၂၀၁၀ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည့် တိုင်းရင်းသားညီနောင် ၅ ပါတီကပြည်တွင်း ငြိမ်း ချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် တရပ်ဖွဲ့လိုကြောင်း နေပြည်တော်၌ယနေ့ပြောဆို လိုက်သည်။
နေပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲသစ် ဦးတင်အေး နှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ တိုင်းရင်းသားညီနောင် ၅ ပါတီကိုယ်စားချင်းအမျိူးသားပါတီ ဥက္ကဌ ဖြစ်သူ ဦးဇိုးဇမ်ကတင်ပြခဲ့ခြင်း ဖြစ်သည်။
‘’ကျနော်တို့နိုင်ငံမှာ အလိုအပ်ဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင် တရပ်ကို ကျနော် တို့ညီနောင်ငါးပါတီ အနေနဲ့ ကမကထ ပြုလုပ်ပေးချင်တယ်၊ ကျနော်တို့လုပ်နိုင်ရမယ်လို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံကြည်မှုရှိတဲ့အကြောင်း တင်ပြခဲ့တယ်’’ ဟု၄င်းကပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးနိုင်မည့် တတိယပုဂ္ဂိုလ်(Third Person) လိုအပ်ကြောင်း၊ ယင်းအတွက် တိုင်းရင်းသားညီနောင်ငါးပါတီအနေဖြင့် အဆင်သင့် ဖြစ်နေသည့်အကြောင်းကိုရွေးကောက်ပွဲ ကော်မရှင်ထံ အသိပေး တင်ပြခြင်းဖြစ်သည်ဟု ဦးဇိုးဇမ်က ဆက်ပြောသည်။
တိုင်းရင်းသားညီနောင် ၅ ပါတီတွင် ကရင်တိုင်းရင်းသား ကိုယ်စားပြု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိ်ုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ပါ၀င်သည်။
ယခုလက်ရှိတွင် ကချင် ၊ ရှမ်း နှင့် ကရင်ပြည်နယ်တို့တွင် အစိုးရစစ်တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများ သောင်းနှင့်ချီအိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး ခိုလှုံုနေကြ ရသည်။
‘’ပြည်တွင်းငြိမ်းချမ်းရေးကိစ္စထက် အရေးကြီးတဲ့ကိစ္စကတော့ ကျနော်မသိဘူး ရှင်းမပြနိုင်လောက်အောင်ကို အရေးကြီး ပါတယ်’’ ဟုဦးဇိုးဇမ်က ပြောသည်။
ယနေ့ရွေးကောက်ပွဲကော်မီရှင်နဲ့တွေ့ဆုံဆွေးနွေးပွဲသည် ၃ နာရီခန့်ကြာမြင့်ပြီး နိုင်ငံရေးပါတီများ အနေဖြင့် အဆိုတင် သွင်းခွင့် တစ်ပါတီကို အချိန် ၅ မိနစ် ခန့်စီ ရရှိခဲ့သည်ဟုသိရသည်။
ယင်းတွေ့ဆုံပွဲတွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကိစ္စကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း၊ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် ဦးတင်အေးကလည်း လာမည့်ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားလုပ်ဆောင်ပေးမည်ဟု ၄ ကြိမ်တိုင်တိုင် ကတိပေးပြောဆိုခဲ့သည်ဟုဦးဇိုးဇမ် က ပြောသည်။