ရှေ့တပတ် (ဝ၈၊ ဝ၈၊ ၁၁) ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃-နှစ် ပြည့်ပါတော့မယ် အဲဒီ အရေးတော်ပုံ အတွင်း ပါဝင်ခဲ့သူတွေ အခုဘယ်ရောက်နေလဲ။ ဘာတွေ ဆက်လုပ်နေသလဲ။
အဲဒီကာလက စတင််ခဲ့တဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲဟာ အခု ၂၃နှစ် ကြာပြီးတဲ့အခါမှာ ဘယ်လောက်အထိ ခရီးရောက် နေပြီလဲ။ နောက်ထပ်ဘယ်လောက် ထပ်ကြာဦးမလဲ။ ဒါဟာ နှစ်ပတ်လည်နေ့ရောက်တိုင်း လူအတော်များများက မေးလေ့ရှိတဲ့ မေးခွန်းတွေဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှှ မေးခွန်းထုတ်သူ ဦးရေဘက်မှာ ပိုများများလာနေပြီး ကိုယ်တိုင်အဖြေရှာ သူ ဦးရေဘက်မှာ ပိုနည်းနည်းလာနေတာကို ကျနော်သတိထားမိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေအနေနဲ့ မေးဖို့တာဝန်ရှိသလို။ ဖြေဖို့လဲ တာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။ အကြမ်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာပါဝင်ခဲ့သူ တွေထဲက ကိုမင်းကိုနိုင်အပါဝင် ၈၈ မျိုးဆက် ကျောင်းသားတွေဟာ အခုချိန်ထိအကျဉ်းထောင်တွေအတွင်း ရှိ နေဆဲဖြစ်ပါတယ်။
အဖမ်းမခံရဘဲ ကျန်နေသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လက်တွဲပြီး ဆောင်ရွက်နေပါတယ်။ တချို့ကတော့ နိုင်ငံရေး ပါတီထောင်ပြီး လွှတ်တော်နိုင်ငံရေး အခင်းအကျင်းသစ်နဲ့ စခန်းသွားဖို့ ပြင်နေပါတယ်။
တချို့ကတော့ Low profile နဲ့နေပြီး ကိုယ်ပိုင်စီးပွါးရေး လုပ်သူလုပ်။ NGO တွေမှာ လုပ်သူလုပ်။ ရွာပြန်ပြီး ခြံစိုက်သူစိုက်နဲ့ ရတဲ့အလုပ်ကို လုပ်ပြီး နိုင်ငံရေး အခွင့်အလမ်းသစ်တခု ပေါ်လာမယ့်အချိန်ကို စောင့်ကြည့်နေကြပါတယ်။ ဒါကရန်ကုန်နဲ့ ပြည်တွင်းက အခြေအနေပါ။
ကျနော် အဓိကတင်ပြလိုတာကတော့ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့တဲ့၊ ပါဝင်နေဆဲဖြစ်တဲ့ နယ်စပ်နဲ့ ပြည်ပ အခြေနေပါ။
ရှစ်လေးလုံးအရေးတော်ပုံအပြီး စက်တင်ဘာ ၁၈-မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်စပ်ဒေသဆီ ထွက်လာခဲ့တဲ့ ထောင်၊သောင်းချီရှိတဲ့ ကျောင်းသားလူငယ်တွေ အခု ဘယ် ရောက်ကုန်ပြီလဲ။ ဘာတွေ ဆက်လုပ်နေကြသလဲဆိုတဲ့ အပိုင်းဖြစ်ပါတယ်။
နယ်စပ်ရောက် ကျောင်းသားတွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ABSDF ခေါ် ကျောင်းသား တပ်မတော်ဟာအခုချိန် ထိ နယ်စပ်တကျောမှာ လှုပ်ရှားနေဆဲဖြစ်ပေမယ့် သူတို့ရဲ့အင်အား ရ၅ ရာခိုင်နှုန်း ကျော်ကျော်က တတိယ နိုင်ငံတွေဆီ ရောက်ကုန်ကြပါပြီ။ အဲဒီလူတွေဟာ နေ့စဉ် စားဝတ်နေရေးကိစ္စတွေနဲ့ လုံးပန်းနေရတဲ့အတွက် တောထဲက သူငယ်ချင်းတွေကို ပြန်ပြီး သိပ််မကူနိုင်တဲ့အပြင် သူတို့ရောက်နေတဲ့ တိုင်းပြည်မှာလည်း လက်တွေ့ကျတဲ့နိုင်ငံရေး သိပ်မလုပ်နိုင်တော့။
ဒီလိုနေ့မျိုးမှာ နှစ်ပတ်လည် အခမ်းအနားလုပ်။ နိုင်ငံရေးကြေငြာချက်တွေထုတ်။ နယ်စပ်က ရဲဘော်တွေ အတွက် အလှူငွေ စုပို့ရုံထက်ပိုပြီး နေပြည်တော်က အရပ်ဝတ် စစ်အစိုးရကို လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် သိပ်လုပ်နိုင်ဖွယ် မမြင်။ ဒါက နှစ်စဉ် မြင်နေကျအခြေနေပါ။
ဒါပေမဲ့ ဒီနှစ်မှာတော့ အခြေနေက အရင်နှစ်တွေထက် နည်းနည်းပိုပြီး ထူးခြားမှုရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ရ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အငြင်းပွါးဖွယ် ရွေး ကောက်ပွဲ နေ့စကစပြီး လက်နက်ကိုင်တိုက်ပွဲတွေ နယ်စပ်နဲ့မြို့ပြဒေသ တချို့မှာပြန်လည်ဖြစ်ပွါးနေ ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၃ နှစ် ကျနော်တို့ တောစခိုစဉ်ကနဲ့ ပြန်တူလာတဲ့ တခုတည်းသောအခြေနေ ဖြစ်ပါတယ်။
တိုက်ဆိုက်မှုအဖြစ်ကတော့ အဲဒီရွေးကောက်ပွဲ အလွန်လောက်ကစပြီး အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာမှာ လူထုအုံကြွမှုတွေ ဆက်တိုက်ဖြစ်ပွါးနေပြီး လစ်ဗျားနိုင်ငံမှာဆိုရင် လက်နက်ကိုင် တော်လှန်ရေး အမြင့်ဆုံး အခြေအနေအထိ ရောက်နေတဲ့အချက်ဖြစ်ပါတယ်။
ဒါဟာ ABSDF နဲ့ လက်နက်ကိုင် တော်လှန်ရေးအပေါ် စွန့်ခွာသွားသူတွေ။ လက်နက်ကိုင် လှုပ်ရှားနေလို့ အလှူငွေ ဖြတ်ရပါတယ်ဆိုတဲ့ နိုင်ငံတကာ အလှူရှင်တွေ။ အကြမ်းမဖက် အနုနည်းသက်သက် လုပ်မှရမယ် ဆိုတဲ့လူတွေ။ နောက်တခါ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းဖက်မှုကို ကွဲကွဲပြားပြားမခွဲခြားတတ်သူ တွေ သူတို့ရဲ့မူဝါတွေကို ပြန်လည် သုံးသပ်ရမယ့် အချိန်ဖြစ်နေပြီလို့ ကျနော်ထင်ပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ တိုက်ပွဲဖြစ်နေစဉ် တိုက်ဆိုင်စွာ ပေါ်ပေါက်လာတဲ့ နောက်ထပ် လက်နက်ကိုင် တိုက်ပွဲတခုကတော့ တရုတ်၊ မြန်မာနယ်စပ်က ကချင်ဒေသမှာဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ လွန်ခဲ့တဲ့ ၂ဝဝ၉ ဩဂုတ်လက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲနဲ့ မတူဘဲ ရေရှည်စစ် ပွဲတခု ဖြစ်လာနေပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက ဦးစီးဆောက်လုပ်နေတဲ့ ရေကာတာ စီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့အတွက် နိုင်ငံတကာရဲ့ဝေဖန်မှုတွေ တိုးလာနေပြီး ဒီစစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပြီး ဆွေးနွေးအဖြေရှာဖို့အမေရိ ကန် အပါဝင် နိုင်ငံတကာ ဘက်က တောင်းဆိုသံတွေ ထွက်လာနေပါတယ်။
၁၉၉၄ မှာ စစ်အစိုးရနဲ့ တရားဝင်အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်၊ချုပ်ခဲ့တဲ့ ကေအိုင်အို ဘက်ကတော့ (ကေအိုင်အို ဟာတခုတည်းသော စာချုပ်ချုပ်တဲ့အဖွဲ့ဖြစ်ပြီး ကျန် ၁၆-ဖွဲ့က နှုတ်ကတိနဲ့ အပစ်ရပ်ခဲ့တာ ဖြစ်ပါတယ်) အပစ်ရပ်မယ်ဆိုရင် တရုတ်ဖြစ်ဖြစ် အာဆီယံဖြစ်ဖြစ် ကြားနိုင်ငံတခုခုက သက်သေအဖြစ် ပါဝင်ပေးဖို့တောင်းဆိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်သေမရှိဘူးဆိုရင် အင်အားများသူကအချိန် မရွေး ကတိဖျက်နိုင်တာကြောင့်လို့ ကေအိုင်အိုဘက်က ထောက်ပြနေပါတယ်။
ကချင်တောင်တန်း ဒေသမှာ အပစ်ရပ်ရေး ဆွေးနွေးနေစဉ်မှာပဲ ရှမ်းပြည် အလယ်ပိုင်းဒေသမှာသေနတ်သံ တွေ ထွက်ပေါ်လာပါတယ်။ ဒါကတော့ ၁၉၉၂ ဝန်းကျင်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ရှမ်းပြည် တပ်မတော်အတွင်း တချို့က နယ်ခြားစောင့်တပ်ကို လက်ခံပေမယ့် တချို့က လက်မခံရာကနေ လက်မခံတဲ့အဖွဲ့နဲ့ အစိုးရတပ်တွေကြား ထိပ်တိုက်တွေ့လာတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေရဲ့ ထူးခြားချက်ကတော့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းနဲ့ ဖြစ်နေတဲ့ တိုက်ပွဲအတွင်း ထိုင်းနယ်စပ် အခြေစိုက် ဗိုလ်မှူးကြီး ရွက်စစ်ရဲ့ တောင်ပိုင်းတပ်တွေပါ ပါလာတဲ့ အချက် ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တိုက်ပွဲဟာ စစ်မျက်နှာ ပိုကျယ်လာနေတဲ့ သဘောဖြစ်ပါတယ်။
ဒီလိုအခြေနေမှာ ရှေ့က ကျနော်တင်ပြခဲ့တဲ့ လွန်ခဲ့သော ၂၃ နှစ်က နယ်စပ်ဆီ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲနဲ့ စစ်အစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ ကျောင်းသားတွေ အခုဘာလုပ်နေသလဲ။ ဗိုလ်မှူးနှုတ်ခမ်းမွေး (DKBA) တို့အဖွဲ့နဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေတာ အတော် အောင်မြင်နေပြီလို့ တတိယနိုင်ငံ ရောက်ပြီးမှ ပြန်လည် တောခိုလာသူကျောင်းသား တပ်မတော် စစ်ဦးစီး အရာရှိတဦးက ကျနော့်ကို ပြောပါတယ်။
အခုချိန်မှာတော့ ကေအန်ယူ တပ်တွေပါ သူတို့နဲ့ အတူ ပူးတွဲပါဝင်လာပြီး သောင်ရင်းမြစ်နဲ့သံလွင်မြစ် တလျှောက်က စခန်း အတော်များများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ သူက ဆိုပါတယ်။ဗိုလ်မှူးနှုတ်ခမ်း မွေး ကိုယ်တိုင်ကလဲကျောင်းသားတပ်တွေ သူတို့နဲ့ လာပေါင်းတဲ့အပေါ် အထူးအားရ ကျေနပ်ပြီး ဒါဟာ တပ်ပေါင်းစုနဲ့ အောင်ပွဲခံဖို့ ပထမအဆင့် ဖြစ်တယ်လို့ ပြောပါတယ်။
အထူးသဖြင့် ပြည်တွင်း၊ ပြည်ပ ဆက်စပ်ရေး။ မီဒီယာတွေ သံတမန်တွေနဲ့ ဆက်စပ်ရေးမှာ ABSDF က သူတို့အတွက် အများကြီး ကူညီပေးနိုင်ခဲ့တယ်လို့ ဗိုလ်မှူးနှုတ်ခမ်းမွေးက ကျနော့်ကို ပြောပြခဲ့ပါတယ်။
ဒါဆိုရင် ကေအိုင်အိုနဲ့ ရှမ်းတပ်တွေဆီကိုကော ABSDF က သွားရောက် မပူးပေါင်းဘူးလား။ နယ်စပ်ဒေသရှိ ABSDF ခေါင်းဆောင်ပိုင်းကို ကျနော် တီးခေါက်ကြည့်တော့ KIO က သူတို့ကို ကမ်းလှမ်းထားပြီး ပူးပေါင်း တိုက်ပွဲဝင်ရေးအတွက် ထိပ်တန်း ခေါင်းဆောင်အဖွဲ့တခု လိုင်ဇာဒေသဆီ သွားပြီး ဆွေးနွေးနေတာ အတော် ခရီးရောက်နေပြီလို့ အမည်မဖေါ်လိုတဲ့ ABSDF ခေါင်းဆောင်တဦးက ပြောပါတယ်။
တကယ်တော့ ABSDF ဟာ အရင်က ကေအိုင်အို အပါဝင် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ လက်တွဲ တိုက်ပွဲဝင်နေပေမယ့် ၁၉၉၀ ပြည့်လွန် နှစ်တွေအတွင်း အပစ်ခတ်ရပ်စဲရေးလုပ်တဲ့အခါမှာ တော့ကျောင်းသားတွေကို ငြိမ်းနယ်မှာ လက်ခံ မထားရဘူးဆိုပြီး စစ်အစိုးရက ဖိအားပေးတဲ့အတွက် ၁၉၉၆ နှစ်လယ်လောက်မှာ ကေအိုင်အိုနယ်ကနေ ကျောင်းသားတွေ ထွက်ခွာလာခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်ပြယ်သွားပြီ ဖြစ်တဲ့အတွက် ကျောင်းသားတွေကို တိုင်းရင်းသား တပ်တွေကိုယ်တိုင်က ဖိတ်ခေါ်လာတဲ့ သဘောဖြစ်ပါတယ်။အလားတူ ဖိတ်ခေါ်မှုမျိုးကို မွန်ပြည်သစ်နဲ့ ရှမ်းပြည် တပ်မတော်တွေဆီကနေ မကြားရသေးပေမယ့် မကြာခင် ဖြစ်လာနိုင်တယ်လို့ကျောင်းသားတွေက မျှော်လင့်နေပါတယ်။
၁၉၉ဝ ပြည့်လွန် နှစ်တွေအတွင်း အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ငြိမ်းအဖွဲ့တွေဟာ တဘက်မှာ စစ်အစိုးရနဲ့ ဒီလို အဆင်မပြေမှုတွေ ရှိလာနေပေမယ့် တခြား တဘက်မှာလည်း မြို့ပြ တည်ဆောက်ရေး။ မြို့ပြ အုပ်ချုပ်ရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်။
၁၉၈၉ မှာ ပထမဆုံး အပစ်ရပ်ခဲ့တဲ့ ဝ' ဒေသမှာဆိုရင် မြို့နယ်ပေါင်း ရှစ်ခုနဲ့ တကယ့်ကို မြို့ပြနိုင်ငံတခုလို ဖြစ်နေခဲ့ပါပြီ။ အလားတူ ဦးစိုင်းလင်းရဲ့ မိုင်းလားဒေသနဲ့ အခုတိုက်ပွဲတွေဖြစ်နေတဲ့ ကေအိုင်အိုရဲ့ လိုင်ဇာ-ဒေသတွေကို ကြည့်မယ်ဆိုရင်လည်း သူပုန်တွေမှာ မြို့ပြတည်ဆောက်ရေး၊အုပ်ချုပ်ရေးလုပ်နိုင်တဲ့စွမ်း ရည် နေပြည်တော်က စစ်အစိုးရထက် ပိုအားသာနေတယ် ဆိုတာကို သိသာနိုင်ပါတယ်။
ဒါကြောင့်လဲ သူတို့ဒေသကို စစ်အစိုးရ အုပ်ချုပ်မှုအောက် သွတ်သွင်းမယ့် ၂ဝ၁ဝ နိုဝင်ဘာ ရ ရက် ရွေးကောက်ပွဲကိုလဲ သူပုန်ဟောင်းတွေက သူတို့နယ်မြေမှာ ကျင်းပခွင့် မပေးခဲ့ပါဘူး။
တကယ်လို့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ၊ နယ်ခြားစောင့် တပ်ပြဿနာတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ တွေကို အချိန်မီ ငြိမ်းချမ်းစွာနဲ့ ဆွေးနွေး အဖြေမရှာနိုင်ဘူး ဆိုရင်တော့ ခုနက ထောက်ပြခဲ့တဲ့ သူပုန်တွေရဲ့ မြို့ပြနိုင်ငံသစ်တွေ အပြင် နေပြည်တော်နဲ့ တခြားဒေသက မြို့ပြနိုင်ငံတွေပါ ပျက်စီးလာနိုင်တဲ့ အခြေနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် အမြန်ဆုံး ဆွေးနွေး အဖြေရှာဖို့ နိုင်ငံတကာက တောင်းဆိုနေပါတယ်။
ဒီတောတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ အစိုးရဝန်ကြီး တဦးဖြစ်သူ ဦးအောင်ကြည်နဲ့ ပြီးခဲ့တဲ့လ အတွင်းကပဲ ဆွေးနွေးမှုတွေ ပြန်စလာတာတွေ့ရပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်စေရေးအတွက် သူတတ်နိုင်တဲ့ဘက် က ကူညီပေးချင်တယ်လို့ ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
နောက်တခါ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ခုကလည်း အလားတူ ကြေငြာချက်မျိုးထုတ်ပြန် ထားပါတယ်။ ဒါမေပဲ့ အခုချိန်ထိတော့ ကြေငြာချက်တွေ စာရွက်စာတမ်းတွေ အဆင့်မှာပဲ ရှိနေသေးပြီး တိုက်ပွဲတွေကို တားဆီး ရပ်တန့်အောင် တကယ်ဝင်လုပ်နိုင်တဲ့သူ မတွေ့ရသေးပါဘူး။
နောက်တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးဦးအောင်ကြည်တို့ရဲ့ဆွေးနွေးမှုကကော အရင်စစ်အစိုးရ လက်ထက် ကထက် ပိုပြီးထူးလာပါ့မလား ဆိုတာကိုလဲ အကဲခတ်တွေက သံသယ ရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ၂၃ နှစ်ကြာ ကျနော်တို့ရဲ့ တော်လှန်ရေးအခြေနေကို ဆန်းစစ်မယ်ဆိုရင် အခြေနေဟာ ရှေ့ကို မတိုးနိုင်တဲ့ အပြင် နောက်ပြန်ဆုတ်နေတဲ့သဘော။ ငြိမ်းချမ်းရေး ပျက်ပြီး စေ့စပ် ဆွေးနွေးရေးသမားတွေ ဖမ်းဆီးခံရ။သေနတ်သံတွေ ပြန်ကြားလာနေတဲ့သဘော ဖြစ််ပါတယ်။ ဒီပြဿနာတွေကို နိုင်ငံတကာ အသိုင်းဝိုင်းက အမြန်ဆုံး ကြားဝင် ဖြန်ဖြေပေးဖို့ လိုနေပါတယ်။
တရုတ်နဲ့ အမေရိကန်အပါဝင် နိုင်ငံတကာဘက်ကနေ အချိန်မီကြားဝင် ဖြန်ဖြေပေးဖို့ အချိန်နောက်ကျသွား မယ် ဆိုရင်တော့ လက်နက်ကိုင် ပဋိပက္ခ အခြေနေဟာ ၁၉၈၈၊ ရှစ်လေးလုံး အရေးတော်ပုံကာလအခြေနေ ကို ပြန်ရောက် သွားဖို့ သေချာသလောက်ရှိနေပါတယ်။
ဒီလိုအခြေနေမျိုးမှာ အာရပ်ကမ္ဘာမှာ လူထုအုံကြွမှုတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်ဖြစ်ပေါ် နေပါတယ်။ လစ်ဗျားနိုင်ငံမှာဆိုရင် လက်နက်ကိုင် တော်လှန်ရေးက အမြင့်ဆုံး အခြေအနေ ရောက်နေပြီး မြို့တော် ထရီပိုလီ ကိုတောင် သူပုန်တွေက မနက်ဖြန် သဘက်ခါမှာ သိမ်းဖို့ ပြင်နေပါတယ်။
ဒီဖြစ်စဉ်တွေအပေါ် ကျောင်းသားတွေက အားကျနေပြီး ဒီကယက်တွေ မြန်မာနိုင်ငံဆီကိုပါ ပျံ့နှံ့လာမယ်လို့ သူတို့ကမျှော်လင့်နေပါတယ်။ ဒီမျှော်လင့်ချက်ကို ပေးခဲ့သူတွေထဲမှာ အမေရိကန် လွတ်တော်အမတ် ဂျွန်မက်ကိန်းလို ပုဂ္ဂိုလ်မျိုးတောင် ပါဝင်နေတဲ့အတွက် မဖြစ်နိုင်တာကို ကျောင်းသားတွေကမျှော်လင့်နေ တယ်လို့တော့ ပြောဖို့ ခက်ပါတယ်။
တကယ်ကတော့ သူတို့ရဲ့မျော်လင့်ချက်ဟာ လူထုလှုပ်ရှားမှုတင် မကပါဘူး။ လစ်ဗျားကို နေတိုးအဖွဲ့က ဗုံးကြဲပြီး သူပုန်တွေက တနိုင်ငံလုံးကို တဖြည်းဖြည်းချင်း သိမ်းပိုက်နေတဲ့ ဖြစ်စဉ်ကိုလဲ သူပုန်တွေက အားကျနေတာဖြစ်ပါတယ်။
သူတို့ရဲ့မျှော်လင့်အားကျမှုတွေဟာ လက်တွေ့နဲ့ ဘယ်လောက် နီးစပ်သလဲ။ စိတ်ကူးယဉ် သက်သက်များ ဖြစ်နေလေ မလား။ ဒါဟာ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ရပ်တည်ချက်နဲ့ ပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ။ နယ်စပ်က လက်နက်ကိုင် အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်နေပါတယ်။
လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေ၊ နိုင်ငံရေး ပြဿနာတွေကို တွေဆုံ ဆွေးနွေးပြီး အဖြေရှာနိုင်အောင်ကုလသမဂ္ဂ နဲ့နိုင်ငံတကာ အသိုင်းဝိုင်းက အရပ်ဝတ် စစ်အစိုးရကို အသေချာ ဖိအားပေးနိုင်မလား။ ဒါမှမဟုတ်လစ်ဗျား ပုံစံ စစ်ရေးအရ အရေးအရေးယူပြီး အာဏာရှင်စနစ်ကို ဖြုတ်ချရေးကို ဆောင်ရွက်မလား။ ဒီနှစ်ခုထဲက တခုခုကိုရွေးချယ်ပြီး အချိန်ဇယားအတိအကျနဲ့ စတင်အကောင်ထည် ဖေါ်ဖို့ အရေးပေါ် လိုနေပါတယ်။
ဒီ ၂ ခု လုံးကို လျစ်လျူရှုပြီး လွန်ခဲ့တဲ့ ၂၃ နှစ်ကလိုပဲ သောင်မတင် ရေမကျ ဇာတ်မျှော ဆက်လုပ်ထားမယ် ဆိုရင်တော့ မြန်မာ့နိုင်ငံရေး အခြေနေဟာ မထူးဇာတ်ခင်းပြီး လက်နက်ကိုင် တိုက်ပွဲနဲ့ လက်နက်ကိုင် တော်လှန်ရေး ဘက်ဆီ ပြန်လည် ဦးလှည့်သွားဖို့ အခြေနေ အရပ်ရပ်က တွန်းပို့နေပြီ ဖြစ်ပါတယ်။