ကာမိုင်း အရပ်သားတဦးသေ၊ တဦး အဖမ်းခံရ

ကာမိုင်း အရပ်သားတဦးသေ၊ တဦး အဖမ်းခံရ
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ အစိုးရတပ်ကတနင်္ဂနွေနေ့ နံနက်က ပစ်ခတ်မှုကြောင့် ကာမိုင်းမြို့သားလူငယ် တဦး သေဆုံး သွားခဲ့သလို အခြား အရပ်သားတဦး လည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့ သွားရာ ကားလမ်းပေါ်ရှိ ကာမိုင်းမြို့နယ်အတွင်းမှ ကထန်ယန် ကျေးရွာသား အသက် ၁၇ နှစ်ကျော်အရွယ် မရစ်ပ်တန်ကို ခလရ ၅၂ တပ်ဖွဲ့များက ပစ်သတ်လိုက်ကာ ကချင် လွတ်မြောက်ရေး အဖွဲ့ပိုင် ဆက်သွယ်ရေးစက်ကိုင် ကိုဆိုင်းဒူဆိုသူကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။
Kamaing_fighting_map_1

“မနေ့က ၈ နာရီလောက်မှာ အစိုးရတပ်တွေက ကားလမ်းအတိုင်း တက်လာလို့ ကြောက်လို့ ရွာသားတွေ ထွက်ပြေးတာကို စစ်တပ်က အနောက်ကနေ လိုက်ပစ်တာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူနှင့် တရွာတည်းနေ ဒေါ်လုဖာ၏သား ကိုဆိုင်းဒူကို ဖမ်းဆီးသွားစဉ် မျက်နှာဖုံးစွတ်ပြီး ကြိုးတုတ်သွားသည် ဟု ဒေသခံများက ပြောသည်။

ကာမိုင်းမြို့၏ အနောက်ဘက် ၆ မိုင် အကွာရှိ ကထန်ယန်ကျေးရွာသို့ အစိုးရတပ် ဝင်ရောက်လာစဉ် တိုက်ပွဲဖြစ်ပွားမှာ ကြောက်သော ရွာသားများက ထွက်ပြေးကြစဉ် ပစ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

KIO က ကိုဆိုင်းဒူသည် အဖွဲ့ဝင် ဟုတ်မဟုတ် စုံစမ်းနေဆဲ ဖြစ်ပြီး ရွာသားတဦး သေဆုံးသွားမှုမှာ ဟုတ်မှန်ကြောင်း အဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ် တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

ကထန်ယန် ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ကျော်အကွာတွင်ရှိ ဒေသခံများက မိုက်ခရိုဝေ့တောင်ဟု ခေါ်သော ဆက်သွယ်ရေးရုံးရှိရာ တောင်ဘက်သို့ ကိုဆိုင်းဒူကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ထိုတောင်ပေါ်တွင် အစိုးရစစ်တပ်၏ တပ်မ ၃  တပ်ဖွဲ့များ လုံခြံုရေး စစ်သား ၃၀ ဦး ထားရှိသည်။

တချိန်ထဲမှာပင် ဖမ်းဆီးထားခဲ့သော ကထန်ယန်ကျေးရွာ ဥက္ကဋ္ဌ အပါအဝင် ၆ ဦးကိုတော့ တနင်္လာနေ့နံနက်ကပြန်လွှတ်ပေးခဲ့သည်။