နယူးဒေလီ (မဇ္စျိမ) ။ ။မန္တလေးတိုင်း မိတ္ထီလာမြို့ ရှိ မူဆလင် သင်္ချိုင်းဟောင်းအား စီးပွားရေး ကုမ္ပဏီတခုက ဖြိုဖျက်ရာ မြို့ခံအစ္စလမ် ဘာသာဝင်များက ဝိုင်းဝန်းကန့်ကွက်သဖြင့် ဖြိုဖျက်မှုကို တနင်္လာနေ့က ရပ်ဆိုင်းလိုက်ရသည်။
မန္တလေးတိုင်း မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်ရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ဆွန်နီမူဆလင် ဥယျာဉ်တော် သင်္ချိုင်းကို မြန်မာ့စိမ်းလန်းစိုပြည်ရေး ကုမ္ပဏီမှ မြေတူးစက် ၃ စီးနှင့် နံနက် ၂ နာရီခန့်က စတင်ဖြိုဖျက်ခဲ့ရာ ထက်ဝက်ခန့် ဖြိုအပြီး ကန့်ကွက်ခံရသဖြင့် ရပ်နားလိုက်ရခြင်း ဖြစ်သည်။
“ရှစ် ဧကခွဲလောက်ရှိတာ လေး ဧကလောက် ပျက်သွားပါတယ်။ အုတ်ဝင်းထရံကိုရော အုတ်ဂူတွေကိုပါ ဘူဒိုဇာနဲ့ ထိုးချသွားတာပါ”ဟု အခင်းဖြစ်ပွားချိန်တွင် ကိုယ်တိုင်ရှိနေခဲ့သူ မိတ္ထီလာမြို့ ဒေသခံတဦးက ပြောသည်။
ရုတ်ရုတ်သဲသဲ ဖြစ်ပွားနေစဉ် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီးနောက် ဖြိုဖျက်မှု ရပ်တန့်သွားခြင်းဖြစ်သည်။
မိတ္ထီလာ အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးကလည်း “ကုမ္ပဏီတခုက လူတွေ ဘူဒိုဇာနဲ့ လာဖျက်တော့ အနားမှာရှိတဲ့ မူဆလင်တွေ မခံနိုင်ဖြစ်ပြီး ဝိုင်းရောက်လာကြတာ”ဟု ပြောသည်။
သင်္ချိုင်းဟာင်း ဖျက်သည့် ကိစ္စနှင့် ပတ်သက်၍ မဇ္စျိမက မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူ တဦးက ဖျက်ခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့ သော်လည်း အသေးစိတ်ကို ဖြေဆိုပိုင်ခွင့် မရှိကြောင်း ပြောဆိုသည်။
ဆွန်နီသင်္ချိုင်းမြေကို မြန်မာ့စိမ်းလန်းစိုပြေရေး ကုမ္ပဏီက ဝယ်ယူထားသည့် အတွက် ယခုလိုလာရောက် မြေညှိခြင်းဖြစ်ကြောင်း အာဏာပိုင်များနှင့် ကြာသပတေးနေ့က အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည့်အစည်း အဝေးတွင် ကုမ္ပဏီက တင်ပြခဲ့သည်ဟုလည်း အစည်းအဝေး တက်ရောက်ခဲ့သူ ပလီဆရာတဦးကပြော သည်။
သင်္ချိုင်းကို မဖျက်ရန် မိတ္ထီလာရှိ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက အာဏာပိုင်များထံသို့ ၂ဝဝ၈ ခုနှစ်တွင် တကြိမ်၊ ၂ဝ၁၁ ခုနှစ် မတ်လနှင့် မေလတို့တွင် ၂ ကြိမ် စာရေးတင်ပြခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ချေ။
မိတ္ထီလာရှိ မူဆလင်များက ပလီများတွင် တနင်္လာနေ့က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် တစုံတရာ အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်ဖြိုဖျက်သည့် ကုမ္ပဏီအား တရားစွဲရန်စီစဉ်ထားသည်ဟု လည်း ပြောသည်။
၂ဝဝ၁ ခုနှစ်က စတင်ကာ အဆိုပါ သဂြုႋဟ်မြှုပ်နှံခြင်း မပြုတော့ဘဲ မိတ္ထီလာနှင့် ၆ မိုင်ခန့်ဝေးသည့် မြို့ပြင်
မြင်တော်ကန် အရပ်သို့ ပြောင်းရွှေ့မြုှပ်နှံလျက် ရှိသည်။