နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူများက ဒေသ အသီးသီး၌ နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် စာရေးဆရာ ဒဂုန်တာရာက ပန်ကြားလိုက်သည်။
(ဒဂုန်တာရာနှင့် အင်တာဗျူး)
နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူများက ဒေသ အသီးသီး၌ နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် စာရေးဆရာ ဒဂုန်တာရာက ပန်ကြားလိုက်သည်။
၂ဝ၁၁ ခုနှစ်မှစ၍ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ များပြားပြင်းထန်နေသည့်အတွက် အသက်များစွာ ဆုံးရှုံးနေရကြောင်း၊ သေဆုံးသူများနှင့် ပျက်စီးဆုံးရှုံးမှုများမှာ မြန်မာပြည်ပိုင် ပစ္စည်းများသာ ဖြစ်ခြင်းကြောင့်ပြည်သူအများက ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းခြင်း ဖြစ်သည်။
ယင်းပန်ကြားလွှာကို ရန်ကုန်မြို့ရှိ မိတ်ဆွေတဦးမှတဆင့် နီးစပ်သူများကို ဖြန့်ဝေခဲ့သည်ဟု သိရသည်။
ဦးဌေးမြိုင် ခေါ် ဆရာကြီး ဒဂုန်တာရာမှာ ၁၉၅၃ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သည် “ကမ္ဘာ့ ငြိမ်းချမ်းရေးကောင်စီ”နှင့် ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သည့် “ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ” အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ သဘာပတိ အဖြစ် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲရန်နှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေး တည်ဆောက်ကြရန် အတွက်လည်း ငြိမ်းချမ်းရေး ပန်ကြားလွှာမှတဆင့် အသက် ၉၃ နှစ်အရွယ် ငြိမ်းချမ်းရေးစာရေးဆရာကြီးက တိုက်တွန်းထားသည်။
မဇ္စျိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။
--------------------------------------------------------------------------------------------------------------------------------------
ငြိမ်းချမ်းရေးအတွက် ပြည်သူတွေ အနေနဲ့ အနယ်နယ် အရပ်ရပ်ကနေ ပါဝင်လုပ်ဆောင်ကြဖို့ ပန်ကြားလွှာ ထုတ်တယ် သိရပါတယ်ဗျ။ ဘယ်နေ့ကများ ထုတ်ခဲ့တာပါလဲ။
“ဟုတ်ပါတယ်။ ဘယ်နေ့ကလဲဆိုတာတော့ ပြန်စဉ်းစားမှ ရတော့မယ်ဗျ။ အကြာဆုံး ၄ ရက်ပဲ။ ရန်ကုန်မှာလည်းဝေတယ်။ ကျနော့်လူတယောက် ရှိတယ်လေ။ ဦးလှမောင်ဆိုတာ မုံရွာက လူ။ သူက တဆင့် နီးစပ်ရာကို ဝေတာ”
အခု ထုတ်ပြန်ချက်ထဲမှာကော ဘယ်အချက်တွေကို ထည့်သွင်းဖော်ပြထားလဲ။
“ငြိမ်းချမ်းရေးလုပ်ကြဖို့ တိုက်တွန်းထားတာပါ။ ကျနော်က ကိုယ်ရေးတာတွေ ကိုယ် မမှတ်မိဘူးဗျ။ “လူမသေ ပြည်မပျက်” ဆိုတဲ့ စကားလေး ကျနော် လုပ်ချင်တယ်ဗျ။ အဲဒါ လူတွေ အများသဘောပေါက်အောင် လုပ်ချင်တယ်။ အခက်အခဲက ရှိလာရင် ရမယ်။ ရတော့ ရမှာပါ။ ငြိမ်းချမ်းရေး ရတော့မယ်။ ကျနော် မျှော်လင့်တာပေါ့ဗျာ”
မြန်မာပြည်က ဒီလို ပန်ကြားလွှာထုတ်ဖို့ လိုအပ်နေပြီလားခင်ဗျ။
“ငြိမ်းချမ်းရေးပျက်ပြီလေ။ ဒီ စစ်သားတွေ အာဏာ အတင်းယူတာဗျ။ သူတို့ လုပ်တဲ့ရွေးကောက်ပွဲ (၂ဝ၁ဝ) ကို သူတို့တပ်က လုပ်တာလေ။ စစ်တပ်အစိုးရ တက်နေပြီလေ။ အရင်ဆုံး ငြိမ်းချမ်းရေးလုပ်သင့်တဲ့ အခါကျတော့ အဲဒီဟာကို တင်လိုက်တာပဲ။ တင်တော့ ပထမတော့ လက်ခံချင်မှ လက်ခံမှာပဲ။ သူတို့က မုန်းတဲ့စိတ်တွေ များပုံရတယ်။ ကျနော်က မုန်းပါဆိုတောင် မုန်းလို့မရလို့ ခက်နေတာ”
“အခုက ကျနော်တို့ နိုင်ငံမှာ ဗမာ၊ ဗမာလို့ ခေါ်နေတဲ့ ဗမာ့တပ်မတော် ပေါ့ဗျာ။ ကချင်တို့၊ ချင်းတို့၊ ကရင်တို့၊ မွန်တို့၊ ရှမ်းတို့၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ စစ်ဖြစ်နေကြတယ်။ ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ။ အဲဒါ သိပ်မကောင်းဘူး။ ဘာလို့ဆိုတော့ သူက မုန်းတဲ့စိတ်ပါတယ်။ ဟို တဖက်ကတော့ မမုန်းဘူး။ အစိုးရဘက်က လူ၊ စစ်သားတွေကတော့ မုန်းမှာပါ။ မုန်းပုံ ရတယ် ကြည့်ရတာ”
လူထုက ငြိမ်းချမ်းရှိမှ ချမ်းသာမှာ။ ငြိမ်းချမ်းရေး မရှိရင် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ အခု စစ်လက်နက်ကို အားကိုးနေလို့ မရဘူး။ ငြိမ်းချမ်း တဲ့နည်းနဲ့ လုပ်မှ ရမှာ။ အဲဒါမှ လူမသေဘဲနဲ့လူတွေက တော်တော် သေတာပဲဗျ။ အရှေ့အလယ်ပိုင်းမှာလို သေတယ်။ မြန်မာပြည်မှာလည်း ဒီလိုသေတာပဲဗျ။ အတူတူပဲ
မြန်မာပြည်ရဲ့ အခြေအနေဟာ ဘယ်လောက်ထိ ဆိုးဝါးနေတယ်လို့ ထင်မြင်ထားပါသလဲ။
“ပြည်တွင်းစစ်က လူတွေ ထိခိုက်တယ်ဗျ။ သူက ပြန့်သွားရင် စားတဲ့သောက်တဲ့နေရာတွေမှာ ထိခိုက်တယ်။ ကျန်းမာရေး ထိခိုက်တယ်။ အသက်တိုတာပေါ့ဗျာ။ အဲဒီလို ဖြစ်မှာစိုးလို့ပါ။ ခင်ဗျားတို့ကို တကယ်အားကိုးတာ။ ခင်ဗျားတို့က လုပ်နိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ လုပ်လည်း လုပ်နိုင်တယ်။ လုပ်လည်း လုပ်တတ်တဲ့သူတွေ။ ခင်ဗျားတို့ အသက်ရှည်လေလေငြိမ်းချမ်းရေး ရနိုင်လေပဲ။ ငြိမ်းချမ်းရေးရနိုင်လေ တိုင်းပြည်က ကောင်းလေပဲ။ ငြိမ်းချမ်းရေးမရရင် ဘာမှ လုပ်လို့မရဘူး”
“ဒီစစ်သမားတွေကလည်း သူတို့မှာလည်း သူတို့ပဲ။ တွယ်စရာ မရှိဘူးလေ။ သူတို့ သနားပါတယ်။ ရှမ်းစကားလိုပြောရင် တွယ်စရာက ကိုရီးယား (ဇာတ်ကား) ပဲ ရှိတယ်”
“ကျနော်က ငြိမ်းချမ်းရေး၊ အေးဆေး နေချင်တာဗျ။ ကျနော့်ကို ဆန့်ကျင်တဲ့သူတွေက “ရန်သူမရှိဆိုတာ” ကို မကြိုက်တဲ့သူ ရှိတယ်လေ။ အခု အဲဒီလူတွေက ကျနော့်ကို ထောက်ခံနေပါပြီ။ တဝက်တော့ ထောက်ခံနေပြီ။ ကျနော့်ကို ထောက်ခံတယ်ဆိုရင် သူတို့က ဂုဏ်ရှိတယ်လို့ ထင်ပုံမရဘူးဗျ။ ကျနော်တွေးတဲ့ အတွေးပါ။ အဲဒီတော့အခု အဲဒီလူတွေက ကျနော့်ကို ထောက်ခံနေကြပြီ”
“အခု တော်တော်များများ ငြိမ်းချမ်းရေးစကား ပြောကြပြီ။ တကမ္ဘာလုံး ပြောကြတယ် ငြိမ်းချမ်းရေးစကားက။လုပ်တာ၊ မလုပ်တာကတော့ မပြောလိုဘူးလေ။ တချို့က ပါးစပ်ပြောပေမယ့် လုပ်တာက တလွဲဗျ။ ငြိမ်းချမ်းရေး လုပ်တာမဟုတ်ဘူး။ ကျနော် ထင်တယ် နောက်လာမယ့် လှုပ်ရှားမှုက ငြိမ်းချမ်းရေးလှုပ်ရှားမှုပဲ”
လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေအတွက် ငြိမ်းချမ်းရေးက ဘယ်လောက်တောင် အရေးကြီးနေလို့ မြင်ပါသလဲ။
“အရေးကြီးတာပေါ့။ သိပ်အရေးကြီးတာပေါ့။ မြန်မာပြည်မှာ ညှိနှိုင်းရေးက တပ်ကလူတွေ အာဏာမသိမ်းခင် အထိကတော့ သိပ်ကောင်းတယ်။ အခြေအနေက။ မြန်မာပြည်သူတွေက ပြောသာပြောတာ မုန်းတတ်တဲ့ စိတ် သိပ်မရှိဘူး။ အကုန် လူကောင်းတွေဗျ။ လူကောင်း၊ လူရိုး၊ အေးဆေးနေတဲ့ လူမျိုးတွေပဲ။ ငြိမ်းချမ်းရေးကို လုပ်ချင်ပေမယ့်လို့ အတင်းဖမ်းတယ်။ ဖမ်းတော့လည်း အတင်းရိုက်ဖမ်းတာဗျ။ အဲဒါ မလုပ်ရဘူးဗျ”
“ဒီ တိုက်တဲ့ခိုက်တဲ့စိတ်ပေါ့ဗျာ။ သူတို့က အခု ထင်နေတာက လက်နက်ကိုင်တဲ့သူတွေက လက်နက်နဲ့ လုပ်ရင် ရမယ် ထင်နေတာ။ မရဘူး။ လက်နက်နဲ့ မရဘူး။ ကမ္ဘာမှာကို အခု ပိုဆိုးနေတယ်။ ကျနော်တော့ အဲဒီလို ဆိုးတယ်လို့ မြင်တာပဲ။ မြန်မာပြည်မှာလည်း ဆိုးတယ်။ အရှေ့အလယ်ပိုင်းတွေမှာလည်း ဆိုးတယ်”
ထုတ်ပြတ်ချက်မှာ “ကျည်ဆန်ခြံု၍ မလုံ၊ မေတ္တာခြံုမှ လုံလိမ့်မည်” ဆိုတာကကော ဘာကိုရည်ညွှန်းချင် တာလဲ။
“အဲဒါ မေတ္တာဆိုတာ ကျနော်တို့ ဗုဒ္ဓဘာသာရဲ့အခြေခံပဲဗျ။ မေတ္တာက တော်တော်လေးနက်တယ်လို့ ယူဆ တယ်။ မေတ္တာထားရင်၊ မေတ္တာဓာတ် ကြီးကျယ်လာလေ၊ ခိုင်မာလာလေ ငြိမ်းချမ်းရေး နီးစပ်လေပဲ။ ဒါမှ ငြိမ်းချမ်ရေးလုပ်ကြမှာ”
စစ်ပွဲမှာပါဝင်နေတဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရကိုကော ငြိမ်းချမ်းရေးအတွက် ဘာပြောချင်လဲ။
“အမှာကတော့ ငြိမ်းချမ်းရေးလုပ်ကြပါပဲ ပြောရမှာပဲလေ။ ဒီစကား ရိုးရိုးစကားပဲ။ တကယ်လုပ်ရင် ရတယ်”
“ဘာလို့ဆို လက်နက်သုံးရင် တဘက်ကလည်း သုံးနိုင်တဲ့အခွင့်ရှိတာပဲ။ ကျနော်က မျှော်လင့်ချက်တောင် သိပ်မထားချင်ဘူး။ အခု တော်တော်စုတ်ပြတ်နေပြီ။ မြန်မာပြည်က တော်တော် ပျက်သွားပြီ။ လူတွေ လည်းအခု ကျနော်နေတဲ့နေရာလေ ရှမ်းပြည်။ တောက လူတွေ သနားပါတယ်ဗျာ။ စိုက်တော့ မဖြစ်ဘူး။ စျေးတွေကလည်း တက်သထက် တက်နေတာ”
နယ်ခြားစောင့်တပ် ဆိုတာ စစ်အင်အား၊ လက်နက် အင်အားကို ဖြည့်တာ မဟုတ်ဘူးဗျ။ ခိုင်မာအောင် လုပ်တာပဲ။ အဲဒီဟာကို ခင်ဗျားတို့ ဖျက်နိုင်ရင် ကောင်းမယ်။ ဖျက်နိုင်ရင်ဆိုတာ ငြိမ်းချမ်းရေးနည်းနဲ့ လုပ်နိုင်ရင် ကောင်းတယ်။ အဲဒါပဲ ပြောချင်တယ်
“လူထုက ငြိမ်းချမ်းရှိမှ ချမ်းသာမှာ။ ငြိမ်းချမ်းရေး မရှိရင် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။ အခု စစ်လက်နက်ကို အားကိုးနေလို့ မရဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်မှ ရမှာ။ အဲဒါမှ လူမသေဘဲနဲ့ လူတွေက တော်တော် သေတာပဲဗျ။ အရှေ့အလယ်ပိုင်းမှာလို သေတယ်။ မြန်မာ ပြည်မှာလည်း ဒီလိုသေတာပဲဗျ။ အတူတူပဲ”
ပြည်သူထဲက ဘယ်လိုလူတွေကိုကော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားလဲ။
“ငြိမ်းချမ်းရေးက ခင်ဗျားတို့ လုပ်ရင် ရတယ်။ ခင်ဗျားတို့အရွယ် (အသက် ၃ဝ ဝန်းကျင်) တွေက ဖျက်လတ် တယ်ဗျာ။ ကျနော် အဲဒီအရွယ်ကတည်းက ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်က မလုပ်တတ် ဘူးဗျ။ လှုပ်ရှားမှုထဲမှာ ပါတော့ ပါဖူးတယ်။ ပါတာက စကားအဖြစ်နဲ့သာ ပါတာ။ ကိုယ်တိုင်လုပ်တဲ့၊ စည်းရုံးတဲ့အချက် သိပ်မရှိိဘူး။ လုပ်နိုင်လောက်တဲ့ အတွေ့အကြံုမရှိတဲ့ပုဂ္ဂိုလ်လို့ပဲ ကိုယ်တိုင် ဝန်ခံမိတယ်”
“လူငယ်ဆိုတာ ဖြတ်လတ်တယ်။ အတွေးကလည်း သန်တယ်ဗျ။ အတွေး မှန်တယ်။ ခင်ဗျားတို့ မလိမ်ဘူး။ ခင်ဗျားတို့ကို ကျနော် သိတယ်။ ခင်ဗျားတို့အရွယ်တွေက လိမ်တဲ့ဟာ မရှိဘူး။ လုပ်စမ်းပါ။ ကျနော် ဝမ်းသာပါတယ်။ ၃ဝ ကျော်ဆိုတော့ တအားဖြစ်တယ်။ ကျနော်တို့က ကြီးပြီ၊ မလုပ်နိုင်ဘူးဗျ။ ကြီးလာတယ် ဆိုတော့ စိတ်အားနဲ့ မဆိုင်ဘူး၊ ရုပ်အားနဲ့ ဆိုင်မယ် ထင်တယ်။ ကျနော် ထင်တာလေ။ ရုပ်အားက သိပ်မကောင်းဘူး။ ကျနော် ကိုယ့်ကိုကိုယ် အားမရဘူးဗျ။ အတွေးအခေါ်ကတော့ ရှိကောင်းရှိမယ်။ ဒါပေမဲ့ လုပ်တဲ့အခါကျတော့ ခင်ဗျားတို့လောက်တော့ ဖြတ်လတ်မှာ မဟုတ်ဘူး။ အဲဒါကို ပြောချင်တာပါ”
“ခင်ဗျားတို့က ဖြတ်လတ်တယ်။ လုပ်အားလည်း ရှိတယ်။ နောက် စိတ်က ခိုင်တယ်။ ခိုင်ခိုင်မာမာ ရှိတယ်။ မပြောင်းဘူး။ တခုခု စွဲမြဲသွားရင် မပြောင်းတော့ဘူး။ ခင်ဗျားတို့ လုပ်ရင် ရမယ်။ ကျနော် အားပေးချင်တယ်”
ထပ်ပြီး ဖြည့်စွတ်ပြောချင်တာ ရှိပါသေးလား။
“နယ်ခြားစောင့်တပ်ဆိုတာ စစ်အင်အား၊ လက်နက်အင်အားကို ဖြည့်တာ မဟုတ်ဘူးဗျ။ ခိုင်မာအောင် လုပ်တာပဲ။ အဲဒီဟာကို ခင်ဗျားတို့ ဖျက်နိုင်ရင် ကောင်းမယ်။ ဖျက်နိုင်ရင်ဆိုတာ ငြိမ်းချမ်းရေးနည်းနဲ့ လုပ်နိုင်ရင် ကောင်းတယ်။ အဲဒါပဲ ပြောချင်တယ်။ မူရင်းကတော့ အဲဒါပဲ။ ခင်ဗျားတို့ သဘောပေါက်ပါတယ်။ ငြိမ်းချမ်းတဲ့နည်းနဲ့ အကောင်းဆုံးပဲ”