ကန့်ကွက်မှုများသည့် မြစ်ဆုံစီမံကိန်း မှတ်တမ်းတင် ဗီဒီယိုဖြန့်ချိ

ကန့်ကွက်မှုများသည့် မြစ်ဆုံစီမံကိန်း မှတ်တမ်းတင် ဗီဒီယိုဖြန့်ချိ
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင်(မဇ္စျိမ) ။      ။ လူပြော သူပြောများကာ ကန့်ကွက်ခံနေရသည့် မေခ၊ မလိခမြစ် ဆုံရာတွင် တည်ဆောက် မည့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး ယင်းဆည်ကို တာဝန်ယူဆောက်လုပ် နေသည့် တရုတ် ကုမ္ပဏီမှ ရိုက်ကူး ဖြန့်ချိထားသော မှတ်တမ်းတင် ဗီဒီယိုတခုကို ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာ သို့ပြန်ဆို၍ ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI ကုမ္ပဏီ၏ ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်း Sinohydro Corporation ဌာနခွဲ ၁၁ မှ  “ခက်ခဲပြင်းထန်သော မြစ်ကြီးနားတိုက်ပွဲ” အမည်ဖြင့် မြစ်ဆုံ ရေကာတာ စီမံကိန်း လုပ်ငန်း စတင်အကောင်အထည် ဖော်နေမှုများကို ပြီးခဲ့သည့် မေလကဗီဒီယိုမှတ်တမ်း တခု ရိုက်ကူးပြီး တရုတ်ဘာသာဖြင့် ဖြန့်ချိထားသည်။

ထိုမှတ်တမ်းပါ မေးမြန်းချက် အချို့ကို အင်္ဂလိပ်နှင့် မြန်မာနှစ်ဘာသာဖြင့် စာတမ်း ထိုးပေးထားပြီး မြစ်ဆုံ ရေကာတာဆောက်လုပ်ရေး ပထမဆင့်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်ရန် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည်ဟု ယင်းမှတ်တမ်း ဗီဒီယိုကို KNDG ၏ ဝဘ်ဆိုဒ်တွင်လည်း ထပ်မံ ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း၏ ပထမဆင့်အဖြစ် ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်းမှ အလုပ်သမား ရဝဝ က တူးမြောင်း တူးခြင်း၊ မြောင်းဖောက်ခြင်း၊ တံတား၊ လမ်းဖောက်လုပ်ခြင်း စသည့် ဆောက်လုပ်နေရာ လုပ်ငန်း ၈ ခု လုပ်ကိုင် ရမည် ဖြစ်သည်။

တရုတ် အလုပ်သမားများ၊ အင်ဂျင်နီယာများ၊ စီမံအုပ်ချုပ်ရေးမှူးများ အားလုံးက မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ အပြင်းအထန် လုပ်ကိုင်နေပြီ ဖြစ်ပြီး ဌာနအနေဖြင့် တရုတ်လူငယ်များကို လုပ်ငန်း အကျိုး သက်ရောက်မှု ရှိရန်အတွက် စည်းစနစ်ကျသော စီမံခန့်ခွဲမှုများနှင့် အတူ အလုပ်အကိုင် အခွင့်အလမ်းများပေးခြင်းနှင့် သင်တန်းများပေးနိုင်သည်ဟု မှတ်တမ်းအရ သိရသည်။

CPI ကုမ္ပဏီ၏ အတွင်းရေးမှူးနှင့် မြစ်ဆုံစီမံကိန်း၏ လက်ထောက် ညွှန်ကြားရေးမှူးဖြစ်သူ Dong Kequan က “စနစ်ကျတဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ ဒီဧရာဝတီစီမံကိန်းကို အချိန်မီ လုပ်ဆောင်ခြင်းနဲ့ တရုတ် ရေအား လျှပ်စစ် စီမံကိန်းကို ပုံရိပ်ကောင်းပေါ်စေပြီး မြန်မာနိုင်ငံမှာ စျေးကွက်တွေ ထပ်ချဲ့သွားမယ်”ဟု ဗီဒီယို မှတ်တမ်းတွင်ပြောဆိုသွားသည်။

ထို့ပြင် အမှတ် ၁ တောင်တန်းဒေသ စီမံကိန်းမှ မြေသား ကုဗမီတာ တသန်းကျော် တူးဖော်ခဲ့ပြီး ၄.၃ ကီလိုမီတာရှိကျောက်ခင်းလမ်း၊ တံတား ၄ စင်း၊ ဥမင်လိုဏ်ခေါင်း ၃၀ ခုနှင့် ရ ကီလိုမီတာ အကျယ်ရှိ ကျောက်ခင်းလမ်း တို့ကိုဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်းလည်း ပါရှိသည်။

မြစ်ဆုံရေကာတာသည် မြန်မာနိုင်ငံတွင် ဧရာဝတီ မြစ်ပေါ်ရှိ အကြီးများဆုံး ရေကာတာကြီး ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ၆,ဝဝဝ မီဂ္ဂါဝပ် ထုတ်လုပ်မှာဖြစ်ကာ စီမံကိန်းတွင် အခက်အခဲ အနှောက်အယှက် ရှိသော်လည်း ပြီးဆုံးအောင် လုပ်ဆောင်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသည်။

“တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ပြေး ဒုက္ခသည်တွေ အိမ်ပြန်ဖို့ ထိန့်လန့်နေတဲ့ အချိန်မှာ မြစ်ဆုံ စီမံကိန်းကို အရှိန်အဟုန်မြှင့် ဆောက်လုပ်လာတာ တွေ့ရတယ်။ အစိုးရက တရုတ်တွေကို ဧရာဝတီမြစ်ကြီး ဖျက်ဆီးဖို့ လုံးဝ တရုတ် လက်ထဲ အပ်လိုက်တယ်ဆိုတာ ဗီဒီယိုဖိုင်ကို ကြည့်ခြင်းအားဖြင့်လည်း တွေ့ရတယ်။ အဲဒါကြောင့်မို့ တရုတ် အစိုးရနဲ့ မြန်မာအစိုးရကို ပြည်သူလူထုရဲ့ ဆန္ဒကို ပြန်လည် သုံးသပ်ဖို့ ဆိုးကျိုး ဖြစ်စေမယ့် မြစ်ဆုံရေကာတာကို ရပ်ဖို့ တောင်းဆိုချင်တယ်” ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ပြောခွင့်ရသူ မအားနန်က မဇ္စျိမကို
ပြောသည်။

“သူတို့ဝဘ်ဆိုဒ်မှာလည်း အတိအလင်း ကြေငြာထားတယ်။ ဒီကုမ္ပဏီဌာနခွဲ နံပါတ် ၁၁ က အလုပ်သမားက ရဝဝကျော်၊ အခုက ပထမအဆုံး ဒီနှစ်အတွင်းမှာ လုပ်မယ်လို့ ပြောထားတယ်။ တရုတ် လူငယ်တွေကို ပေးနိုင်မယ် ဆိုတဲ့အကြောင်း အတိအလင်းပြောထားတယ်”ဟု သူက ထပ်ပြောသည်။

တရုတ်ကုမ္ပဏီများမှ အလုပ်သမား ရဝဝ ကျော်အပြင်၊ မြန်မာလုပ်သား ၂,၆ဝဝ ကျော်သည်လည်း ယင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေကြောင်း သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ ဆောင်းပါး တပုဒ်တွင် ဖေါ်ပြ ထားသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ အနုပညာရှင်များ၊ စာပေအသိုင်းအဝိုင်း များနှင့် လူငယ် ကွန်ယက်များက မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ဧရာဝတီမြစ် ပျက်စီးမည့် စီမံကိန်းကို ရပ်တန့်ရန် ပူးပေါင်း ကန့်ကွက်နေသည့် ကြားက စီမံကိန်းကို ဆက်လက် ဆောက်လုပ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီမြစ်ပေါ် တည်ဆောက်ထားသော ရေကာတာကြောင့် သဘောဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် တခြားဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“စနစ်ကျသော စီမံကိန်းများ ကင်းမဲ့မှု၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့သည် ပြဿနာပေါင်းစုံကို ဖြစ်ပေါ်စေခဲ့ပါသည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် ပန်ကြားလွှာတွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်က မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟု ကချင်အမျိုးသားတို့၏ ခံယူချက်များ ပိုမိုနက်ရှိုင်းလာခဲ့သည်ဟု လည်း သူက သတိပေးထားသည်။

ဧရာဝတီမြစ် ပျက်သုဉ်းမည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ကန့်ကွက်သည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင်
ပါဝင်သူ သြဇာရှိ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက “ဒါက မလုပ်သင့်ဘူး၊ မြစ် မတိမ်ကောဖို့ လုပ်ရမှာ၊ဧရာ ဝတီဆိုတာ မြန်မာပြည်ရဲ့ အသက်သွေးကြောပဲ၊ ဒါကြောင့် ဧရာဝတီမြစ် အန္တရာယ်ဖြစ်နိုင်တဲ့အတွက်စိုးရိမ် လို့ ဗမာလူမျိုး တယောက်အနေနဲ့ လက်မှတ်ထိုးတာပါ”ဟု ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင်မူ သတင်းထောက် တဦးက စီမံကိန်းနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန လုပ်ထားမှု ရှိ၊ မရှိမေးမြန်းမှုကို ရေအားလျှပ်စစ် စီမံကိန်း ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကြီးစိုးမှ ဧရာဝတီ အထက်ပိုင်းကစူးစမ်းလေ့ လာပြီးပါပြီ၊ ဧရာဝတီမြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်အထိ စူးစမ်းလေ့လာနေဆဲပါ”ဟု ဖြေကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းများကြောင့် ပျက်စီးသွားမည့် ဧရာဝတီကိုကာကွယ်ရန် တောင်းဆိုနေမှုများကို အစိုးရအနေဖြင့် အလေးထားရန်နှင့် ပြန်လည် သုံးသပ်သင့်ပြီ ဖြစ်ကြောင်း လက်ရှိ ရွေးကောက်ပွဲ ပါတီများက ပြောဆိုထားချိန်
သော်လည်း စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။ သို့သော် လွတ်တော်အစည်း အဝေးတွင် ဧရာဝတီ ဖြစ်ပေါ်ဆောက်မည့် မြစ်ဆုံ ရေကာတာအကြောင်းကို တင်သွင်းမှုများ မရှိသေးပေ။

မြန်မာအစိုးရနှင့် တရုတ်အစိုးရကို ဆက်လက် အကောင်အထည် ဖော်ဆောင်မှုကို ရပ်တန့်ရန်နှင့် ပြည်တွင်း၊ပြည်သူလူထု အားလုံး ပူးပေါင်း ကာကွယ်ကြရန် မအားနန်က ထပ်မံ တောင်းဆို လိုက်သည်။

“မြန်မာပြည်သူ တရပ်လုံးကို ကျိုးဆိုးဖြစ်စေမယ့် ရေကာတာကို အဖွဲ့အစည်းတွေကိုယ်တိုင် ကန့်ကွက်နေ တဲ့ကြား က တရုတ်အစိုးရနဲ့ မြန်မာအစိုးရက ကိုယ့်နိုင်ငံ ပြည်သူလူထုရဲ့ ဆန္ဒကို လစ်လျူရှုထားတယ်ဆို တာလည်း ပြောချင်တယ်။ အခုအချိန်က အရမ်းအရေးကြီးနေတဲ့ အချိန်ဖြစ်နေလို့ အားလုံးပူးပေါင်းပြီးတော့ ကယ်တင်ရမယ်ဆိုတဲ့ အကြောင်းကိုပြောချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ဆည်နှင့် ရေလှောင်ကန် ဆောက်မှုကြောင့် ရေလွှမ်းမိုးမှု အကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံထက် ကျယ်ပြီးမြစ်အောက်ပိုင်းရှိ ပြည်သူလူထု သန်းပေါင်းများစွာ ထိခိုက် နစ်နာဖွယ်ရှိသဖြင့် ကာကွယ်ရန် KDNG က ထုတ်ပြန်ထားသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာစီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာငါးခု၊ မလိခမြစ်မှာ နှစ်ခု ပိတ်ရမည် ဖြစ်သည်။ မြစ်ဆုံဆည် စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ကို တရုတ်နိုင်ငံ သို့ ရောင်းချကာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းမှ ၅၉၇ သန်းအထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။

လက်ရှိ အစိုးရနှင့် ပူးပေါင်းကာ အေးရှားဝေါ် ကုမ္ပဏီတို့က စီမံကိန်း ပတ်ဝန်းကျင်ရှိ အိမ်ခြေ ရဝဝ ခန့်ကို မြစ်ဆုံဆည်အောက်ဘက် ၆ မိုင်ခန့် အကွာတွင် စံပြကျေးရွာ အဖြစ် ပြန်လည် နေရာချထားသော်လည်း စားဝတ်နေရေး အတွက် လုပ်ကိုင်စားသောက်မည့် မြေယာ မရှိခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ သည်ဟု မအားနန်ကပြောသည်။

“ရွာသားတွေက လယ်လုပ်၊ ဥယျာဉ်လုပ်ပြီးနေရတယ်။ စံပြကျေးရွာမှာက အိမ်တလုံးနဲ့ပဲ နေရတယ်။ သူတို့ အနာဂတ်အတွက် လယ်မရှိဘူး။ တချို့ဆို အရက်ရောင်းပြီးတော့ နေနေရတယ်။ အေးရှားဝေါ်က ဆန်၊ မီးပေးတယ်ဆိုပေမယ့် ရေကာတာပြီးလို့ ထွက်သွားတဲ့အခါ သူတို့အနာဂတ်ဘာမှ မရှိဘူး။ စံပြကျေးရွာဆိုတာ စံပြဒုက္ခသည် စခန်းနဲ့အတူတူဘဲ”ဟု သူက မဇ္စျိမကို ပြောသည်။

KIO (ကချင်လွတ်မြောက်ရေးအဖွဲ့)က စစ်ပွဲမဖြစ်ပွားမီ ယခုနှစ် မတ်လ ၁၆ ရက်နေ့က တရုတ်သမ္မတ ဟူကျင်းတောင်ထံ ရေးသားပေးပို့သော အိတ်ဖွင့်ပေးစာတွင် “အကယ်၍ ဤရေအားလျှပ်စစ်စီမံကိန်းနှင့် ဆည်တည်ဆောက်ရေး စီမံကိန်းတို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့လျှင် မိမိတို့တွင် တာဝန်မရှိကြောင်း စစ်အစိုးရကို အကြောင်းကြားခဲ့သည်”ဟု ဖေါ်ပြထားပြီး စာကို KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား မှ လက်မှတ်ထိုးထားသည်။

မြန်မာအစိုးရဘက်က တာပိန် ရေအားလျှပ်စစ်စီမံကိန်း အနီးရှိ KIA ယာယီစခန်းကို ဇွန်လ ၁၁ ရက် နောက် ဆုံးထား ဖယ်ရှားခိုင်းရာက ဇွန် ၁၂ ရက်နေ့တွင် အစိုးရတပ်နှင့် KIO တပ်ဖွဲ့များအကြားတိုက်ခိုက်ခဲ့ သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။ သို့သော် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ခဲ့ကြရာမှ ယခုထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဧရာဝတီမြစ်ဆုံ မေခ၊မလိခ ရေအားလျှပ်စစ် စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး၊ယီနန်၊ ဗီဇော၊ လိုင်ဇာ စသည့် စီမံကိန်း စုစုပေါင်း ရှစ်ခု ပါဝင်ပြီး ယင်းစီမံကိန်းအားလုံးကို ၁၅ နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်ဟု သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ ဆောင်းပါးတွင် ဖော်ပြထားသည်။