NDF ပါတီတွင် အစုလိုက် အပြုံလိုက် နှုတ်ထွက်မှုဖြစ်

NDF ပါတီတွင် အစုလိုက် အပြုံလိုက် နှုတ်ထွက်မှုဖြစ်
by -
သဲသဲ

၄၅ ဦးက ပါတီဝင် အဖြစ်မှ နှုတ်ထွက်ကြောင်း NDF ရုံးချုပ်သို့ ဇူလိုုင်လ  ၃ဝ ရက်နေ့တွင်အကြောင်းကြား စာ ပေးပို့ခဲ့သည်ဟု သိရသည်။

“လွှတ်တော် ကိုယ်စားလှယ်ရော၊ ဘဏ္ဍာရေးမှူးကိုရော ရွေးကောက်ပွဲသာ ပြီးသွားတယ်ပြန်မတွေ့ရေ တာ့ဘူး၊ အဲလိုမျိုးတွေ ဖြစ်နေတာဆိုတော့ ဒီအဖွဲ့အစည်းကို သိပ်ပုံစံမကျဘူးဆိုပြီးတော့နုုတ်ထွက်ကြ တာပါ ရုံးချုပ်ကိုကျနော် လိုက်ပို့ပေးလိုက်တယ်” ဟု တောင်ဒဂုံ စည်းရုံးရေးမှူးဟောင်း ဦးရွှေဝင်းက မဇ္စျိမကို ပြောသည်။

ထွက်စာတင်သူများမှာ တောင်ဒဂုံ ၁၀၆ ရပ်ကွက်မှ ပါတီဝင်များ ဖြစ်ပြီး အမည်စာရင်းနှင့်ပါတီဝင် ကဒ်များကို တာမွေမြို့နယ်ရှိ NDF ပါတီရုံးချုပ်သို့ တိုက်ရိုက်ပို့ခဲ့ခြင်း ဖြစ်သည်။
NDF
တောင်ဒဂုံမှ ပါတီဝင်အချို့ နုုတ်ထွက်စာ တင်ကြောင်း NDF ပါတီကလည်း အတည်ပြု ပြောဆိုသည်။ ပါတီ၏ ဘဘောထားနှင့် လုပ်ငန်းစဉ်များကို မယုံကြည်သဖြင့် နှုတ်ထွက်လိုကြောင်းအကြောင်းပြ ထားသည်ဟု ဆိုသည်။ သို့သော် ထွက်စာတင်သူများကို ပါတီက တွေ့ဆုံ ဆွေးနွေးသွားမည်ဟု NDF ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း က မဇ္စျိမကို ပြောသည်။

“သေချာလည်း သူတို့နဲ့လည်း မတွေ့ရသေးဘူး။ တယောက်ကနေပြီး နာမည်စာရင်းယူလာပြီးလာတင် တယ်ဆိုတော့၊ ကျနော်တို့က ဒါကို အတည်လည်း မပြုသေးဘူး၊ အဖွဲ့ဝင်တွေနဲ့ တွေ့ရဦးမှာပါ၊ တိုင်းကို လွှဲထားပါတယ်” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ခွဲထွက်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သောNDF ပါတီမှာ စုစည်းမှု အားနည်းကြောင်း ဝေဖန်မှုများ ရှိသည်။

သင်္ကန်းကျွန်းမြို့နယ် တသီးပုဂ္ဂလ လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ပါတီတွင်း ကိစ္စများနှင့် ပါတီ ဘဏ္ဍာရေး ကိစ္စများကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည် ဟူသော စွပ်စွဲချက်များဖြင့်  NDF မှ ၂ဝ၁ဝ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပယ်ခဲ့သည်။

ထို့နောက် NDF လွှတ်တော် အမတ်များဖြစ်သော ဦးဖုန်းမြင့်အောင်၊ ဦးကျော် (သင်္ဃန်းကျွန်း-၁) ၊ ဒေါ်စန်းစန်းမြင့် (သင်္ကန်းကျွန်း ၃)နှင့် ဦးကြည်မြင့် (လသာ)တို့နှင့်အတူ  သင်္ကန်ကျွန်းမြို့နယ်မှ ပါတီဝင် ၆၃ ဦးလည်း  NDF မှ နှုတ်ထွက်ကာ ဦးသိန်းညွန့်နှင့် ပူပေါင်းသွားကြသည်။

ယခု ထွက်စာတင်သူများသည်လည်း NDF ပါတီ စတင် ဖွဲ့စည်းစဉ်က ဦးသိန်းညွန့်၏ စည်းရုံးမှုဖြင့် ပါတီသို့ ဝင်ရောက်လာသူများ ဖြစ်သည်ဟု သိရသည်။

NDF မှ ခွဲထွက်အပြီး တသီးပုဂ္ဂလ အမတ် ဖြစ်လာသူ ဦးသိန်းညွန့်က “အမျိုးသား ဒီမိုကရေစီ ပါတီသစ်” အမည်ဖြင့်ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင် လျှောက်ထားဆဲဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် ရှိသည်။

NDF ပါတီ စတင်ဖွဲ့စည်းစဉ်က ဗဟိုကော်မတီဝင် ၆၁ ဦးနှင့် ပါတီအင်အား ၈,၀၀၀ ခန့်ရှိပြီး တိုင်း ရ ခုနှင့် ပြည်နယ် ၄ ခုတွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားခဲ့သည်။ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NDF က အနည်းဆုံး နေရာ ၂ဝ ခန့် ဝင်ပြိုင်ရန် ရှိသည်။

Most read this week