ရေးမြို့တွင် မိုးသည်းထန်၊ ရပ်ကွက်များ ရေလွှမ်းခံရ

ရေးမြို့တွင် မိုးသည်းထန်၊ ရပ်ကွက်များ ရေလွှမ်းခံရ
by -
အားမီ

မွန်ပြည်နယ်၊ တောင်ပိုင်း ရေးမြို့တွင် စံချိန်တင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့်မြို့ပေါ်ရပ်ကွက်များ တွင် ရေလျှံနေပြီး၊ မြို့မစျေးကို ယနေ့ထိပိတ်ထား ရသည်။

ဇူလိုင်လ ၃၀ ရက်နေ့မှ စ၍ မိုးဆက်တိုက် ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ကမ်းနားလမ်းအနီးရှိ ရေးမြို့မ စျေးကြီး အပြင်၊ ရေးမြို့ပေါ်ရှိ အောင်မင်္ဂလာ၊ အောင်သုခ၊   အောင်မေတ္တာ၊ ရန်ကြီးအောင်နှင့် သီရိနန္ဒ ရပ်ကွက်များ ရေမြှုပ်လျှက်ရှိသည် ရေကြီးမှုကြောင့် စျေးသည်များ ပစ္စည်းများ ရေဘေးလွတ်ရာ ကုန်းမြင့်များသို့ ပြောင်း ရွှေ့ထားရသည်ဟု မြို့မ စျေးမှ စျေးသည်တစ်ဦးကပြောသည်။

မြို့ပေါ်ရှိ ရပ်ကွက်များ၌ ရေကြီးနေပုံကို ၎င်းစျေးသည် က ပြောပြရာတွင် “အိမ်တွေဆိုတဝက်လောက်မြှုပ် ကုန်တယ်၊ နှစ်ထပ်အိမ်က လူတွေကျတော့ အပေါ်ထပ်တွေမှာ တက်နေကြတယ်။ အိမ်နိမ့်တစ်ထပ်အိမ်တွေ တော့ ကုန်းမြင့်ပိုင်းကို ပြောင်းတာတွေရှိတယ်။ ဒီနေ့လည်း မိုးရွာနေတုန်းပဲ” ဟု ပြောသည်။ရေးမြို့ပေါ် တွင် ရပ်ကွက်ပေါင်း (၁၁) ရပ်ကွက်ရှိပြီး ရပ်ကွက်(၅)ရပ်ကွက်တွင် ရေလွှမ်းလျှက်ရှိကာ တစ်ရပ်ကွက်တွင် အိမ်ခြေ (၅၀၀) ဝန်းကျင်ရှိသည်ဟု အခြားသော ရေးမြို့ခံတစ်ဦးက ပြောသည်။

ယခုနှစ်ရေလျှံမှုနှင့် ပတ်သက်၍ “ဒီနှစ်က အရင်နှစ်တွေထက်ဆိုးတယ်။ အရင်နှစ်တွေဆို ရေကြီးရင်လည်း တရက်ပဲ၊ ဒီနှစ်လို သုံး၊ လေးရက်ကြီးတာမျိုး မရှိခဲ့ဘူး” ဟု ၎င်းကပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့က တိုင်းထွာခဲ့သည့် မိုးရေချိန်အရ ရေးမြို့တွင် ယခင်စံချိန်ဟောင်း ၁၁ ဒဿမ ၈၉ လက်မကို ၁၂ ဒဿမ ၆၀ လက်မဖြင့် ၄၈ နှစ်အတွင်း မိုးရေချိန်စံချိန်ချိုးခဲ့သည်ဟု ယမန်နေ့ထုတ်မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အောင်သုခ၊ အောင်မင်္ဂလာနှင့် အောင်မေတ္တာရပ်ကွက်ရှိ ရေဘေးဒုက္ခသည်အချို့အား နီးစပ်ရာ ဘုန်းကြီး ကျောင်းနှင့် ကုန်းမြင့်ပိုင်းရှိ ဘောလုံးကွင်းသို့   ပြောင်းရွှေ့ထားရကြောင်း ရေးလွှမ်းမိုးခံရသည့် ရပ်ကွက် တစ်ခု ဖြစ်သော ရန်ကြီးအောင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။ သို့သော် ရေဘေး ကင်းလွတ်သည့် နေရာများတွင် နေထိုင်သူများက အစားအစာနှင့် သောက်ရေများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လိုက်လံဝေငှ ပေးနေကြပြီး   ဒေသအာဏာပိုင်များဘက်မှမူ တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ရေကြီးမှုကြောင့် ဒေသတွင်း လူအသေအပျောက်၊ အထိအခိုက် တစုံတရာမရှိသေးသော်လည်း ယနေ့ချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းလျှက်ရှိသည်ဟု ဒေသခံများက ပြောကြသည်။

Most read this week