ဖက်ဒရယ်စနစ်

ဖက်ဒရယ်စနစ်
by -
ဘိုဘိုကျော်ငြိမ်း

ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့ ဦးနှောက် ရိုက်စားမှု ကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုကလက်တွန့်ကုန် တယ်။

federal
ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြ တယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။

ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှမြန်မာ ပြည် တွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး မိမိတို့နယ်မြေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင််ခွင့်တွေ ပြတ်ပြတ်သားသား တိတိကျကျ သိရှိကြမှာပါ။

တိုင်းရင်းသားတွေအပေါ် တရားမျှတမှုရှိဖို့ အဖြေရှာတဲ့ နေရာမှာ ဖက်ဒရယ် စံနစ်ဟာ အဖြေတခု ဖြစ်နိုင်စရာ ရှိပါတယ်။ သို့သော် ဖက်ဒရယ် စနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သတိရှိရန်လည်း လိုပါတယ်။ ဒီဆောင်း ပါးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်စနစ်ကို နက်နက်ကြည့်ပြီး ဖက်ဒရယ်စံနစ်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုများ (challenges)ကို တွေးတောနိုင်ကြဖို့ ဖြစ်ပါတယ်။

အချက်ကျကျ ဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားသင့်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဖြစ်တဲ့အတွက် (ဥပဒေ)ရေးရာတွေ ပါဝင်လာသလို၊ နိုင်ငံရေးမူ (principles)နဲ့ အတွေး အခေါ်တွေ ပါဝင်လာတာမို့ အချိန်ယူလေ့လာ သင့် တယ်လို့ ယူဆမိလို့ပါ။

အမေရိကန်ဥပမာ

စာရေးသူ၏အမြင်ကိုပြောရလျှင် နိုင်ငံအများမှာ မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲခဲ့သူများ သည်၎င်း၊ ခိုင်မာသည်ထက် ခိုင်မာအောင် ပြင်ဆင်နိုင်ခဲ့သူများမှာ၊ တိုင်းပြည်ကို ကိုယ်စား ပြုနိုင်တဲ့ လူတော် နိုင်ငံရေးသမား များ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားစစ်လျှင် တိုင်းပြည် ကောင်းကျိုးကို ရှေ့ရှုနိုင်မှုကြောင့်လို့ ခံယူမိပါတယ်။

ဥပမာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဟုဆိုလိုက်လျှင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် (စံ)အဖြစ် အများကသတ် မှတ်ကြရပါတယ်။ အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်မြောက်ရေးတွင် အဓိက ပါဝင်ဦးဆောင်သွားသူတဦးမှာ အမေရိကန် လွပ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ဂျော့ ဝါရှင်တန်၏ စစ်ဘက် လက်ထောက် ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အက်လက်ဆန် ဒါးဟယ်မတင်Alexander Hamilton ဆိုသူဖြစ်သည်။

အမေရိကန် နိုင်ငံရေးသမားများကို ဖက်ဒရယ်စံနစ် ဘာကြောင့်လိုကြောင်း သဘောပေါက် လက်ခံလာရန် ဖက်ဒရယ်လစ် စာတမ်း (၈၅) စောင်ကို ဂျိန်းမဒ္ဒာဆင် (James Madison ) နှင့် ဂျွန်ဂျေး (John Jay) တို့နှင့်အတူ ရေးပြပြီး ပြည်နယ်တွေ လက်ခံလာအောင် တိုက်တွန်း နိုင်ခဲ့လို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ
ဥပဒေကို အတည်ပြု နိုင်ခဲ့ကြတာဖြစ်သည်။

စာတမ်း (၈၅) စောင်တွင် အများစုကို ရေးသွား သူမှာ အက်လက် ဆန်ဒါး ဟယ်မတင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်လာလျှင် ဂျွန်ဂျေးရဲ့ စာတမ်း နံပတ် (၃) ကို ခုထိ မှီငြမ်း ကြရသလို၊ ဒီမိုကရေစီနှင့် ပတ်သက်လာလျှင် ဂျိန်းမဒ္ဒာဆင်၏ စာတမ်း နံပတ် (၅၁) သည် အလွန် တန်ဖိုးရှိပါတယ်။လူ့အခွင့်အရေးများ ကို ကာကွယ်ဖို့နဲ့ ဗဟိုအစိုးရ (ဝါ) ဖက်ဒရယ် အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ပြင်ဆင် သတ်မှတ်ထားတဲ့ ပထမပြင်ဆင်ချက် ဆယ်ခု စုပေါင်း ပြီး Bills of Rightsလို့ခေါ်ကြပါ တယ်။

ဒီပြင်ဆင်ချက်တွေကို ပထမ ကွန်ကရက်သို့ ရေးဆွဲတင်သွင်း သူမှာ ဂျိန်းမဒ္ဒာဆင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို တချို့က အမေရိကန်ဖွဲ့စည််း အုပ်ချုပ်ပုံဥပဒေ၏ ဖခင်ဟု သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဂျိန်းမဒ္ဒာဆင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။

ဂျွန်ဂျေးဟာ အမေရိကန်လွပ်လပ်ရေးဖခင် တော်လှန်ရေးသမား တဦးအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ပထမဦးဆုံးသော တရားသူကြီးချုပ် ဖြစ်လာပါတယ်။ အက်လက်ဆန်ဒါး ဟယ်မတင် ဟာ အမေရိကားမှာမွေးဖွားသူ မဟုတ်တဲ့ အတွက် သမ္မတ ဖြစ်ခွင့် မရှိပါ။

သို့သော် သူသည် ပထမဦးဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်ရုံမက နိုင်ငံတော်ဘဏ်ကို စတင် တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ သမ္မတ ဂျော့ဝါရှင်တန်၏ အစိုးရအဖွဲ့မှာ အာဏာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ခေတ်က အာဏာအကြီးဆုံးပါတီ ဖက်ဒရယ်လစ် ပါတီ (Federalist Party) ရဲ့ ခေါင်းဆောင် လည်းဖြစ်ပါတယ်။ ထိုစဉ် အခါက ဒီပါတီရဲ့အဓိက ပြိုင်ဖက် ပါတီမှာ ဒီမိုကရက်တစ် ရီပတ်ဖလင်ကင် ပါတီဖြစ်ပြီး ဂျိန်း မဒ္ဒာဆင် နဲ့ သောမတ်ဂျက်ဖါဆင် တို့က ဦးဆောင်ကြပါတယ်။

သောမတ်ဂျက်ဖါဆင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြု အစည်းအဝေးပြုလုပ်စဉ်က ပြင်သစ်တွင် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပေမယ့် သူ့မိတ်ဆွေ ဂျိန်းမဒ္ဒာဆင်က ဖြစ်စဉ် အလုံးစုံကို စာရေးအကြောင်းကြား လျက် ရှိပါတယ်။

ယနေ့ခေတ်မှာ အလွန်အရေးပါတဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေးခွဲခြားရမည် (Separation of Church and State) ဟူသော (အသိ) ၊ (အဆို) ဟာ ပင်မဥပဒေမှာ မပါ ၊ သောမတ်ဂျက်ဖါဆင်၏ ဆွေးနွေးချက် များကို ကိုးကားကာ (စံ) အဖြစ် မှတ်ယူထားကြခြင်းပါတယ်။ ယနေ့ ခေတ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတိုင်း ဖက်ဒရယ်လစ် စာတမ်း (၈၅) ခု ကို ရည်ညွန်း ကြရပါတယ်။

ဥပမာ သမ္မတဘုရ် ၏ အီရတ်စစ်ပွဲ ကြီးကြပ်မှု အပေါ် အငြင်းအခုန်ဖြစ်ကြစဉ်က သမ္မတ ရာထူးနဲ့ အတူ တွဲဖက် ပါဝင်လာတဲ့ အာဏာ (Embedded Power of the Presidency) ဆိုတာကိုကိုင်ဆွဲပြီး ငြင်းဆိုခုခံခဲ့ကြပါတယ်။ ဖက်ဒရယ်လစ် စာတမ်းကို တိုင်တွယ်ပြီး ငြင်းဆို ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်လာရင် ဖက်ဒရယ်လစ် စာတမ်းဟာ တိုင်တည်ကိုးကားစရာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်လစ် လူ့ဘောင်အဖွဲ့အစည်း (Federalist Society for Law and Public Policy Studies)ဟာ ၁၉၈၂ ခု နှစ်က ရေးလ် ၊ဟားဗတ် နှင့် ရှီကာကို တက္ကသိုလ်တွေက ဥပဒေ ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ကြရာက ယနေ့ဆိုလျှင် တရားသူကြီးချုပ် အဖွဲ့အဝင်တွေအပြင် နာမည်ကျော် တရားသူကြီးများနဲ့ ဥပဒေပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းကြီးဖြစ်နေပါပြီ။

လွပ်လပ်ရေး ခေါင်းဆောင်တွေရဲ့အတွေး၊ မူ (Principles) ၊ (အနှစ်)(Essence) တို့မှာအနှစ် ၂ဝဝ ကျော် သည့်တိုင် တန်ဖိုးရှိနေသေးကြောင်း သာဓကပင်ဖြစ်ပါတယ်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို ဦးဆောင် ရေးဆွဲသွား သူများမှာ လွပ်လပ်ရေးဖခင် နိုင်ငံရေးသမားများသာမက ဥပဒေပညာရှင်များလည်းဖြစ်ကြပါ တယ်။

စာဖတ်သူလူငယ်များကို သတိပြု စေလိုသည်မှာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ပုံသဏ္ဍန် (Form & Format) ဆိုတာနှင့် အနှစ်သာရ (Essence) တို့ကို ခွဲမြင်စေချင်ပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အာဏာကို တနေရာတည်းမှာ စုပုံမထားဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ တရားရေးဟူ၍ (ခွဲခြား) ထားပြီး တဘက်နှင့် တဘက် ထိန်းထားခြင်းကို အာဏာခွဲဝေမှု (Separation of Power) ဟုအမည် တပ်ကြပါတယ်။

နံမည်ကြီးသလောက် တန်ဖိုးရှိသော တခြား (မူ) တခုမှာ (လွပ်လပ်စွာ ပြောဆိုခွင့်) Freedom of Speech ဖြစ်ပါတယ်။ ဒီ (မူ) (Principles) ဆိုတာတွေဟာလည်း အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေရဲ့ (အနှစ်သာရများ) ဖြစ်၍ တန်ဖိုးအရှိဆုံးဖြစ်ခြင်းကြောင့် အလေးပေး သတိပြုလေ့လာစေချင်ပါတယ်။

အမေရိကန်တို့ဆီမှ (မူ) နဲ့ (အနှစ်) တို့ကို ရယူနိုင်အောင် ကြိုးစားစေချင်တယ်။ ဖြစ်နိုင်လျှင် ဖက်ဒရယ်လစ် စာတန်းကို ဖတ်စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ (အွန်လိုင်း) ဖတ်နိုင်ပါတယ်။

တရုတ်ဥပမာ

တရုတ်နိုင်ငံဟာ ကွန်မြူနစ်အမည်ခံ တပါတီ အာဏာရင်စံနစ် ဖြစ်တဲ့အတွက် ဘာဥပမာ ယူစရာ ရှိသလဲလို့ အပေါ်ယံကြော မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ သို့သော် အတွင်းကျကျ လေ့လာလျှင် တိန်ရှောက်ဖိန် ပြင်ဆင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ ပါတီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတုယူစရာတွေ နေရှိပါတယ်။ တရုတ်ပြည် နိုင်ငံရေးမှာ ပါတီသည်သာ ပဓာဏ မဟုတ်ပေဘူးလား။

စာရေးသူရဲ့အမြင်ကို ပြောရပါလျှင် တိန်ရှောက်ဖိန်နဲ့ ချောင်အင်လိုင်းတို့ဟာ (၂ဝ) ရာစုနှစ်အတွင်းထွန်းပေါက် လာတဲ့ အတော်ဆုံး ဉာဏ်အထက်မြက်ဆုံး နိုင်ငံရေးသမားများလို့ သတ်မှတ်နိုင်ပါတယ်။

တိန်ရှောက်ဖိန်ကို တရုတ်ပြည်ကြီးရဲ့ စီးပွားရေး တိုးတက်အောင် ပြောင်းလဲပေးခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် အဖြစ်သာ ထင်လွယ်မြင်လွယ် မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်ဘဲ ဘယ်နိုင်ငံမှ စီးပွားရေး ရေရှည် တိုးတက်ကြီးပွားအောင် မကြံဆောင်နိုင်ပါဘူး။

ဒါ့ကြောင့် နို်င်ငံရေး တည်ငြိမ်အောင် ဖေါ်ဆောင်ပေးသွားတဲ့ တိန်ရှောက်ဖိန်ရဲ့ ဦးဆောင်မှုဟာစီးပွားရေးနည်း တူ တရုတ်တွေအတွက် လွန်စွာတန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်စနစ်ကိုလည်း လေ့လာရုံမက အတုယူစရာတွေကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားသင့်ပါတယ်။

မော်စီတုံးက အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏာရှင်စစ်စစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်းဖြတ်သန်းရတဲ့ အဆင့်(၂) ဆင့်ရှိပါတယ်။ အာဏာတည်ဆောက်ခြင်းနဲ့ အာဏာ ထိန်းသိမ်းခြင်း တို့ဖြစ်ကြ ပါတယ်။ အာဏာတည်ဆောက်တဲ့ ကာလမှာ၊ အတွင်းအပြင် ရန်သူနဲ့ ရန်သူလို့ ထင်ရသူတွေကို ဖယ်ရှား သုတ်သင်ရတဲ့ အတွက် တိုင်းပြည်တည်ဆောက်ရေးကို အများအားဖြင့် ဂရုမပြုနိုင်ကြပါဘူး။

အာဏာ တည်ဆောက်ပြီးသကာလ အာဏာ ထိန်းသိမ်းရေးကို ဦးစားပေးရပြန်ပါတယ်။ ဒါ့ကြောင့် အာဏာ တည် မြဲသော အာဏာရှင်များသည် တိုင်းပြည် အုပ်ချုပ်ရေးထက် မိမိအာဏာ ထိန်းသိမ်းရေးကို အရေးပေးကြရပါတယ်။

မော် ကိုကြည့်လျှင် မော်သည် ဥက္ကဋ္ဌ ရာထူးကိုသာ ကိုင်ထားပါတယ်။ အုပ်ချုပ်ရေး (အစိုးရ)ကိုချောင်အင်လိုင်း နှင့်သာ လွှဲထားပါတယ်။

ဒါပေမယ့် ပေါ်လစ်ဗြူရိုကအစ ဘယ်သူ ဘယ်နေရာခန့်ဆိုတဲ့ အာဏာကို မော်ကကိုင်ထားပြီး ထိပ်က ဘယ်သူ ဘာလုပ်နေတယ် ဆိုတာကို အချိန်ပြည့် ထိုင်ကြည့်နေရပါတယ်။

ဒီလောက် သတိရှိတာတောင် ခုန်ပြန် ကျော်လွှား အစီအစဉ် ခွက်ခွက်လန်အောင်် ကျဆုံးပြီးနောက် မော် အပြစ်တင်ခံရပါတယ်။ ပါတီနဲ့တိုင်းပြည်ကို လူရှောက်ချီနှင့် တိန်ရှောက်ဖိန်တို့က ပြန်လည် ကယ်တင်ခဲ့ကြ ရပါတယ်။

နှစ်ဦးစလုံးမှာ လူတော်များဖြစ်ပါတယ်။ လူရှောက်ချီက အုပ်ချုပ်ရေးမှာသာ တော်သည်မဟုတ် သဘော တရားရေးရာ တွင်လည်း အလွန်တော်ပါတယ်။ သမ္မတဖြစ်လာ ပြီးနောက် မော်ရဲ့ အရိုက်အရာကိုခံမည့် သူအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

သို့သော် လူ နှင့်တိန်တို့ (၂) ဦးသည် အာဏာရှင်အောက်တွင် ရှင်သန်နိုင်ရန် အရေးအကြီးဆုံးသော (လိုက်နာမှု) (Cardinal Rule) ကို သတိလက်လွတ်ခဲ့ကြတယ်။ အဲဒါကတော့ ဘယ်သောအခါမှ အာဏာရှင်ကို မကျော်ရ။ လူနှင့် တိန်တို့က မော်ကို အသိမပေးဘဲ အမိန့်တွေ ထုတ်လာကြပါတယ်။

မော် က ငါသေသွားသည့် အလား ဒီ(၂) ယောက် လုပ်နေကြတယ်လို့ သတိပေးသည့်တိုင် သတိမရှိခဲ့ကြပါ ဘူး။ ပါတီဗြူရိုကရက်များမှာ လူ နှင့် တိန် တို့ရဲ့ လူတွေ။ နောက်ဆုံး မော် က အတွေ့အကြံုနုနယ်တဲ့ လူငယ် ကျောင်းသား များကို အားယူပြီး ယဉ်ကျေးမှုတော်လှန်ရေးလို့ အမည်တပ်ကာ အာဏာပြန်သိမ်းခဲ့ရပါတယ်။ အမှန်က ကိုယ့်တပ်ကို ကိုယ်ပြန်နင်းခိုင်းခြင်းပင် ဖြစ်တယ်။ အန္တရယ် အလွန်ကြီးပါတယ်။ တိုင်းပြည်အလွန် နစ်နာခဲ့ပါတယ်။ လူသန်းနှင့် ချီ၍ သေကြေ ကြရတယ်။

သို့သော် မော်စီတုံးသည် ပြိုင်ဘက် လူရှောက်ချီကိုသာ အသေနှိပ်ကွပ်ခဲ့သည်၊ တိန် ကိုအသေမသတ်။ အစိုးရကို ဦးစီးရန် တိန် ကို အသာလေးချောင်ထိုးထား ၊ (ချန်) ထားခဲ့ပါတယ်။ ချောင်အင်လိုင်းရဲ့ ထောက်ခံ အားပေးမှုနဲ့ပြန်ခေါင်းထောင်လာသော တိန်ရှောက်ပိန်ဟာ မော် သေသွားပြီး စစ်တပ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အာဏာပြန်ရ လာပါတယ်။

ဒီအခါမှာ အာဏာရှင် တဦးတည်းကို အာဏာ ပုံအပ်ထားတဲ့ အန္တရယ်ကို လက်တွေ့ ခံစားခဲ့ရတဲ့ အတွက် အာဏာကို တဦးတယောက် လက်ထဲ ထားမည့်အစား (စုပေါင်း ခေါင်းဆောင်မှု) ပုံသဏ္ဍန်ကို ပုံသွင်းခဲ့ပါတယ်။

ဒါ့အပြင် အရေးအကြီးဆုံးအချက်က တအုပ်စုမှ တအုပ်စုသို့ အာဏာလွှဲ ပြောင်းခြင်းကို ပါတီ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်ပြီး (စံနစ်) အဖြစ် ပုံလောင်းခဲ့ခြင်းပါ။ ဒါကို အင်္ဂလိပ် လို Institutionalized လုပ်တယ်လို့ ခေါ်ကြပါတယ်။

ဒါ့ကြောင့် သုံးဆက်မြောက် (3rd generation)၊ လေးဆက်မြောက် (4th generation) ခေါင်းဆောင်များ ဆိုပြီးပေါ်ထွက်ခဲ့ပါတယ်။ လာမယ့်နှစ် ၊ ၂ဝ၁၂ တွင် ငါးဆက််မြောက် (5th generation) ခေါင်းဆောင်များ နေရာ ယူကြတော့မယ်။

စံနစ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်က သမ္မတ၊ ပါတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး သုံးခု စလုံးကို ရယူပြီး ဝန်ကြီးချုပ် နှင့် တွဲကာ တာဝန်ယူရပါတယ်။ အာဏာလွှဲပြောင်း ပေးတဲ့အခါလည်း ထိပ်ဆုံး (၂)ဦးသာ မဟုတ် ထိပ်ပိုင်း ခေါင်းဆောင်နေရာ ယူထားသူများ အုပ်စုလိုက် နေရာဖယ် ပေးကြရပါတယ်။

ဤသို့ စံနစ်တကျ စုပေါင်းခေါင်းဆောင်မှု နေရာဖယ်ပေးခြင်းရဲ့ အဓိက အကျိုးမှာ စီးပွာရေးနဲ့ ပါတီရဲ့ အောင်မြင် မှု များကို အနှောက်အယှက် မရှိဘဲ (ဆက်လက်) ဆောင်ရွက်နိုင်ခြင်း (continuity) ပင်ဖြစ် ပါတယ်။ တဦးတည်း အာဏာရှင်ဖြစ်ရန် အာဏာတိုက်ပွဲများမလို၊ အာဏာတည်ဆောက်မှုအတွက် အချိန်ဖြုန်းစရာမလို၊ အများ သဘောတူထားသော ပေါ်လစီများလည်း ဦးဆောင်သူအပေါ်မူတည်ပြီး မှောက်ချီလှန်ချီ ပြောင်းစရာ မလို တပြေးညီ တိုးတက်ခွင့် ရရှိ နိုင်ပါတယ်။

တိန်ရှောက်ဖိန်၏ သစ္စာရှိမှုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေ အပေါ်ဖြစ်ပါတယ်။ မာက်စ်ဝါဒ အပေါ် မဟုတ်။ ဒါ့ကြောင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကိုစွန့်လွှတ် တာ မကောင်းလှသော်လည်း လက်တွေ့ကျတဲ့ အရင်းရှင် စျေးကွက် စီးပွာရေးစနစ်ကို ကူးပြောင်းကာ တရုတ်ပြည်သူသန်း ၃ဝဝ ကျော်ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပါတယ်။

ပြည်သူ အားလုံး မဟုတ်သည့်တိုင်အောင် အများက ကွန်မြူနစ်အောက်မှာလို ဆင်းဆင်းရဲရဲ မနေရလျှင် ပြည်သူတွေ လည်း မဆူပူတော့။ တိန်တို့ တည်ထောင်ခဲ့သော ကွန်မြူနစ် ပါတီလည်း တည်မြဲ နေပေမည်။ ထို့အပြင် လာမည့် ၁၅ နှစ်၊ အနှစ် ၂ဝ ကာလ တွင် တရုတ်ပြည်ကြီးသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံဖြစ်လာ လျှင် တရုတ်တွေ ဂုဏ်ယူကာ ပိုတိုးတက် ညီညွတ် လာစရာရှိပါတယ်။

တိန်ရှောက်ဖိန်ထားခဲ့တဲ့ စံနစ်မှာ အပြင်လူတွေ အသိနည်းတဲ့ စနစ်တခုက သက်တန်း(၂) ကြိမ်ပြီး၍ ရာထူး ဖယ်ပေး ရသော လူကြီးများဟာ အနားယူစရာမလိုပါ။ ပါတီ၏ထိပ် ဆုံးမှာ (ပါတီ)ကို စောင့်ရှောက်နေသော ပဲ့ကိုင် ဗြဟ္မာကြီးများ (Elders)အဖြစ် ဆက်လက် ရပ်တည်နေပါသေးတယ်။

ဥပမာ တိန်ရှောက်ဖိန်လက်ထက်က ချောင်အင်လိုင်းရဲ့ မိန်းမ အပါအဝင်၊ သမ္မတဟောင်း လီ့ရှင်နင်း (Li Xiannian) တို့ပါဝင်သော (လူကြီး) (၆) ယောက် က ပါတီကို ပဲ့ကိုင် ပေးသွားကြပါတယ်။ ရန်စီမင်းကို တိန်ရှောက်ဖိန်က အဆိုပြုတဲ့အခါ ဤလူကြီး (၆) ယောက်ကပဲ သဘောတူ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တဖန် တိန်ရှောက်ဖိန်ဆီမှ ကျန်ဇီမင်းကို တင်ခဲ့သူမှာ လီ့ရှင်နင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပါတီ အစည်းဝေးပွဲမှာ (၅)ဆက်မြောက် ခေါင်းဆောင်တွေကို အပြီးသတ် ရွေးချယ်ရာလက်ရှိခေါင်း ဆောင် ဟူကျင်တောင်ရဲ့ လူ အရွေးချယ်မခံရ။ ဟူကျင်တောင်ရဲ့ (အား) ဖြစ်တဲ့ ကွန်မြူနစ် လူငယ်အုပ်စုနဲ့ အပြိုင်ဖြစ်တဲ့ Princelings ဟုခေါ်သော (လူကြီးများ၏ သား သမီး)များ အုပ်စုက စီကျင်းပင် Xi Jinping အရွေးခံရပါတယ်။

စီကျင်းပင်၏ဖခင်မှာ မော်တို့ခေတ် တော်လှန်ရေးသမားကြီး ဖြစ်ပြီး ဒုဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူပါ။ ဒီလို ဟူကျင်တောင်ရဲ့ လူ အရွေးမခံရခြင်းမှာ ဟူ နဲ့ မတည့်တဲ့ ကျန်ဇီမင်း၊ (လူကြီး) အဖွဲ့တွင်ရှိနေလို့ဟုအကဲခတ် သူများ က ယူဆကြပါတယ်။ ကျန်ဇီမင်း တယောက်တည်း မဟုတ် သူနဲ့ ခေတ်ပြိုင် အုပ်ချုပ်သူများလည်း လူကြီး အဖွဲ့တွင် ရှိနေရာ သူတို့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။

နောက် (၁ဝ) နှစ် တွင် (၆) ဆက်မြောက် ပါတီ ခေါင်းဆောင်ကို ရွေးချိန်ရောက်လျှင် ကျန်ဇီမင်းတို့လူစု ရှိကြ တော့မည်မဟုတ်။ ဟူ တို့အုပ်စုက ရွေးခွင့်ရကြမည်။ ဒါ့ကြောင့် လက်ရှိပါတီ ခေါင်းဆောင်က မျိုးဆက် တဆင့်ကျော်ကိုရွေးခွင့်ရကြမည့် စံနစ်ဖြစ်ပေါ်လာရပါတယ်။ (မှတ်ချက်။ ကျန်ဇီမင်း သာမကဟူဂျင်တောင်ကို လည်း တိန်ရှောက်ဖိန် ကပင် ရွေးခဲ့ခြင်း ဖြစ်သည်။)

ဒီနေရာမှာ မီးမောင်းထိုးပြချင်တာ တခုရှိပါတယ်။ အာဏာရှင်များ သာမက ခေါင်းဆောင်တိုင်းဟာမိမိအုပ်ချုပ် မှုကာလ ပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့မည့် (သမိုင်းနှင့် အမွေ) (Legacy) အတွက် စိတ်ပူကြရသည်။တိန်ရှောက် ဖိန် တည်ထွင်ခဲ့တဲ့ စနစ် မှာ (လူတဦး) ရဲ့ အမွေထက် (ပါတီ) ရဲ့ အမွေ ကို (ရောင်ပြန်ဟပ်) စေခြင်း ဖြစ်တယ်။ (တိန်) ချခဲ့သော (ပေါ်လစီ)များ ဆက်လက် ရှင်သန်စေဖို့ အစီအမံများဖြစ်ပါတယ်။ ဒါ့ကြောင့်ကြည့်တတ်၊ မြင်တတ် သူများအဖို့ တိန်ရှောက်ဖိန်သည် လွန်စွာ ဉဏ်ပညာကြီးမား အလွန်အမြှော်အမြင်ကြီးသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဘက်မှာ ပြောင်မြောက်ရုံမက စီးပွားရေးဘက်တွင်လည်း ကိုင်တွယ်သွား ပုံများမှာ လွန်စွာပညာ ပါ လှသည်။ ဒါ့ကြောင့် ကွန်မြူနစ်စံနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သော စာရေးသူက တရုတ်ပြည် အကြောင်း လေ့လာရင်း တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေး အသိစွမ်းအား မြင့်မားပုံများကို သိမြင်လာတဲ့အခါ တိန်ရှောက်ဖိန်လို လူမျိုးကို မလေးစားဘဲ မနေနိုင်ပါ။

တရုတ်နိုင်ငံဟာ တပါတီအာဏာရှင် စံနစ်ဖြစ်တာကြောင့် အဓိက အာဏာ မဏ္ဍိုင်တွေထဲမှာ ပါတီ၊ အစိုးရ၊ စစ်တပ် ဆိုပြီး ခွဲခြားထားပေမယ့် ပါတီဟာ အဓိကပဲ။ ဒါ ကြောင့် ပါတီရဲ့ ရပ်တည်မှု ပုံသဏ္ဍာန် ဟာအရေးကြီး လှပါတယ်။ ဖွဲ့သည်းအုပ်ချုပ်ပုံ ဥပဒေ ဆိုတာကလည်း အာဏာမဏ္ဍိုင်တွေကို ဖေါ် ဆောင်တာဟာ အခရာ ပဲ မဟုတ်လား။

တရုတ်ပြည် မှာ ဥပဒေ ပြု ကွန်ကရက် ဆိုတာရှိပေမယ့် ပါတီကချပေးတဲ့ ဥပဒေတွေကို အတည်ပြုဖေါ်ထုတ် ပေးရတဲ့ ယန္တရား သက်သက်ပါပဲ။ တရုတ်ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ အစိုးရ အောက်မှာမရှိဘူး။ တော်လှန်ရေး ကာလ ကတည်းက စစ်တပ်ကို ပါတီက စစ်ကော်မရှင်က ဆင့်ထိန်းချုပ်ထားတယ်။

လူသိနည်းတဲ့ မော် ရဲ့ မိန့်ဆိုချက် တခုရှိသေးတယ်။ အဲဒါက ၁၉၂၉ ခုနှစ်မှာ မော် ရွတ်ဆိုခဲ့တဲ့ (ပါတီက သေနတ်ကို ဦးစီးအုပ်ချုပ်ရမယ်တဲ့)။ ဒါကြောင့် စစ်တပ်ကို စစ်ကော်မရှင်က အုပ်ချုပ်ပြီး ၊ ပါတီက တခါ အပေါ်က တက်ထိုင် ထားတာပဲ။ တကယ်တော့ တရုတ် အုပ်ချုပ်ရေး စံနစ်မှာ အားလုံးကို ပါတီကခွစီးထား တာပါပဲ။

နောက် အရေးကြီးတဲ့ အချက်က တရုတ်စနစ်မှာ ဒီမိုကရေစီ ဆိုတာက ပြည်သူအတွက် မဟုတ်။ခေါင်းဆောင် တွေ ကို ပြည်သူက ရွေးခွင့်ရှိသည် မဟုတ် ၊ ပါတီကေဒါတွေကပဲ ရွေးခွင့် ရှိတာပါ။ အစိုးရ၊ ပြည်နယ်အစိုးရ၊ စစ်တပ်။ အားလုံးဟာ ပါတီ ကလူတွေ။ ပါတီအောက် မှာပဲ။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ စစ်သား စစ်ဗိုလ် တွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်သလို တရုတ်ပြည်မှာလည်း ပါတီကေဒါတွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်တာပဲ။

တရုတ်ပြည်ရဲ့ ထူးခြားတဲ့အချက်က တိန်တို့လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး တိုက်ပွဲမှာအနိုင်ရ လာတဲ့ အတွက် ပါတီခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် ရေရှည်ကို ကြည့်တတ်ပြီး အာဏာရဲ့ဖျက်စီး မှုကြားက တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ဆိုတာကို အတိုင်းအတာ တခုအထိထိန်းသိမ်းထား နိုင်တယ်။

ဒီမိုကရေစီ ကျင့်သုံးတဲ့ အမေရိကန် ပုံစံနဲ့ ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ် ပုံစံယှဉ်ရင် ဒီမိုကရေစီကပဲ (မျှတ) မှု ကိုပေးနိုင်တယ်ဆိုတာရှင်းပါတယ်။ ဒီ့ပြင် အမေရိကန် စံနစ်က အာဏာတဘက်စွန်း မရောက်အောင်ထိန်း ထားတဲ့ (အနှစ်) တွေဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် အနှစ် (၂ဝဝ) ကျော်လာသည့်တိုင် တန်ဖိုး မပြယ်နိုင်ပါ။

တရုတ်ပြည်ကြီးမှာတောင် ဗဟိုက ပေါ်လစီကို ချုပ်ကိုင်ထားပေမယ့် အကောင်အထည်ဖေါ်တော့ပြည်နယ် တွေကို လွတ်လပ်ခွင့် (Autonomy) ပေးးထားတာပဲ။ ဥပမာ မြန်မာနိုင်ငံအရေးဆိုရင် ယူနန် ပြည်နယ် အစိုးရ ကအဓိက တာဝန်ယူ ဖေါ်ဆောင်ရတာပါ။

လက်ရှိ တရုတ်ပါတီတွင်း မှာတောင် တပါတီစံနစ်ဟာ ပြည်သူကို ကိုယ်စားပြုရဲ့လား ဆိုပြီးမေးလာ ကြပြီ။ လက်ရှိစံနစ်နဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ပါ့မလားဆိုပြီး သံသယရှိလာကြပြီ။ ၂ဝ၁ဝ နှစ် သြဂုတ်လ ၅ရက် မှာ သမ္မတဟောင်း လီ့ရှင်နင်းရဲ့ သားမက် ၊ တရုတ်ကာကွယ်ရေးတက္ကသိုလ််ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး
လူရာဇောင် (Liu Yazhou) က ရေရှည် (၁ဝနှစ်အတွင်း) မှာ တရုတ် ကွန်မြူနစ်ပါတီဟာ လက်ရှိအာဏာရှင် စံနစ်မှ ပို၍ ဒီမိုကရက်တစ်ကျသော စံနစ်သို့ ကူးပြောင်း ကြရမည်၊ တခြားထွက်ပေါက် မရှိဟု တရုတ်သတင်း သမားတွေကို ပြောကြားခဲ့ပါတယ်။

နှစ်ရက် အကြာမှာ ပါမောက္ခ ဟူစင်ထောင် (Hu Xingdou) က တရုတ်ပြည်မှာ လူမူရေး တရားမျှတမှု ပျောက်ဆုံးနေမှုဟာ တရုတ်ပြည်ကြီးကို အန္တရယ်လမ်းပေါ်သို့ တွန်းပို့နေသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများပြု၍ တရုတ်ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပြည်သူများကို ပြန်ပေးသင့်တယ်လို့ပြောဆိုခဲ့ပါ တယ်။ သူကပင် တရားမျှတတဲ့ လူမှုရေးကို အခြေခံသော အုပ်ချုပ်ရေးစံနစ် Constitutional Socialism ကို ထူထောင်ရမည်ဟုဝေါဟာရ အသစ်ကို ဖေါ်ဆောင်လာပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ ဤမျှရှည်ကြာစွာ အောင်မြင်ခြင်းက တရားဥကဒေစိုးမိုးရေး Rule of Law ကြောင့်ဖြစ်ပါတယ်။ ငွေကြောင့်မဟုတ်။ တရုတ်တွေ ငွေကို ကိုးကွယ်နေခြင်းမှာမှားသည်။ တရုတ် ကွန်မြူနစ် ပါတီလည်းပြုပြင်ပြောင်းလဲရမယ်။ လက်ရှိအနေအထားအတိုင်း မသွားနိုင်ဟု ဆိုလာပြန်တယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အုပ်ချုပ်သူ လူတန်းစားလာဖြစ်တော့ အာဏာရဲ့ ဖျက်စီးမှုကို မခံနိုင်ဘဲ တိုင်းပြည် ချစ်တဲ့စိတ်၊ အမျိုးချစ်စိတ် ဆိုတာတွေဟာ ပျောက်ဆုံး ကုန်တယ်။ လတ်တလောအကျိုးအမြတ် တွေကို ဦးစားပေးကာ ရေရှည် တိုင်းပြည်အကျိုးကို မျက်ခြေပြတ်ခဲ့ကြတယ်။

အနှစ်ပါတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းကပါ။ တရုတ်တွေတောင် တိုင်းပြည် တိုးတက်ခေတ်မှီလာတော့ ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရေရှည်အတွက် တရားဥပဒေ စိုးမိုးရေးကို စဉ်းစားလာတတ်ပြီ။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အနှစ်ပါတဲ့အပြင် တို်င်းရင်းသား တွေ အပေါ် တရားမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်ပြင်ရေးရင် ထည့်သွင်း စဉ်းစားနိုင်အောင်ပါ။

ဖက်ဒရယ် လို့ကြားလိုက်တာနဲ့ တိုင်းပြည်ဖျက်ပြီလို့ ကြောက်စရာ မလိုပါ။ ဖက်ဒရယ် စံနစ်မှာ ကောင်းတာတွေ ရှိသလို ဖက်ဒရယ် ဆိုလိုက်တာနဲ့ အဖြေရပြီလို့ အားကိုးလွန် ဖို့မသင့်ပါ။ ဖက်ဒရယ် စံနစ်မှာ သတိရှိစရာအချက် တွေ အများကြီးရှိပါတယ်။ စံနစ်ဆိုတာ (သိ) မှ (ကိုင်တွယ်) တတ်မှ အကျိုးဖြစ်ထွန်းနိုင်တာပါ။

(ကိုးကား ။ General and scholar test reform waters By Wu Zhong, China Editor Aug 12, 2010 ကိုကားပါသည်။ )

အပို်င်း (၂) ကိုဆက်လက်ဖေါ်ပြပါမည်။