တပ်တွင်း နှင့် အစိုးရသစ် များအတွင်း အက်ကြောင်းများရှိ

တပ်တွင်း နှင့် အစိုးရသစ် များအတွင်း အက်ကြောင်းများရှိ
by -
သျှမ်းသံတော်ဆင့်

တပ်တွင်းမိသားစု စားနပ်ရိက္ခာဖြတ်တောက်ခံရမှု၊ တိုင်းရင်းသားဒေသ ရှေ့တန်းစစ်မျက်နှာဖွင့်နေမှု အခြေအနေများကြောင့်စစ်အုပ်စုထိပ် ပိုင်းခေါင်း ဆောင်များအတွင်း သဘောထားမတိုက်ဆိုင်မှုများ ပိုမိုကြီးထွားလာကြောင်း တရုတ်မြန်မာနယ်စပ်နေ နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

thein-sein-tamyintoo

“သမ္မတ သိန်းစိန် က တဘက်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး နဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ က တဘက်ပေါ့။ ဘယ်လောက်အထိပြဿနာတက်လဲတော့မသိဘူး။ စစ်ထိပ်သီး သန်းရွှေ လူလွှတ်ပြီး အခြေအနေ ထိန်းသိမ်းရတဲ့အဆင့်တဲ့” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။

တပ်တွင်းစားနပ်ရိက္ခာဖြတ်တောက်ခံရမှုကြောင့် အမှတ် ၁ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် အနိမ့် ဆုံး ဗိုလ်မှူးကြီးအဆင့်မှ  ဗိုလ်မှူးချုပ်အဆင့်အထိ အရာရှိပေါင်း ၂၀၀ ကျော် နှုတ်ထွက်စာ တင်ရာ၊ ထို ပြဿနာ များဖြေရှင်းနိုင်ဖို့ သမ္မတသစ်ဦးသိန်းစိန်က ရှေ့တန်းစစ်မျက်နှာဖွင့်မှုအားလုံးရပ်ဆိုင်း ရမည်ဟု ဆို၏။

သို့သော် ဒုသမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့က တိုင်းရင်းသားများအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်ဆိုင်း၍မဖြစ်နိုင်ကြောင်း၊သျှမ်းတပ် နယ်မြေ အားလုံးကို သိမ်းပိုက်နိုင်မှသာ ဝ တပ်ဖွဲ့ကို တိုက်ခိုက်ရန်လွယ်ကူမည်ဖြစ်ကြောင်း၊တပ်တွင်းစားဝတ် နေရေး ပြဿနာ အတွက် တရုတ်ထံမှ ချေးငွေရလာ ပါက အားလုံးပြေလည်သွားမည်ဖြစ်ကြောင်း - အချင်းချင်း အချေအတင် ငြင်းခုံကြသည်ဟုဆို၏။

ယခုကဲ့သို့ သမ္မတနှင့် ဒုသမ္မတအကြား မပြေလည်မှုကြောင့် အနားယူနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင် အဆုံးအဖြတ်ပေးရကြောင်း၊ ၎င်းက “ ယခုအခြေအနေ၌ လက်ရှိသမ္မတနှင့်ဒုသမ္မတတို့ သူ့နေရာ သူဆက်ရှိသင့်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုကို ဦးစားပေးသင့်ကြောင်း”ညွှန်ကြားခဲ့ဟည်ဟုအဆို ပါ ပုဂ္ဂိုလ်ကပြောပြသည်။

“သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ကို သိမ်းပိုက်ဖို့ - အဲဒါတွေနဲ့လဲဆိုင်တယ်။ တိုင်းချုပ်အောင် သန်းထွဋ် အမိန့် အရဆို ရ ရက်အတွင်း အပြီး တိုက်ရမှာ။ အခုက ၃-၄ ရက်တောင်လွန်လာပြီ။ ရပခ၊ ရမခ၊ ရလခ လက်အောက်ခံ ဘယ် တပ်ရင်းတပ်ဖွဲ့မှ ရှေ့တိုး မတိုက်ဘူး။ တပ်တွင်း၊အစိုးရသစ်အတွင်းအကွဲ အပြဲတွေ ကြောင့် စစ်ရေးအမိန့်အာဏာ မထိ ရောက်တာလဲ ဖြစ်နိုင်တယ်” - ဟု သျှမ်းခေါင်းဆောင် တဦးက လဲ ပြောပါ သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်အုပ်စုထိပ်တန်း အကွဲအပြဲ သတင်းနှင့်ပတ်သက်၍ ၎င်းတို့ရထားသောအချက်အလက်နှင့် ကွင်းဆက်ချိတ်မိကြောင်းဆို၏။ သို့သော် သျှမ်းသံတော် ဆင့်အနေဖြင့် အဆိုပါကိစ္စအသေးစိတ်အားသီးခြားအတည်ပြုနိုင်ခြင်းမရရှိသေး ပေ။