ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC သည် အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နယ်မြေ အတွင်းဝင်ရောက် တပ်စွဲစခန်းချထားသည့် မြန်မာစစ်တပ်အားတစည်း တလုံးတည်း ဝိုင်းဝန်းတိုက်ခိုက်ကြရန် ယမန်နေ့က တိုက် တွန်းလိုက်ပါသည်။
“စစ်အုပ်စုကို ကျနော်တို့ တဖွဲ့ချင်း တိုက်နေလို့ အရာထင်မှာမဟုတ်ဘူး။ အချို့လဲ အရှိန်မြင့် တိုက်နေတယ်။ တချို့လဲ အရှိန်မြင့် တိုက်လို့မရတဲ့အခြေအနေမှာရှိတယ်။ ဒီတော့ နိုင်ငံရေးနဲ့ဘဲတိုက်တိုက်၊ စစ်ရေးနဲ့ဘဲ တိုက်တိုက် UNFC တဖွဲ့လုံး စည်းစည်းလုံး လုံးနဲ့ တချိန်ထဲ ထတိုက်မှဘဲ ရတော့မယ်။ ဒီအတွက် ကျနော်တို့ UNFC အနေနဲ့ ဆုံးဖြတ်ချက် တခု တော့ အမြန်ဆုံးရှိမှ ရတော့ မယ်” ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
ဂျူလိုင်လ ၂၇ ရက်ထုတ် အဆိုပါ နိုးဆော်စာ၌ UNFC ဒုတိယဥက္ကဌ အေဘယ်လ်တွိဒ် လက်မှတ်ရေးထိုး ထားပြီး ဦးသိန်းစိန်အစိုးရ ၏ ထိုးစစ် စစ်ဆင်တိုက်ခိုက်မှု ဦးတည်စီမံချက်မှာ စတုတ္ထဗမာ အင်ပါယာတည် ဆောက်ကာ တိုင်းရင်းသားများအား ဆက်လက် ကျွန်ပြုဖိနှိပ်သတ်ဖြတ်သွားမည်ဖြစ်ကြောင်း ပါရှိ၏။ ထို့အတွက် UNFC ၏ နိုင်ငံရေးဦးတည်ချက် မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်တိုင်းရင်းသား လူမျိုးတိုင်းတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အဝရရှိရေးတို့ပင်ဖြစ်သည် - ဟု ဆိုသည်။
“ဗမာအစိုးရ အဆက်ဆက်က တိုင်းရင်းသားအရေးတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လက်ခံချင်းမရှိ၊ အမြဲ ပယ်ချ ခံရ တယ်။ အခု သမ္မတ ဦးသိန်းစိန်ခေတ်မှာလဲ နိုင်ငံရေးနည်းနဲ့တိုင်းရင်းသားပြဿနာတွေကိုဖြေရှင်း မဲ့အစား စစ်ရေးနည်း နဲ့သာ ဖြေရှင်းလိုတဲ့ သဘောထားတွေ ရှိနေတယ်၊တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ နယ်မြေတွေမှာ တပ်တွေတိုးချဲ့ တည်ဆောက်၊ ထိုးစစ်တွေတိုးပွား လုပ်ဆောင်လာနေတယ်” - ဟု ပါရှိပါသည်။
ထို့အပြင် နိုးဆော်စာ၌ UNFC ၏ နိုင်ငံရေးဦးတည်ချက်ပန်းတိုင်သို့ မရောက် ရောက်အောင် မိမိနယ်မြေ ပေါ်တွင် စခန်းချ နေ ထိုင်ခြင်းနှင့် ထိုးစစ်၊ စစ်ဆင်နေသော ဦးသိန်းစိန်အစိုးရ၏ စစ်တပ်များကိုတညီတညွတ် တည်း ဝိုင်းဝန်းတိုက်ခိုက်သွားရန် - လည်း ဖေါ်ပြထားပါသည်။
ထိုင်းနယ်စပ်နေ သျှမ်းခေါင်းဆောင် တဦးက - UNFC အနေဖြင့်မည်မျှတိုက်တွန်းနေပါစေ၊ ပြည်ထောင်စု တပ်မတော် မပေါ်ထွန်း လာသ၍၊ စစ်မိန့်ပေးမယ့် ဗဟိုစစ်ဦးစီးချုပ်တခုတည်းမရှိသေးသ၍ထိရောက်မည်ဟုတ် ကြောင်း သုံးသပ်ပါသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သည် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ များစုပေါင်း ဖွဲ့စည်းထားပြီး ပြည်ထောင်စုတပ်မတော် ပေါ်ထွန်းလာဖို့ရန်လည်း စိုင်းပြင်းနေသည်။
UNFC တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် KIO ၊ ကရင်နီ အမျိုး သား တိုးတက်ရေးပါတီ KNPP ၊ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီNMSP၊ သျှမ်းပြည်တိုးတက် ရေးပါတီ- သျှမ်းပြည်တပ်မတော် SSPP/SSA တို့ဖြစ် ကြသည်။