၂ လကျော်ကြာမြန်မာစစ်တပ်နှင့် သျှမ်းပြည် တပ်မတော် အကြားဖြစ်ပွါးသော တိုက်ပွဲအခြေ အနေအပါအဝင်၊ သျှမ်းပြည် တပ်မတော် ၂ ဖွဲ့ ပူးပေါင်းမှု၊ UNFC ကိစ္စ၊ သျှမ်းပြည်တွင်း လူငယ်ထု ရင်ဆိုင်ကြုံတွေ့နေရသော မူးယစ်ဆေးဝါးပြဿနာ များနှင့်စပ်လျဉ်း၍ SSPP/SSA ဒုတိယအတွင်းရေး မှူးဗိုလ်မှူးကြီးစိုင်းထူးဦးဆောင် သည့်အကြီး အကဲ တချို့နှင့်တွေ့ဆုံစဉ် ခဏတာအတွင်း သျှမ်းသံတော်ဆင့်က မေးမြန်းထားပါသည်။
မေး။ ။ မြန်မာစစ်တပ်နဲ့ သျှမ်းပြည်တပ်မတော် SSPP/SSA အကြားတိုက်ပွဲအခြေအနေ ။
ဖြေ။ ။ ကျနော်တို့ နယ်မြေထဲဝင်ရောက်ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်ကို ကျနော်တို့ကိုယ့်ကိုယ်ကို ကာကွယ် တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်ရတာဖြစ်တယ်။ နေ့တိုင်းလိုလို တိုက်ပွဲတွေဆက်ဖြစ်နေတယ်အခုထိ ဘဲ။ ကျနော်တို့မှာ ရှိသလောက်အင်အားနဲ့ဘဲ ပြန်လည်တိုက်ခိုက်နေတာဖြစ်တယ်။မြန်မာစစ်တပ်ဖက်ကစကခ ၁ ကျောက်မဲ၊ စကခ ၂ မိုင်းနောင်၊ စကခ ၁၇ မိုင်းပန်က အင်အား တွေပို့တယ်။ တပ်ရင်း ၂၀ ကျော်တယ်။ တပ်ရင်းတရင်းအင်အား ၂၀၀ နီးပါးရှိတယ်။
Sao_Sai_htoo
SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး (photo: S.H.A.N.)
မေး။ ။ မြန်မာစစ်တပ်က ဘာ့ကြောင့် သျှမ်းပြည်တပ်မတော်ကို ထိုးစစ်ဆင်ရတဲ့အကြောင်း။
ဖြေ။ ။ ၁ ကတော့ သူတို့ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လက်မခံလို့၊ သူတို့လုပ်ခိုင်းတဲ့ နယ်ခြား စောင့်တပ်၊ ပြည်သူ့စစ်အသွင်ပြောင်းရေးကိုလက်မခံလို့ စစ်အင်အားသုံး တိုက် ခိုက်လာတာဖြစ်တယ်။ ၂ ကတော့ ကိုးကန့်ကို မြန်မာစစ်တပ်ဝင်တိုက်တာ ၃ ရက်နဲ့ ရသွားတယ်။ လူသူလက်နက် အင်အား ငွေအင် အား ဘာမှမရှိတဲ့ SSPP/SSA ကို ၂ နာရီလောက်ဘဲတိုက်ရလိမ့်မယ်လို့တောင် ကျနော်တို့ ကိုပြောဖူးတယ်။ ဒါပေမယ့် ကျနော်တို့ကို တိုက်လာတာ ၂ လကျော်ပြီ ။ ခုထိကျနော်တို့ဖက်ကတောင့်ခံနိုင်တုန်းဘဲ။
၂ လ တာအတောအတွင်း တိုက်ပွဲပေါင်း အကြိမ် ၆၀ ကျောလာတော့ ရှေ့တန်းတက် ဗမာစစ်သားတွေသွေး လန့် လာတယ်။ သူတို့ဖက် သေကြေဒဏ်ရာရတာ ၃၀၀ ကျော်ပြီ။ တချို့တိုက်ပွဲတွေမှာဆိုရင် ကျနော်တို့ကို မပစ်ပါနဲ့။ ကျနော်တို့ သားသမီးဇနီးမယားတွေနဲ့ပြန်တွေ့ချင်ပါတယ် လို့စာရေးပို့တယ်။ အော်ပြောတာတွေ လဲရှိတယ်။ ကျနော် တို့ဖက်က သေကြေဒဏ်ရာရတာ ၁၀ ယောက်ကျော်ဘဲရှိတယ်။ ဒါကလဲ ကျနော်တို့ရဲ့ဌာနေ ကျနော်တို့ရဲ့ မွေးရပ် ဇာတိ မြေဖြစ်နေတော့ နယ်မြေကျွမ်းကျင်မှုရော စိတ်ဓါတ်ရေးရာကြံ့ခိုင်မှုမှာပါကျနော် တို့က သာနေလို့ ဘဲဖြစ် တယ်။ အဓိက ကတော့ ကျနော်တို့ ခြုံခိုတိုက်ခိုက်တာခပ်များများဆိုတော့အကျအရှုံး နည်းရတာဖြစ်ပါတယ်။
မေး။ ။ ၂ လ တာကာလတိုက်ပွဲ SSPP/SSA ဖက် အခက်အခဲ။
ဖြေ။ ။ အခက်အခဲ အများကြီး။ အရင်တုန်းကလို ဝင်ထွက်သွားလာမှုမလွယ်ဘူး။ သတင်းအချက် အလက် တွေ ပို့ဖို့ ခက်ခဲတယ်။ ဆက်သွယ်ဖို့ အားဖြည့်ဖို့ ကားလမ်းကနေသွားလို့မရဘူး။ တော လမ်းဘဲသုံး တာများ တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဒေသ ကျနော်တို့ရဲ့မြေ ဖြစ်နေတော့ ထမင်းတော့မငတ်ဘူးပေါ့။
မေး။ ။ သျှမ်းတပ်နဲ့ မြန်မာတပ်စစ်ဖြစ်လာတဲ့ကိစ္စအပေါ် မဟာမိတ် ဝ တပ်ဖက်ရဲ့ ကူညီမှု။
ဖြေ။ ။မရှိဘူး။ ခုချိန်ထိ ကျနော်တို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာတယ်။အကူအညီလဲကျနော် တို့ မတောင်းဘူး။ ကျနော်တို့ ၂ ဖွဲ့အဆက်အသွယ်မလုပ်နိုင်အောင် သံလွင်မြစ်တကြောတလျှောက် မြန်မာ စစ်တပ်က တပ်ချပိတ်ဆို့ထားတယ်။
မေး။ ။ မြန်မာစ်စတပ်ဖက် လက်နက်ကြီးတွေသုံးလို့ ထိခိုက်မှု။
ဖြေ။ ။များတယ်။ လူထု နေအိမ်တွေရော ဘုန်းကြီးကျောင်းပါမကျန် ပျက်စီးတယ်။ စခန်းတွေ ခံတပ်တွေ ဆုတ်ပေးလိုက် ရလို့ အသွားအလာ နှောင့်နှေးကြန့်ကြာတယ်။
မေး။ ။ သျှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့မြောက်ပိုင်းပူးပေါင်းလိုက်ပြီဆိုလို့ သျှမ်းလူထု အရမ်း ဝမ်းသာတယ် လို့ကြားနေရတယ်။ ဘယ်လိုအကြောင်းကြောင့် ပူးပေါင်းသွားသလဲ။
ဖြေ။ ။ ကျနော်တို့ အရင့်အရင် ခေါင်းဆောင်ကြီးတွေ စည်းလုံးညီညွတ်မှုတည်ဆောက်လာခဲ့တာ ၅၃ နှစ်ရှိ ပါပြီ။ ရည်မှန်းချက်ပန်းတိုင်မရောက်နိုင်သေးဘဲ ပြိုကွဲသွားတာချည်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့မြောက်ပိုင်း က ဗိုလ်ချုပ်ပန်ဖှဦးဆောင်တဲ့ SSPP/SSA နဲ့ တောင်ပိုင်း ဒု ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်တဲ့ RCSS/SSA တို့က ခိုင်မာတောင့်တင်းတဲ့စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားဆောက်တည်နေကြတာဖြစ်တယ်။
မေး။ ။ ဘယ်လိုမျိုးမူတွေ သဘောတူ ဘာအဖွဲ့နာမည်နဲ့ ဆက်လက်ရပ်တည်သွားဘို့ရှိ။
ဖြေ။ ။ ပထမဆုံးခြေလှမ်းအဖြစ် ပူးပေါင်းမှု ခိုင်မာအောင်ဘဲ အခြေခံမူဝါဒတွေအပေါ် မူအရ သဘောတူ ကြတယ်။ ကောက်ရိုးမီးမဟုတ်ဘဲ ကြာရှည်တည်တံ့အောင် ကြိုးစားနေတယ်။ RCSS ရဲ့ မူဝါဒကို ကျနော်တို့ လေ့လာတယ်။ ကျနော်တို့ မူဝါဒကိုလဲ သူတို့လေ့လာတယ်။ ပြီးမှ ထုတ်သင့်တာ ထုတ်မယ်ဖြည့်သင့်တာဖြည့် မယ်။
မေး။ ။အခု UNFC နဲ့ အရင်က CEFU ထဲပါမပါတဲ့ကိစ္စ။
ဖြေ။ ။ CEFU မှာတုန်းက SSPP/SSA ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် UNFC ဖွဲ့ လိုက်တော့ တချို့က State Base တချို့ကလဲ Organization Base လို့ပြောတဲ့အတွက် State Base ကိုဘဲ လက်ခံတဲ့ကျနော်တို့အနေ နဲ့ မပါဝင်ရ တာပါ။ နောက်ပိုင်း UNFC က CEFU ရဲ့မူဝါဒကို State Base အဖြစ်ပြန်လည်ပြင်ဆင်လိုက် လို့ ကျနော်တို့ပါဝင် လာ ရပါတယ်။ တခြားသတ်မှတ်ချက်က အဖွဲ့ဝင်တိုင်း စစ်အင်အားရှိရမယ်။ လူထုရှိရမယ် ၊ နယ်မြေရှိရမယ်။ အဓိကကတော့ ပြည်နယ်ကိုအခြေခံတယ်ဆိုတော့ သျှမ်းပြည်အတွက် ပါဝင်ဖို့ ကျနော်တို့ သဘောတူလိုက်တယ်။
မေး။ ။ State Base အရ ဝင်တယ်ဆိုရင် သျှမ်းပြည်တိုင်းရင်းသားတွေအတွက်ရော ။
ဖြေ။ ။ ပထမဆုံး ကျနော်တို့ သျှမ်းတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှ ကျန်တဲ့ တိုင်းရင်းသား တွေနဲ့ စည်းလုံး ညီညွတ်မှုဆက်လုပ်နိုင်မယ်မဟုတ်လား။ အဲဒါကြောင့်စည်းလုံးညီညွတ်မှု ကိုအရင်ရယူတာ။ သူလဲ သူ့ဟာသူ လုပ်နေ၊ ကိုယ်လဲ ကိုယ့်ဟာကိုယ်လုပ်နေရင် အလုပ် မတွင်ဘူး။ မအောင်မြင်နိုင်ဘူး။
မေး။ ။ SSPP/SSA က UNFC ရဲ့ အဖွဲ့ဝင်ဆိုတော့ ပူးပေါင်းလိုက်တဲ့ RCSS/SSA ကရော ။
ဖြေ။ ။ ကျနော်တို့ UNFC အစည်းအဝေးတက်တိုင်း ဥက္ကဌကြီးစဝ်ယွက်စစ်ကိုတော့အမြဲတမ်းအစီရင်ခံ တယ်။
မေး။ ။ သျှမ်းပြည် မူးယစ်ဆေးပြဿနာ နဲ့ SSPP/SSA ပေါ်လစီ။
ဖြေ။ ။ မူးယစ်ဆေးပြဿနာဟာ တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာပါတယ်။ ဒီပြဿနာဖြေရှင်းဖို့ ၁၉၇၁ SSPP သျှမ်းပြည်တိုး တက်ရေးပါတီတည်ထောင်စဉ်ကတည်းက တတ်နိုင်တဲ့ဖက်က ကျနော်တို့ဆောင်ရွက်ခဲ့ပါ တယ်။ အပစ်ရပ်စဉ်ကတောင်မှ မြောက်ပိုင်း ရွှေလီဒေသမှာ လူငယ်များဆေးဖြတ်ရုံကို ကျနော်တို့ထောင်ပေး ပါတယ်။ မြန်မာအာဏာပိုင်တွေ အမျိုးမျိုးနှောင့်ယှက်လို့ နောက်ဆုံး အလုပ်မဖြစ်တော့တဲ့အထိ ဖြစ်ခဲ့ရပါ တယ်။ အခုဆိုရင် အဲဒီဒေသကလူငယ်တွေ မူးယစ်ဆေးစွဲမှုအရေအတွက်တော်တော်များနေပါပြီ။ ကျနော်တို့ တတ် နိုင်သလောက် ကူညီဖြေရှင်းပေးနေပါတယ်။ကျနော်တို့ လက်လှမ်းမမှီနိုင်တဲ့နေရာတွေမှာ ကျနော်တို့နဲ့ လက်တွဲ ပူးပေါင်း ကူညီတိုက်ဖျက် ဖို့ မိဘပြည်သူတွေကို အနူးအညွတ်တောင်းဆိုပါတယ်။
မေး။ ။ မြန်မာအာဏာပိုင်တွေရဲ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပေါ် သုံးသပ်ချက်။
ဖြေ။ ။ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်ရေးနည်းနဲ့ ဖြေရှင်းတဲ့ အတွက်ကြောင့် ဒီပြဿနာမပြီးဆုံးနိုင်သေးတာဖြစ်တယ်။ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရာမှာလဲ အမိန့် အာဏာနဲ့ ဘိန်းမစိုက်ရဘူး။ မူးယစ်ဆေးမထုတ်လုပ်ရဘူး ဘဲပြောတယ်။ ဘိန်းမစိုက်ရရင် ဘာအလုပ် လုပ်စားမှာလဲ။ အစိုးရက မဖြေရှင်းပေးဘူး။ ဘိန်းအစားထိုးသီးနှံ ဘာမှမစီစဉ်ပေးဘူး။ ဘိန်းခြံမရှိရင်ထမင်းငတ် မယ့် လူတွေ အများ ကြီးဘဲ။ ဘိန်းပြဿနာဖြေရှင်းဖို့ အနောက်နိုင်ငံတွေဆီက အကူအညီတွေ အစိုးရကအများ ကြီးရခဲ့တယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နှိပ်ကွပ်ဖို့အတွက်ဘဲ လက်နက်တွေ ဝယ်တယ်။ ဒုတိယအချက်က သူတို့ ရဲ့ လက်ကိုင်ဒုတ် ပြည်သူ့စစ်တွေကို လုပ်ပိုင်ခွင့်ပေးထားလို့ သျှမ်းပြည် မူးယစ်ဆေး ပြဿနာ ထိထိရောက်မဖြေရှင်းနိုင်တာဖြစ်တယ်။
မေး။ ။ သျှမ်းပြည်မှာ မူးယစ်ဆေး ပျံ့နှံ့မှု။
ဖြေ။ ။မြောက်ပိုင်း မူဆယ် နမ့်ခမ်း ရွှေလီဒေသက လူငယ်တွေ အားလုံးနီးပါးဟာ မူးယစ်ဆေး မသုံးရင် လူရာ မဝင် တော့သလို ဖြစ်နေပြီ။ အလယ်ပိုင်း မိုင်းကိုင် လဲချား မိုင်းနောင်ဖက်မှာဆိုရင်လဲ မူးယစ်ဆေးပျံ့နှံ့ မှုဟာ စိုးရိမ်ရ တဲ့အဆင့်မှာ ရှိပါတယ်။
မေး။ ။လက်ရှိ နိုင်ငံရေး စစ်ရေး အခြေအနေအရ သျှမ်းပြည်သားတွေကို ဘယ်လို မှာကြားချက်။
ဖြေ။ ။စစ်သားဖြစ်ဖြစ် လူထုဖြစ်ဖြစ် မျိုးဆက်သစ်လူငယ် New Generation ဆိုတာ တိုင်းပြည်ရဲ့ အနာဂါတ်ပါ။ သျှမ်းပြည်တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ မာန်မာန မထားစေချင်ဘူး။ တပါးသူရဲ့ ကျွန် မဖြစ်စေဖို့ သတိ အမြဲထားရှိစေချင်ပါတယ်။ ကျနော်တို့ အခုလို ဆင်းရဲဒုက္ခခံပြီး လုပ်နေတာဟာသျှမ်းပြည် သားတွေရဲ့ မွေးရာပါ အခွင့်အရေး အပြည့်အဝ ရရှိအောင် လုပ်နေတာဖြစ်တယ်။ ဒီဟာကိုနားလည်ကြစေလိုပါ တယ်။ ကျနော်တို့ ကြိုးစားမှုအပေါ်လဲ စိတ္တ၊ ကာယ၊ ဉာဏ လုပ်အားနဲ့ ကူညီဖေးမကြပါလို့ပန်ကြားချင် ပါတယ်။