မူစယ် - မန္တလေးလမ်း၌ တိုက်ပွဲဖြစ် အစိုးရတပ်ဘက်နှစ်ယောက်သေ

မူစယ် - မန္တလေးလမ်း၌ တိုက်ပွဲဖြစ် အစိုးရတပ်ဘက်နှစ်ယောက်သေ
by -
သျှမ်းသံတော်ဆင့်

မူစယ် - မန္တလေးလမ်း လုံခြုံရေးတာဝန်ယူနေသည့် မြန်မာစစ်သည်နှစ်ဦး ယမန်နေ့ညနေ ၅ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု အတွင်း သေဆုံးသွားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမြို့နယ်ခွဲ လွယ်ပန်စလော့တောင်ခြေအနီး လမ်းလုံခြုံရေးယူနေစဉ် ပစ်ခတ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း  ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“နမ့်ဖတ်ကာမှာက ခလရ ၁၂၃ တပ်ရင်းရှိတယ် အဲဒီတပ်ရင်းနေရာနဲ့ ၃ မိုင်ကျော်လောက်ဝေးတဲ့လွယ်ပန် စလော့တောင်ခြေနားမှာ မြန်မာစစ်တပ်က လမ်းလုံခြုံရေးယူနေတာပေါ့ သူတို့နှစ်ယောက်လမ်းဘေးဆိုင်မှာ စျေးဝယ်ပြီး ထွက်လာတော့ အပစ်ခံရတာ ကားလမ်းပေါ်မှာပဲ နှစ်ယောက်စလုံး သေသွားတယ်သေနတ် နှစ်လက် လည်းပါသွားတယ် ” ဟု သူက ဆို သည်။

အဆိုပါ မြန်မာစစ်သည်နှစ်ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ညပိုင်းက မူစယ်မြို့ဆေးရုံသို့သယ်ဆောင် လာ ကြောင်း ဆေးရုံဝန်ထမ်းအသိုင်းအဝိုင်းကလည်း အတည်ပြုပြောသည်။

အဆိုပါ နမ့်ဖတ်ကာဒေသ၌ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များ လှုပ်ရှားမှုရှိကြောင်း သိရသည်။