“ငြိမ်းချမ်းရေးအတွက် အေးလျက်မနေသာပြီ။ လူသားအပေါင်းက တောင်းဆိုကြသည်” ဒါဟာ ၁၉၅ဝ စုနှစ် များနဲ့ ၆ဝစုနှစ်များ အစောပိုင်းဆီက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ အတွက် မင်းသားကြီး ကိုမြတ်လေး စပ်ပေးခဲ့တဲ့ “အများစုဆန္ဒ”ဆိုတဲ့ သီချင်းထဲက စာသားတကြောင်း ဖြစ်ပါတယ်။ တက္ကသိုလ်ပရိဝုဏ်နဲ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ မပြတ်ကြားရတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
ဒီသီချင်းကို ပြန်ဖော်ရတာကတော့ အခုတလော ဗမာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တောင်းဆိုသံတွေပြန်ကြား လာရနေလို့ပါပဲ။ ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက်၊ တပည့်သားရင်းတွေ ထွက်ပြောလာတာလည်း ကြားရ ပါတယ်။ အင်မတန် မင်္ဂလာရှိတဲ့ အသံတွေပါ။ အချိန်အခါနဲ့ ကိုက်ညီလှတဲ့ ပြောကြားချက်တွေ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပရှိ ဗမာနိုင်ငံသားများနဲ့ ဗမာပြည် ကိုစာနာတဲ့ နိုင်ငံပေါင်းစုံက ပြည်သူတွေပါအားတက်ကြမှာ သေချာပါတယ်။
ဗမာပြည်သမိုင်းမှာ ငြိမ်းချမ်းရေး အသံကို နားအခါးဆုံး၊ အဆန့်ကျင်ဆုံးဟာ အာဏာရ အစိုးရရဲ့ စစ်တပ် ဖြစ်တယ် ဆိုတာ သတိထားမိ ကြမှာပါ။
ဒါပေမဲ့ မှန်တာပြောရရင် ဒါတွေဟာ မာရသွန်ခရီးရဲ့ အစခြေလှမ်းသာ ဖြစ်နေခဲ့ပါတယ်။ ရှေ့ချီတက်ရမယ့် ခရီးက အတော်လှမ်းပါသေးတယ်။ ဗမာပြည်သမိုင်းမှာ ငြိမ်းချမ်းရေး အသံကို နားအခါးဆုံး၊ အဆန့်ကျင်ဆုံး ဟာ အာဏာရ အစိုးရရဲ့ စစ်တပ်ဖြစ်တယ်ဆိုတာ သတိထားမိကြမှာပါ။ အခုအထိပါ။ကမ္ဘာ့ သမိုင်းမှာ အရှည်ကြာဆုံး ပြည်တွင်း စစ်ရယ်လို့ စံချိန်တင် ထားတဲ့ ဒီစစ်ပွဲကြောင့် တိုင်းပြည် ဘယ်လောက်နာတယ် ဆိုတာ သမိုင်းဘီး လိမ့်သွားတဲ့ အထိ စောင့်ဖို့မလိုပဲ အစောကြီး ကတည်းက ပြည်သူတွေ မြင်တွေ့ခဲ့ ကြရပါတယ်။ ဒီသမိုင်းဘီး ဆိုတာကြီးဟာ ပြည်သူတွေရဲ့ ရင်ဘတ်ပေါ်မှာ လိမ့်နေတာလို့ ဆိုရင် မမှားပါဘူး။
တကယ်က ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေထဲမှာ ရွာတွေပျက်၊ အပြစ်မဲ့သူတွေ သေဆုံး၊ ဒုက္ခမျိုးစုံရောက် ဆိုတာတွေ အပြင် စစ်စရိတ်ကြောင့် တိုင်းပြည် စီးပွားရေးကို ထိခိုက်တာလည်း ပါပါတယ်။ ဒါ့အပြင် ကိုယ့် နိုင်ငံနဲ့ ကိုယ့်အမျိုးသား ကို တခြားနိုင်ငံတွေက အထင်သေးတာ၊ ကိုယ့်နိုင်ငံထဲမှာ စစ်တပ်ကို ပစားပေးရ တာ စတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြွေးကြော်သံဟာ ဗမာပြည်မှာ အမြဲ တမ်းလိုလို ပြည်သူလူထု သည်းခြေကြိုက်ကြွေးကြော်သံဖြစ်ခဲ့ တာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့ နောက်မှာ မားမားရပ်ခဲ့ကြတဲ့ ပြည်သူလူထုကြီး တောက်လျှောက် တောင်းဆိုခဲ့လို့လည်း ၁၉၆၃မှာ ဗိုလ်နေဝင်းဟာ ငြိမ်းချမ်းရေး စေ့စပ်ပွဲဆိုတဲ့ ထိုးဇာတ်တခုဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် ဒီငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ပြဿနာဟာ အုပ်စိုးသူတွေကို အမြဲခြောက်လှန့်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ဒီလိုနဲ့ ဗမာနိုင်ငံရဲ့ လွတ်လပ်ရေး ဒီဘက်သမိုင်းမှာ အစိုးရ ဖော်ထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆို တာတွေ ပေါ်ပေါက်ခဲ့တာ နည်းသမို့လား။ အဲဒီအထဲမှာ ဘယ်တခုကများ တကယ့် ငြိမ်းချမ်းရေးကို ပေါ်ထွက်စေခဲ့ပါသလဲ။
အုပ်စိုးသူ အဆက်ဆက်ဟာ ပြည်သူလူထုကို ဒီမိုကရေစီ မပေးလို၊ လုပ်ပိုင်ခွင့် မှန်သမျှ သူတို့ချည်းချုပ်ကိုင် ထား၊ သူတို့နဲ့ မတူသူတွေ ကို ရက်ရက်စက်စက် ဖိနှိပ်လို့ ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ် ဖြစ်ပါတယ်။
ဗမာပြည်ကပြည်တွင်းစစ်ဟာ ဒီမိုကရေစီမှ ဒီမိုကရေစီပြဿနာ စစ်စစ်ပါ။ ပြည်မမှာ ဖြစ်ပေါ်ခဲ့တာတွေပဲ ဖြစ်ဖြစ်၊ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတာတွေပဲ ဖြစ်ဖြစ်၊ အားလုံးဟာ ဒီမိုကရေစီ မရှိလို့ဖြစ်ပေါ်ခဲ့တာတွေ ချည့် ဖြစ်ပါတယ်။အုပ်စိုးသူ အဆက်ဆက်ဟာ ပြည်သူလူထုကို ဒီမိုကရေစီ မပေးလို၊ လုပ်ပိုင်ခွင့် မှန်သမျှ သူတို့ချည်းချုပ်ကိုင်ထား၊သူတို့နဲ့ မတူသူတွေကို ရက်ရက်စက်စက် ဖိနှိပ်လို့ ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလက္ခဏာကို ဒီကနေ့အထိ အနှစ်၆ဝကျော် ကာလတလျှောက်လုံးမြင်တွေ့နေရ ပါတယ်။ ဒါဟာ ပြည်တွင်းစစ် ပြဿနာကို ဘာကြောင့် မဖြေရှင်းနိုင်သလဲ ဆိုတာကို အရှင်းလင်းဆုံး ဖော်ပြတဲ့ အချက်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒီမိုကရေစီ့ပြဿနာ မဖြေရှင်းပဲ ငြိမ်းချမ်းရေး မတည်ဆောက် နိုင်သလို ငြိမ်းချမ်းရေး မတည်ဆောက်ရင် ပြည့်ဝတဲ့ ဒီမိုကရေစီ မရှိနိုင်ပါဘူး။
ဗမာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုတဲ့ စကား ကြားလိုက်တာနဲ့ လူတွေဟာ ငြိမ်းချမ်းရေး ဖခင်ကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အရင်ဆုံး သတိရကြပါတယ်။ တဆက်ထဲမှာ ဆရာကြီး သွားလေရာမှာ ဆံပင်ဖြန့် ခင်းပေးကြ လက်အုပ်ချီကြတဲ့ လူထုကြီး၊ ဆရာကြီးရဲ့ တရားပွဲတွေကို ခဲနဲ့ထုတဲ့ ပြူစောထီး၊ ဆရာကြီးရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ကျေးလက် လူထုရဲ့ ထောက်ခံမဲတွေနဲ့ အတိုက်အခံ အမတ်တွေ ပေါ်ထွက်ခဲ့တဲ့ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲ၊ ဗိုလ်နေဝင်းက ၁၉၆၃ စေ့စပ်ဆွေးနွေးပွဲ ခေါ်ချိန်မှာ ပေါ်ထွက်ခဲ့တဲ့ ရန်ကုန်နဲ့ မန္တလေးက (၇)ခရိုင်၊ (၅)ခရိုင် လူထုဆန္ဒပြပွဲကြီးတွေ၊ ပြန်စဉ်းစားမိကြတာတွေ အများကြီး ဖြစ်မှာပါ။
အဲဒီလှုပ်ရှားမှုတွေကို ပြန်ကြည့်လိုက်ရင် ငြိမ်းချမ်းရေးအတွက် တောင်းဆို တိုက်ပွဲဝင်တယ် ဆိုရင် လူထုပါဝင်ရမယ်၊ အထူးသဖြင့် ပြည်တွင်းစစ်ဒဏ်ကို အများဆုံး ခံကြရတဲ့ ကျေးလက်က လူမျိုးပေါင်းစုံ ပြည်သူတွေ ပါဝင်ရမယ်။ စည်းရုံး လှုပ်ရှားသူတွေဟာ ကျေးလက်တွေ အထိ ဆင်းဖို့၊ လူထုကို ရှင်းပြဖို့လို တယ်။ မြို့ပေါ်နဲ့ တခြားပြည်သူတွေကို သူတို့က ရင်ဖွင့်စေရပါမယ်။ တိုင်တည်စေရပါမယ်။ ကျေးလက်နဲ့ မြို့ပေါ်လူထုတွေ အားလုံး လက်တွဲလာအောင် လုပ်ကြရ ပါမယ်။ အရင်က ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဆရာတော်ကြီးတွေ အပါအဝင် သံဃာတော်တွေ တက်တက်ကြွကြွ ပါဝင်ကြတာကိုလည်း မှတ်မိနေပါတယ်။
ဗမာပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ လူထုကြီး မပါလို့ မဖြစ်ပါဘူး။ လူထုကို အသိပေး၊ လူထုဆန္ဒနဲ့ လူထုအသံတွေကို အမြဲဖော်ထုတ်၊ ရှေ့တန်းတင်ပြီး လုပ်ကြဖို့ လိုပါတယ်။
ဒါပေမဲ့ ဒီလိုတနိုင်ငံလုံးကလိုလား နေတဲ့၊ သာမာန်စစ်သားတွေတောင် လိုလားနေတဲ့၊ တကမ္ဘာလုံးကလည်း ဖြစ်စေချင်တဲ့ ပြည်တွင်းငြိမ်းချမ်း ရေးကို ရအောင်လုပ်တာ လွယ်တယ်လို့တော့ မထင်သင့်ပါဘူး။ ဒီနိုင်ငံရဲ့ သမိုင်းမှာ ငြိမ်းချမ်းရေးစကားပြော လို့ အမတ်ဖြစ်ခဲ့သူတွေ ရှိသလို လေးလောင်းပြိုင်၊ ခြောက်လောင်းပြိုင်အသတ်ခံရ တာတွေ လည်း ရှိခဲ့ပါ တယ်။ ဒါတောင်မှ အဲဒါဟာ ဖဆပလလက်ထက် စစ်တပ်က လုပ်တာတွေပါ။စစ်အစိုးရတွေလက်ထက် မှာသာဆိုရင် ဒီထက် အများကြီး ပိုလက်သံပြောင်မယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒီတော့လူထုကြီး ပါ ရပါမယ်။ ဗမာပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ လူထုကြီး မပါလို့ မဖြစ်ပါဘူး။ လူထုကို အသိပေး၊ လူထုဆန္ဒနဲ့ လူထုအသံတွေကို အမြဲဖော်ထုတ်၊ ရှေ့တန်းတင်ပြီး လုပ်ကြဖို့လိုပါတယ်။
ကြားရတာနားထဲမှာ တမျိုးကြီး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဗမာပြည်ရဲ့အနေအထားကိုကငြိမ်းချမ်း ရေး ရဖို့ အတွက် တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ဒါတရားပါ။