မြောက်ပိုင်း SSA က ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ရှိ

မြောက်ပိုင်း SSA က ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ရှိ
by -
ဇော်ကြီး

အစိုးရက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ  SSA/SSPP    တပ်ဖွဲ့ က အစိုးရနှင့် ပဏာမအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ရန် အစီအစဉ်ရှိကြောင်းအဖွဲ့ပြော ခွင့်ရပုဂ္ဂိုလ်က ပြောသည်။

 “သမ္မတကြီး သိန်းစိန်ကိုယ်တိုင် မိန့်ခွန်းထဲမှာလည်း အဲဒီလို ပြောနေတယ်။ သတင်းစာထဲမှာရော ပြည်နယ်အစိုးရတွေဆီမှာ ကမ်းလှမ်းဖို့ တင်မျိုးကြည်က လက်မှတ်ထိုး ထုတ်ပြန်ထားတော့ ကျနော်တို့က မသွားဖူးဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေး မလိုလားဘူးဆိုပြီးတော့ သတ်မှတ် မယ်လေ။ ကျနော်တို့ ဆွေးနွေးတော့ ဆွေးနွေးဖို့ အစီအစဉ် ရှိတာပေ့ါ။ ပထမအဆင့် အနေနဲ့ ပေ့ါနော။”  ဟု SSA/SSPP ၏ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောသည်။
SSA_SSPP_Northern
မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေးရယူလိုသည့် ဆန္ဒရှိလျင် သက်ဆိုင်ရာ ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေးနိုင်သည်ဟု ယခုလ (၁၇) ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုသွားသလို အချက်(၃) ချက်ပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်အား ယခုလ (၁၈) ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်ဖြင့် တရားဝင် ထုတ်ပြန်ထားသည်။

ဆွေးနွေးမည့် ကိစ္စနှင့် ပတ်သက်၍ ဗဟိုကော်မတီ (၂၇) ဦးတို့၏ သဘောထားများ ကောက်ယူ နေဆဲဖြစ်ပြီး တချိန်တည်းတွင် စစ်ရေးမဟာမိတ်အဖွဲ့များ၏ သဘောထားများကိုလည်းကောက်ယူ သွားရန်ရှိသည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

အကယ်၍ ဆွေးနွေးမည်ဆိုပါက ပဏာမ အဆင့်သာ ဖြစ်နိုင်ပြီး နှစ်ဖက် တင်ပြချက်များ မျှတမှု ရှိရန် လိုအပ်သလို ထွက်ပေါ်လာသည့် ရလဒ်ပေါ် မူတည်၍ ရှေ့ဆက် လုပ်ငန်းစဉ်ကို ဆုံးဖြတ် သွားမည်ဟု ၎င်းက ဆက်ပြောသည်။

“အလျော့အတင်း မရှိဘဲနဲ့ တဖက်သတ်ကြီးဆိုရင်တော့ အဲတာ ဘယ်လိုနည်းနဲ့မှ ပြေလည်နိုင်မှာ မဟုတ်ဖူးလေနော့။ နှစ်ဖက်စလုံး အလျော့အတင်းတော့ ရှိရမယ်လေ။ ဆွေးနွေးတယ်ဆိုတာ တဖက်သတ်ကြီး အပေါ်စီးကနေပြီးတော့ ဆွေးနွေးရင်တော့ တမျိုးပေ့ါ။”

ပဏာမ ဆွေးနွေးမှု အောင်မြင်ပါက နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးရာတွင် မဟာမိတ်လက်နက် ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ ပါ၀င်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC အနေဖြင့်သာ ဆွေးနွေးသွားရန်ရှိသည်ဟု ဆက်လက်ပြောဆိုသည်။

ထို့အပြင် “အဲဒီပြည်နယ် အစိုးရနဲ့ ဆွေးနွေးမယ့် ကိစ္စကတော့ ကြားခံတဖွဲ့ဖွဲ့ရှိမှ ဥပမာ ကျားဖြူလို ပါတီမျိုး ဖြစ်ဖြစ်၊ ကျနော်တို့ဆီကနေ အသွင်ပြောင်းသွားတဲ့ အဖွဲ့တွေဖြစ်ဖြစ် ရှိမှလည်း ကျနော်တို့က ဆက်သွယ်နိုင်မယ်လေ။ ကျနော်တို့ ဒါရိုက်တော့ သူတို့ကို မဆက်သွယ်ဖူးလေ။” ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားများနှင့် ဆွေးနွေးရေးကိစ္စကို ပါတီများအနေဖြင့် တိုက်ရိုက်လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် ငြိမ်းချမ်းရေး ကော်မတီ ကသာ ယင်းကိစ္စကို ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လွန်ခဲ့သည့် လကုန်ပိုင်းက ပြောခဲ့သည်ဟု ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP  ပါတီဝင် တစ်ဦးက ပြောသည်။

သို့သော် လောလောဆယ် လွှတ်တော်အစည်းအဝေး တက်ရောက်နေသည့် SNDP ပါတီ၏ လဲချား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်ကမူ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဆိုပါက ၎င်းအနေဖြင့် ကူညီပေးနိုင်ကြောင်း ဦးသိန်းဇော်ထံ အလွတ်သဘော ပြောဆိုခဲ့သည်ဟု ယခုလို ပြောသည်။

“ဟိုနေ့က ဦးသိန်းဇော်နဲ့ ကချင်အမတ်တွေ လွှတ်တော်မစခင် အပြင်မှာ ငြိမ်းချမ်းရေး ကိစ္စပြောနေ ကြတာပေ့ါနော်။ အလွတ်သဘောပြောတာပေ့ါနော်။ အဲဒီမှာ ကျနော်ကလည်းပြောလိုက် ပါတယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာလည်း ငြိမ်းချမ်းရေးကို ဖြစ်စေချင်ပါတယ်လို့။ အဲတာကြောင့်အပစ် အခတ် ရပ်စဲမယ်၊ ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်ဆိုရင် ကျနော်တို့လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ လည်း ကူညီလို့ ရပါတယ်လို့ ဦးသိန်းဇော်ကို ကျနော်
ပြောလိုက်မိပါတယ်။”

လက်ရှိကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် စာတိုက်ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်ကိုခန့်အပ်တာဝန် ပေးထားသည်။ သို့သော် အဖွဲ့ဝင်များကို မရွေးချယ်ရ သေးပေ။

အစိုးရသစ်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်အရ တို့တာဝန်အရေးသုံးပါးကို အဓိကထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဆိုသည့် အချက်အား လက်မခံနိုင်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များက ပြောသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP သည် စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်က အပစ်အခတ် ရပ်စဲခဲ့ပြီး နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်ဖွဲ့စည်းရေး  ကို လက်မခံ ငြင်းဆန်ခဲ့ရာ လွန်ခဲ့သည့် မတ်လလယ်ပိုင်းမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သည်။

Most read this week