ချင်းမိုင် (မဇ္ဈိမ) ။ ။ ပလောင်အမျိုးသားတဦး ကို သူပုန်အဖြစ် အထင်မှားကာ အစိုးရ စစ်တပ်က ပစ်ခတ်ခဲ့ သဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးသွား ခဲ့မှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ယခုလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟုပလောင် အမျိုးသမီး အစည်းအရုံးက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA-N နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO တို့ အခြေပြု ဒေသဖြစ်သည့် မန်တုန်မြို့နယ် လွယ်ဆောင်ရွာသား အိုက်စံပီးကို အစိုးရတပ်မှ ဗိုလ်မှူးကြီး ကျော်ဇေယျာထွန်း ဦးဆောင်သည့် နယ်မြေခံ ခလရ-၁၃ဝ တပ်ရင်း တပ်ဖွဲ့များက သြဂုတ်လ ၁၆ ရက်နေ့တွင် ပစ်ခတ်ခဲ့သည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
အစိုးရ တပ်ဖွဲ့များ ရွာထဲ ဝင်လာချိန်၌ ပေါ်တာဆွဲမည်ကို စိုးရိမ်မှုဖြင့် ပုန်းအောင်းနေသည့် အသက် ၂၇ နှစ် အရွယ် တောင်သူ အိုက်စံပီးကို တွေ့ရှိရာက ပစ်ခတ်မှုဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ပလောင် အမျိုးသမီး အစည်းရုံး၏ ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် အဖွဲ့မှ သတင်းစုံစမ်းရေး တာဝန်ခံ လွေးအမ်း
ပြောသည်။
“စစ်တပ်က ရွာထဲ ဝင်လာတော့ တော်တော်များများ ယောက်ျားလေးတွေက ပေါ်တာဆွဲခံရမှာ ကြောက်ပြီးတော့ ထွက်ပြေးတာပေါ့။ အဲဒီအချိန်မှာ ပုန်းနေတဲ့ အိုက်စံပီးကိုတွေ့ပြီး မသင်္ကာတာနဲ့ သေနတ်နဲ့ သုံးချက်ပစ်လိုက် တယ်။ အဲဒါနဲ့ ပွဲချင်းပြီး သေသွားတာ” ဟု လွေးအမ်း ကမဇ္စျိမကို ပြောသည်။
သေဆုံးသူ အိုက်စံပီးမှာ လက်နက်ကိုင် သူပုန် မဟုတ်ကြောင်း ကျေးရွာ တာဝန်ရှိသူများက ဝိုင်းဝန်း ရှင်းပြခဲ့သည့်နောက် ပစ်ခတ် ခဲ့သည့် ခလရ- ၁၃ဝ တပ်ရင်းမှ အသုဘ သင်္ဂြုဟ်စရိတ် အဖြစ် ကျပ်ငွေ ၅,ဝဝဝ ကို မိသားစုဝင်များ ထံ ပေးခဲ့သည်ဟု ဆိုသည်။ ကူညီထောက်ပံ့ငွေများ ထပ်မံ ပေးအပ်ဦးမည်ဟုပြောဆို သွားသော်လည်း သြဂုတ်လ၂၃ ရက်နေ့ထိ လာရောက် ပေးအပ်ခြင်း မရှိဟုသိရသည်။
မန်တုန်မြို့နယ် အတွင်း၌ အစိုးရ တပ်ရင်းများနှင့်အတူ ပလောင် ပြည်သူ့စစ်အဖွဲ့များ၊ SSA-N တပ်မဟာ (၁) လက်အောက်ခံ အထူးတပ်ရင်းများနှင့် KIO တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားလျက်ရှိပြီး ဇွန်လပိုင်းက နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပေါ်တာအဖြစ်ခေါ်ယူ အသုံးပြုခဲ့သည်ဟု KIO နှင့် SSA-Nပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
သူပုန်ဟု သံသယဖြင့် အရပ်သားများ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်းများ ရှိနေသည်ဟုဆိုကာ သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းကလည်း ဝမ့်ဖွီးဆည် အနီးတွင် လယ်ယာစိုက်ပျိုးသူ ဒေသခံ လယ်သမားများ၏ အိမ် ၅ လုံးအား ရှမ်းစစ်တပ်ကို အားပေးထောက်ခံသူအိမ်များဟု ဆိုကာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု SSA-N ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကပြောသည်။
အစိုးရက အနက်ရောင် နယ်မြေအဖြစ် သတ်မှတ်ထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်များလှုပ်ရှား နယ်မြေ အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ အပေါ် ယခုကဲ့သို့ ပစ်ခတ်မှုများသည် ထူးခြားသည့် ဖြစ်စဉ် မဟုတ်တော့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။
“ဒါတွေကတော့ သူတို့အမြဲတမ်း လုပ်နေကြပါ။ တိုင်းရင်းသား အင်အားစုတွေကို မှားပြီး ပစ်တာလည်း တမျိုး တမင်သက်သက် ပစ်တာလည်း တမျိုး လုပ်နေတာပဲလေ။ ဒါကြောင့်မို့ ဒီကိစ္စတွေက အခုမှပေါ်လာတာ မဟုတ်ဘူး တိုက်ပွဲတွေဖြစ်လာတာနဲ့ ဓါးစာခံကတော့ ဒေသခံလူထုတွေပါပဲ” ဟု ဦးလနန် က မဇ္စျိမကိုပြော သည်။
ကချင်ပြည်နယ် အတွင်း အစိုးရစစ်တပ်နှင့် ဒေသခံ KIO တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် မိုင်းရှင်း ကိရိယာအဖြစ် ဒေသခံ ကချင်နှင့် ရှမ်းတိုင်းရင်းသားများကို အသုံးပြုခဲ့ကြောင်း ဦးလနန်က စွပ်စွဲပြောဆိုသည်။