ချင်းမို်င် (မဇ္ဈိမ) ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်နေစဉ်မှာပင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/ SSA-N) ဝမ်ဟိုင်း ဌာနချုပ် အနီးတွင် အစိုးရတပ်က အင်အား ထပ်မံ ဖြည့်ဆည်းလာကြောင်း SSA က ပြောသည်။
ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းရန်အတွက် ဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅မိုင် အကွာတွင် တပ်စွဲထားသည့် အစိုးရ တပ်ရင်း ရ ရင်းအပြင် ယခုရက်ပိုင်းအတွင်း ရှမ်းပြည်တောင်ပိုင်း ကလောမြို့အခြေစိုက်တပ်မ ၅၅ လက်အောက်ခံ ခမရ ၅ဝ၇၊ ခမရ ၁၄၃ နှင့် ခမရ ၁၁၄ က အင်အား ၅ဝဝ ခန့် ထပ်မံ ဖြည့်ဆည်း ထားသည်ဟု SSA-N ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။
“တဘက်က သူတို့က ပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ ကျနော်တို့ ဝမ်ဟိုင်း ဌာနချုပ်ကို သိမ်းဖို့ တပ်စွဲထားတဲ့ တပ်တွေကိုလည်း မရုပ်ဘူး။ မရုပ်တဲ့အပြင် တပ်တွေထပ်ဖြည့် တယ်ဆိုတော့ စစ်ရေးအရ ပြန်ဖြေရှင်းမယ့် သဘော ရှိတယ်လို့ ကျနော်တို့ ယူဆရတယ်” ဟုဗိုလ်မှူးစိုင်းလှ က မဇ္စျိမကို ပြောသည်။
အစိုးရက “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ပဏာမအဆင့် အနေဖြင့် တဖွဲ့ချင်းအလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက် ရန်” ဖေါ်ပြပါရှိသည်။
ကြေညာချက် မထုတ်မီ တရက်အလိုတွင် ရှမ်းပြည် တိုးတက်ရေး ပါတီက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စုတခုလုံး ယာယီ အပစ်အခတ် ရပ်ရေး ကြေညာ ကာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန် သမ္မတဦးသိန်းစိန်ထံ စာရေးသား တောင်းဆိုထားခဲ့သည်။
ဦးသိန်းစိန်ကလည်း ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွင်လည်း အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အချို့ ရှိနေကြောင်းနှင့်၊ ထိုအဖွဲ့များသည် အကြမ်းဖက်လုပ်ရပ်များကိုအမြန်ရပ်ဆိုင်းပြီး သက်ဆိုင်ရာပြည်နယ် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရကိုညွှန်ကြား ထားပြီး ဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် အစိုးရအရာရှိများ၊ စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီး အသင်းအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သေး သည်။
ရှမ်းတပ်များကို ထောက်ပံ့သည် ဆိုပြီး ခမရ ၁၁၄ က အင်္ဂါနေ့ မနက် ၉ နာရီခန့်တွင် ရှမ်းပြည်တောင်ပိုင်း ကျေးသီမြို့ အရှေ့မြောက်ဘက် ရ မိုင်ကျော်တွင် ရှိသည့် ဝမ်ဖွီးကျေးရွာအုပ်စု ဝမ့်နားပိင်းကျေးရွာရှိအိမ် ခြေ ၆ လုံးနှင့် SSA-N ၏ ဝမ့်ဖွီးဆည် လုံခြုံရေးစခန်းကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN ) မှ ပြောခွင့်ရ ယိင်းဟာန်ဖက ပြောသည်။
“ရှမ်းသူပုန်တွေကို ထောက်ပံ့ဦးမယ်၊ ထမင်းကျွေးဦးမယ်၊ သတင်းပေးဦးမယ်။ မင်းတို့ ရှမ်းတွေကို အကုန်လုံး သတ်ပစ်မယ်ဆိုပြီး ရွာကို မီးရှို့ရင်း အော်ပြောတယ်” ဟု သူမက မဇ္စျိမကို ပြောသည်။
ပတ်ဝန်းကျင်ရှိ လယ်မြေဧက ၁၀၀၀ ခန့်ကို ရေပေးဝေရန်အတွက် ဝမ့်ဖွီးဆည်ကို ရှမ်းပြည်တိုးတက်ရေး ပါတီက တည်ဆောက်ထားခြင်း ဖြစ်သည်။
သြဂုတ်လ ၁၄-၁၅ ရက်နေ့ အစိုးရတပ်နှင့် SSA-N တို့ တိုက်ပွဲများ အပြင်အထန် ဖြစ်ပွားခဲ့ပြီးနောက် ယခု ရက်ပိုင်းအတွင်း ရွာသားများအား လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းကြောင့် ကျေးသီးမြို့နယ် ဝမ့်စေ့ကျေးရွာ
အုပ်စုနှင့် ဝမ့်ဖွေးကျေးရွာအုပ်စုမှ ရွာသား ၅၀၀ ကျော် တောတွင်းသို့ ဝင်ရောက် ပုန်းအောင်း နေရသည်ဟု
လည်း သူမက ပြောသည်။
အစိုးရတပ်နှင့် SSA-N တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အပြစ်မဲ့ပြည်သူ ၃ သောင်းကျော် ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်း စာနာသည့်အထောက်အပံ့ များ လိုအပ်နေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်းနှင့် ရှမ်းလူ့ အခွင့်အရေး မဏ္ဍိုင်တို့က သြဂုတ်လ ၁ဝ ရက်နေ့တွင် ပူးပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင်ဖေါ်ပြ ပါရှိသည်။