ပြည်တော်ပြန်ဖို့ ခေါ်ပေမယ့် ဒုက္ခသည်တွေကို လက်ခံနေဦးမည်

ပြည်တော်ပြန်ဖို့ ခေါ်ပေမယ့် ဒုက္ခသည်တွေကို လက်ခံနေဦးမည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်မှ ပြည်ပရောက်မြန်မာများ ပြည်တော်ပြန်ရေးကမ်း လှမ်းခဲ့သော်လည်းမြန်မာနိုင်ငံမှထွက်ခွာလာကာ ဒုက္ခသည်အဖြစ် လျှောက်ထား လာသူများကို လက်ခံနေဦးမည်ဟု အိန္ဒိယ အခြေစိုက်ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCRအကြီးအကဲ က ပြောသည်။

ဒုက္ခသည်ဖြစ်ကြောင်း အကြောင်းအချက် ခိုင်လုံစွာဖြင့်လျှောက်ထားရန်လိုပြီး ခိုင်လုံသည့်သူများကို လက်ခံနေဆဲဟု သူက ဆိုသည်။

"ပြည်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းခံတွေနဲ့ သက်ဆိုင်ဆီလျော်တဲ့ အခြေခံတွေကို စဉ်းစားဆင်ခြင် ပြီး လက်ခံနေတုန်းပါပဲ။ အချက်အလက်တွေအားလုံးကတော့ မြန်မာပြည်ရဲ့ အခြေအနေရဲ့ လက်ရှိ အနေအထားတွေနဲ့ ဧကန်ဖြစ်ဖို့ အရေးကြီးပါတယ်” ဟု အိန္ဒိယအခြေစိုက် UNHCR ၏ Chief of Mission ဖြစ်သူ မစ္စစ်Montserrat Feixas Vihe က မဇ္စျိမကို ပြောသည်။
theinseinecometinnpd

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဦးသိန်းစိန် မိန့်ခွန်းစကားပြောကြားနေစဉ်

နေပြည်တော်တွင် သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၌ သမ္မတ ဦးသိန်းစိန်က “အကြောင်း အမျိုးမျိုးကြောင့်၊ နောက် ပြည်ပကို ရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်သွားတာ မရှိဘူး ဆိုလို့ရှိရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ ဒါ စဉ်းစား ပေးမှာ ဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။

ယင်းအပြင် “ ပြစ်မှုကျူးလွန်ခဲ့သည့် တိုင်အောင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ် ဆိုလို့ရှိရင်လည်းကျနော်တို့ ဒါ သဘောထားကြီးစွာနဲ့ စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသည်။

ယင်းနောက်ပိုင်း မြန်မာဒုက္ခသည်များကြား UNHCR ၏ မူဝါဒများ ပြောင်းလဲ လာမည်လောဟူ၍ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သည်။

“ဒီအစိုးရပြောတာကို လက်ခံပြီး ပြန်လွှတ်မယ် ဆိုရင်တော့ နယ်စပ်ကနေပဲ နေလို့ရတဲ့ နေရာတွေမှာ လိုက်ခိုကပ်နေရမှာပဲ။ ပြန်ဖို့တော့ ဒီအခြေအနေနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး။ အကယ်လို့ မဖြစ်မနေ ယူအန်က ပြန်ပို့ရင်တော့ နယ်စပ်မှာပဲ တောခိုလိုက်တော့မယ်။ အထဲပြန်ပြီး အဖမ်းမခံနိုင်ဘူး” ဟု နယူးဒေလီမြို့ရှိ ဒုက္ခသည် တဦးဖြစ်သူ ချင်းအမျိုးသား ကောသဲလ်က မဇ္စျိမကို ပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များဆိုင်ရာကော်မတီ - CRC ဥက္ကဋ္ဌ Stevin Kap Tlutng ကလည်း“သူတို့အနေနဲ့ လုပ်လာမယ်လို့တော့ မမျှော်လင့်ဘူး။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ် ပြောလို့က မရဘူး”ဟု ဆိုသည်။

UNHCR အနေဖြင့် မြန်မာအစိုးရ၏ စကားကို ယုံကြည်ခဲ့ပါက ဒုက္ခသည် အသစ်များ လက်မခံတော့ခြင်းနှင့် တတိယနိုင်ငံ ပို့ဆောင်မှုများ ရပ်ဆိုင်းသွားခြင်းများ သို့မဟုတ် နှောင့်နှေးမှုများရှိလာနိုင်သည်ဟု ဒုက္ခသည်များက စိုးရိမ်ကြသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တခုတည်းပင် အသိအမှတ်ပြု လက်မှတ်ရပြီးသူနှင့် လျှောက်ထားဆဲ ဒုက္ခသည်
စုစုပေါင်း ၁၁,၅ဝဝ ဦး ရှိသည်ဟု UNHCR စစ်တမ်းများအရ သိရသည်။

အစိုးရမိန့်ခွန်းအပေါ် ကြိုဆိုကြောင်းနှင့် စိုးရိမ်မှုများမှာလည်း ယာယီသာ ဖြစ်နိုင်သည်ဟု UNHCR က ရှုမြင်သည်။

“ဒုက္ခသည်တွေ အတွက်တော့ ယာယီ ဖြစ်ပျက်နေတဲ့ လက်ရှိအနေအထားလို့ပဲ UNHCR က မျှော်လင့်ထားပါ တယ်။ ဒါကြောင့် UNHCR အနေနဲ့ အကောင်းဘက်ကို ဦးတည်တဲ့တိုးတက်လာမှုတွေကို အမြဲတမ်း ကြိုဆိုနေ မှာဖြစ်ပြီး နောက်ဆုံးတော့ ဒုက္ခသည်တွေ အိမ်ပြန်လာဖို့အရေး ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်” ဟု မစ္စစ်Montserrat Feixas Vihe က ပြောသည်။

အစိုးရ၏ မိန့်ခွန်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ထိုင်းအစိုးရဘက်မှစခန်း များ ပိတ်သိမ်းမည်ကို စိုးရိမ်နေကြသည်ဟု စုံစမ်းသိရှိရသည်။

“ထိုင်းနိုင်ငံအနေနဲ့ ဒီစခန်းကို ပိတ်ပစ်မှာကို စိုးရိမ်တယ်ပေါ့။ ဒီကလူတွေ အားလုံးကတော့ စိုးရိမ်တဲ့ ဘက်မှာတော့ များနေတာပေါ့နော်။ ” ဟု ထိုင်း-မြန်မာ နယ်စပ်ရှိ အုန်းဖျံ ဒုက္ခသည်စခန်းမှ ကိုမျိုးသန့်က မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာသူများအတွက် ထိုင်း-မြန်မာနယ်စပ်တွင် ထဟင်၊ ဘန့်ဒုံယမ်း၊ အုန်းဖျံ၊ မယ်လ၊ နို့ဖို့၊ ဘန်မိုင်နိုင်ဆွိုင်၊ ဘန့်မယ်ဆူရင်း၊ မယ်လဦး၊ မယ်ရာမူလမ်ဟူ၍ စခန်း ၉ ခုရှိကာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ ရှမ်းဒုက္ခသည်စခန်း ဝေဟန်ဟူ၍ ရှိသည်။

ယင်းတို့ထဲတွင် မယ်လစခန်းမှာ အကြီးဆုံးဖြစ်ကာ ဒုက္ခသည် ၅ဝ,ဝဝဝ ကျော်နှင့် အုန်းဖျံ ဒုက္ခသည်စခန်း၌ ဒုက္ခသည်ပေါင်း ၁၆,၀၀၀ ကျော်ရှိသည်ဟု ဒုက္ခသည်ကူညီပေးနေသည့် Thailand Burma Border Consortium – TBBC ၏ စာရင်းများအရ သိရသည်။

အစိုးရအနေဖြင့် စစ်မှန်သည့် ပြောင်းလဲမှုလုပ်လိုပါက ပြည်တော်ပြန်ရန် ခေါ်ယူခြင်းထက် ပြည်တွင်းစစ် ငြိမ်းချမ်းရေးနှင့် အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်ကို အရင်လုပ်ဆောင် သင့်သည်ဟု ပြည်ပရောက် မြန်မာအဖွဲ့အစည်းများနှင့် ဒုက္ခသည်များက ရှုမြင်သည်။

“မြန်မာပြည်ရဲ့ အခြေအနေက အပြောင်းအလဲ မရှိသေးဘူး။ အတွင်းထဲမှာကတော်လှန်ရေးသမားပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဘာတခုမှ မရသေးဘူး။ သဘောတူထားတာ တွေလည်း ဘာတခုမှ မရသေးဘူး။ အခု ကြည့်မယ်ဆိုရင် ရှမ်းပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်၊ ကေအင်ယူပဲ ဖြစ်ဖြစ် ဘာတခုမှ ပြဿနာအဖြေရှာလို့ မရသေးဘူး” ဟု မယ်လဒုက္ခသည်စခန်း ထိန်းသိမ်းရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသာကဲလ်က ပြောသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် အတည်တကျမရှိပဲ ပြောင်းရွှေ့နေရသူပေါင်း ၆၂,ဝ၁၅ ဦး ရှိကာ နိုင်ငံ အသီးသီးတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၄၁၅,၆၇ဝ ဦးရှိပြီး အသိအမှတ်ပြုလျှောက်ထားသူ ၂၂,၂၇ဝ ရှိသည်လည်း UNHCR ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

UNHCR အနေဖြင့် ဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ တိကျ ခိုင်မာသည့် အဖြေတရပ်ဖြည့်ဆည်း ပေးနိုင်ရန် အတွက် ရှာဖွေ သုံးသပ်နေဆဲ ဖြစ်ကာ မြန်မာပြည် ပြောင်းလဲမှုရှိ၍ ပြန်ကြမည် ဆိုပါကလည်း အတတ်နိုင်ဆုံးစေတနာထား၍ လုပ်ကိုင်ပေးသွားမည်ဟု မစ္စစ် Montserrat Feixas Vihe ကပြောဆိုခဲ့ သည်။

Most read this week