ချင်းမိုင် (မဇ္ဈိမ) ။ ။ ကမ္ဘာ့စီးပွားရေးရိုတ်ခတ် မှုက မြန်မာ့စီးပွားရေးတွင် အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့ သည်ဟု သမ္မတဦးသိန်းစိန်က တနင်္လာနေ့က ပြောကြားသွားသည်။
ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး စတင်သောနေ့တွင် သမ္မတက မိန့်ခွန်း ပြောကြားသွားရာတွင် "နိုင်ငံတကာ ငွေကြေးစနစ်များရဲ့ မတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ယိမ်းယိုင်နေမှုစတဲ့ External Factor များကြောင့်လည်း ပြည်တွင်း စီးပွားရေးအပေါ် ရိုတ်ခတ်မှုများ ဖြစ်ပေါ်နေပါတယ်။ ဒီလိုဆက်နွယ် ဖြစ်ပေါ်မှုများအရ ကျနော်တို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေမှာ အကျပ်အတည်းအချို့ ဖြစ်ပေါ်လာခဲ့တာတွေလည်း ရှိပါတယ်” ဟု ထည့်သွင်းပြောကြားသွားသည်။
ထို့အပြင် မြန်မာနိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှု၏ အကျိုးဆက်ကြောင့် စပါးခင်းများ ပျက်စီးခြင်းဖြစ်မှုကိုလည်း အသိအမှတ်ပြုပြောကြားသွားသည်။
“အစိုးရအနေနဲ့ တောင်သူလယ်သမားများ ထုတ်လုပ်မှုစားရိတ် လွတ်ကင်းစေရန်လည်း ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး ကူညီပံ့ပိုးမှုများ ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ပါရှိသည်။
ယနေ့တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်ရာတွင် မြန်မာကျပ်ငွေစျေးမှာ ၆၈ဝ ကျပ်နှုန်းဖြင့် စံချိန်တင် မြင့်တက်နေချိန်လည်းဖြစ်သည်။ ဒေါ်လာပေါက်စျေး ကျဆင်းခြင်းက ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်း၊ နိုင်ငံခြားငွေနှင့် လစာရရှိသူများ ပြည်ပတွင် အလုပ်သွားလုပ်နေသူများ၏ "အိမ်ပြန်ပို့ငွေ" များ ကျဆင်း ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့အပြင် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ပြောကြားသွားရာတွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကို အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ကာ ကျနော်တို့ရဲ့ မှန်ကန်တဲ့ စေတနာကို ထုတ်ဖေါ်ပြသလျက်ရှိပါတယ်" ဟု ပါရှိသည်။
ယင်းအပြင် ကြိုးနီစနစ်တွေ ဆက်လက်ဆွဲကိုင်ထားသူများနှင့် တာဝန်သိမှု တာဝန်ယူမှုကင်းမဲ့ပြီး အဂတိ လိုက်စားမှု များကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်းနှင့်၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ရယူလိုကြောင်းလည်း ထည့်သွင်းပြောသွားသည်။
ပြည်တွင်းမီဒီယာများနှင့် နိုင်ငံခြားသတင်းထောာက်များ ပထမဆုံးတက်ရောက်ခွင့်ရခဲ့သည့်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း မီဒီယာများ၏ ဝေဖန်မှုများကို ခံယူသွားမည်ဟု ထုတ်ဖေါ်ပြောကြားသွားသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မတီပေါင်း ၁၉ ခု ကိုဖွဲ့စည်းရန် လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှ အဆိုပြုတင်သွင်းခဲ့သည်။
ယင်းကော်မတီများမှာ နိုင်ငံသားများ၏ မူလ အခွင့်အရေး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ကော်မတီ၊ တိုင်းရင်းသားများ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ နိုင်ငံတကာရေးရာ ကော်မတီ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက် လုပ်ရေး ကော်မတီ၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီ၊ ရင်းနှီးမြှပ်နှံမှုနှင့် စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ စသည့် ကော်မတီ ၁၉ ခုကို ဖွဲ့စည်းရန်အဆိုပြုတင်သွင်း ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းမှ အမြတ်ခွန်၊ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် စသည်တို့နှင့် ပတ်သက်သည့် ဥပဒေများကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် အဆိုပြုတင်သွင်းခဲ့သည်။
တနင်္လာနေ့ အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ် ၂၁၁ ယောက် တက်ရောက်ပြီး ပြည်သူ့လွှတ် တော်တွင် ၃၈၉ ယောက်တက်ရောက်ကာ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ် စုစုပေါင်း ၆ဝဝ တက်ရောက်ခဲ့သည်။
အင်္ဂါနေ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ သီးခြားစီကျင်းပရန်ရှိပြီး သောကြာနေ့ တွင် လွှတ်တော်နှစ်ရပ်လုံးကို တပေါင်းတည်းပြန်လည်ခေါ်ယူယူဖွယ်ရှိကြောင်းလွှတ်တော် အမတ်များက မဇ္ဈိမကို ပြောသည်။