နယူးဒေလီ (မဇ္စျိမ) ။ ။ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးအတွက်ဟု ဆိုသော အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့ ပြန်လည် တွေ့ဆုံဆွေးနွေးမှုကို သောကြာနေ့၌လုပ်ဆောင် မှာဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိ ရှိရသည်။
ကာယကံရှင်များနှင့် ဆက်သွယ်၍ မရနိုင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဒုဥက္ကဌ ဦးတင်ဦးကတော့ သတင်းအပေါ် အတည်ပြုချက်မပေးနိုင်သော်လည်း “တွေ့မယ်ဆိုရင် ကျနော် ထင်တာကတော့ နေ့လည်ပိုင်းလောက်ဖြစ်လိမ့်မယ်။ သတင်းကတော့ တော်တော်လေးမှန်နိုင် စရာရှိတယ်လို့အောက်မေ့ပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၌် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး အပြင် အလုပ်သမား ဝန်ကြီး ဖြစ်သော ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ် လက်ထက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုကိုလည်း ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည်။
နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ဆွေးနွေးပွဲဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်းဆွေးနွေး ပွဲနှင့် ပတ်သက်သည့် ဆွေးနွေးမှု အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ဘဲ အထူးသတိထား နေကြဟန် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျောင်းသားများ အပါအဝင် သဘောထားတင်းမာ ပြတ်သား သော အတိုက်အခံ အင်အားစုများကလည်း ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ဦးအောင်ကြည်မှာ ယခင် စစ်အစိုးရ လက်ထက်တွင် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး
နိုဘယ်ဆုရှင်နှင့် ၂ဝဝ၇ ခုနှစ်မှစတင်၍ တွေ့ဆုံ ဆွေးနွေးမှုပေါင်း ၉ ကြိမ် ဆွေးနွေးမှုပြုခဲ့ပြီး ဖြစ်သည်။
------------END-----------