိုင်း ရောက်လိုက် ဖြစ်နေတာပေါ့။ အခုခုတ်ပြီးသားပြီတွေကိုလည်း ရောင်းရတာတွေကို အခွန်အဖြစ် ချင်းပြည်နယ်အစိုးရမှာ ဝင်စေချင်တာပေါ့၊ ကျနော်တို့ လုပ်ပိုင်ခွင့်လို့ မြင်တယ်” ဟု ဦးနိုထန်ကပ်က ပြောသည်။
ထို့ပြင် ဖလမ်းမြို့နယ်ရှိ ထုံးကျောက်ထွက်ရာ ဒေသတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ပါကပြည်နယ် အတွင်း ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းရာရောက်သဖြင့် ပြည်ထောင်စု အစိုးရ၏ထောက်ပံ့မှုဖြင့် တည်ဆောက်ရန် တင်ပြမည်ဟု ဆိုသည်။
လက်ရှိကျင်းပနေသည့် လွှတ်တော်၌ သြဂုတ်လ ၂၄ ရက်နေ့ အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်
အမှတ် ၁ဝ မှ ကြံ့ခိုင်ရေး ပါတီကိုယ်းစားလှယ် ဦးမနားနိုင်က နိုင်ငံတော် စီမံကိန်းအဖြစ်တည်ဆောက် နေသည့် မဏိပူရနှင့် မြစ်သားမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းများမှ ချင်းပြည်နယ်ကန်ပက်လက်မြို့ အတွက် လျှပ်စစ် ဓါတ်အားပေး မပေး သိလိုကြောင်း မေးမြန်းခဲ့သေးသည်။
အမှတ် ၂ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ဂန့်ဂေါမှ မတူပီအထိ ၆၆ ကေဗွီ ဓါတ်အားလိုင်းများကို နောက်နှစ်အတွင်း အပြီးတည်ဆောက်နေကြောင်းနှင့် မဏိပူ နှင့် မြစ်သား ရေအားလျှပ်စစ် စီမံကိန်း ပြီးစီးပါက ချင်းပြည်နယ်တွင် လျှပ်စစ်ဓါတ်အား ပိုမိုသုံးနိုင်မည်ဟုပြန်လည်ဖြေ ကြားခဲ့သည်။
သို့သော် CPP ပါတီက “၆ နှစ်ကျော်ပြီ ရေလွှဲတဲ့ ဥမင်လိုဏ်ခေါင်း ဆောက်တာ တဝက်လောက်တောင် မရောက်သေးဘူး”ဟု ချင်းပြည်နယ် ဖလမ်းမြို့အနီး တည်ဆောက်ဆဲ မဏိပူရ ရေအားလျှပ်စစ် စီမံကိန်း အခြေအနေကို ပြောပြသည်။
ပြည်နယ် အစိုးရက သက်တမ်း ၄ လကျော်အတွင်း မည်မည်ရရ လုပ်ဆောင်မှုများ မတွေ့ရကြောင်းနှင့် လက်ရှိကျင်းပနေသည့် လွှတ်တော် အပြီးတွင် ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ရနိုင်မည်ဟု
CPP က ရှုမြင်သည်။
ယခင်ကျင်းပခဲ့သော လွှတ်တော်တွင် CPP မှ ဂန့်ဂေါလမ်း ပြုပြင်ပေးရေး၊ ချင်းပြည်နယ်အတွင်းသင့်တော် သည့်ဒေသများတွင် ကောလိပ်ကျောင်းများ ဖွင့်ပေးရေး၊ သင်တန်းဆင်း ချင်းအမျိုးသား ဆရာဝန်များကို ဆမ လိုင်စင် အမြန်ချပေးပြီး ချင်းပြည်နယ် လိုအပ်သည့် ဒေသများသို့ လွှတ်ရေး အဆိုများ တင်သွင်းခဲ့ဖူးသည်။
ပြည်ထောင်စု လွှတ်တော်တွင် CPP ပါတီ၏ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးကျောန်ခဲန်၊ ဦးယုံလှေးထန်၊ ဦးဝှေ့ယန်း၊ ဦးပေါလ်လျန်လွင်၊ ဦးခွန်းလိန်၊ ဦးပိုက်လင်း တို့ ပါဝင်သည်။
မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း ၁၄ ခုအနက် ချင်းပြည်နယ်မှာ အဆင်းရဲဆုံး ပြည်နယ်အဖြစ် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၏ ၂ဝ၁၁ ခုနှစ် ဇွန်လထုတ် စစ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။