အာဆီယံ ညီလာခံများ အတွက် ကြိုတင်၍ ကော်မတီဖွဲ့

အာဆီယံ ညီလာခံများ အတွက် ကြိုတင်၍ ကော်မတီဖွဲ့
by -
ညီသစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် မသေချာ သေးသော်လည်း အာဆီယံ ထိပ်သီးညီလာခံများ လက်ခံ ကျင်းပနိုင်ရေး အတွက် ကြိုတင် ပြင်ဆင်မှု ကော်မတီကို ဧပြီလအတွင်းက သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂ဝ၁၁ဖြင့် ဖွဲ့စည်းခဲ့သည့် ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ ကော်မတီတွင် အခြား ပြည်ထောင်စု ဒုတိယဝန်ကြီးများလည်း ပါရှိကာ ကော်မတီဝင် ၂ဝခန့် ရှိသည်ဟု မကြာသေးခင်က ထွက်ရှိသော အစိုးရ ပြန်တမ်း တွင် ဖော်ပြထားသည်

ဆပ်ကော်မတီများ အသီးသီး ခွဲထားကာ အခမ်းအနား ပြင်ဆင်ရေး၊ ပြန်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ဧည့်သည်တော်များ ဖျော်ဖြေရေး၊ လုံခြံုရေး၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ရေး၊ မြို့တော် အဂါင်္ရပ်များ ညီညွတ်ရေး အစရှိသည့် ကော်မတီများဖြင့် ပေါင်းစည်းထားသည်။

44th-asean-ministerial-meeting-2

ထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတကာမှ ရောက်ရှိလာကြမည့်ပြည်တွင်း ပြည်ပ ကိုယ်စားလှယ်များအတွက် နေရာထိုင်ခင်းများ ဆောင်ရွက်ပေးခြင်း၊ ကြိုဆို ဧည့်ခံရေး အပြင် ထိပ်သီး အစည်းအဝေး ပွဲများ ထုံးစံအရ အထိမ်းအမှတ် တံဆိပ်နှင့် အဓိက ဘာသာရပ်တို့ကို စီစဉ် သတ်မှတ်ပေးခြင်း တို့ကို ကော်မတီမှ စီစဉ်ရမည် ဖြစ်သည်။

အသေးစိတ် အစီအစဉ်များ အဖြစ် ဘာသာပြန်များ၊ အခမ်းအနားမှူးများ ကအစ သက်ဆိုင်ရာ အရည်အသွေး
ပြည့်မီသည့် အရာရှိများနှင့် ဝန်ထမ်းများကို ရွေးချယ် လေ့ကျင့်ပေးခြင်းများကိုလည်း ထည့်သွင်းထားသည်။

မြန်မာနိုင်ငံသည်၂ဝ၁၄ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့ တင်ပြထားရာ လက်ရှိအချိန်ထိ တိကျ ပြတ်သားသည့် အဖြေကို မရသေးပါ။

ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သည့် ၁၈ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် လာအိုနိုင်ငံမှ
မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာအတွက် ထောက်ခံမှု ပေးခဲ့သော်လည်း နိုင်ငံတကာက နိုင်ငံရေး အကျဉ်းသားများ၊ ကလေးစစ်သား အစ ရှိသည့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ရှိနေသောကြောင့် အာဆီယံဥက္ကဋ္ဌ
ဖြစ်ရေးအတွက် ကန့်ကွက်ပြောဆိုမှုများ ရှိခဲ့သည်။

ထို့ပြင် ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင်လည်း တိကျ ပြတ်သားသည့် ပြောဆိုမှုများ ထွက်ပေါ်မလာပဲ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အာဆီယံ အနေဖြင့်စောင့်ကြည့်လျက် ရှိကြောင်း၊အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှတဆင့် ခေါင်းဆောင် များထံသို့ အသိပေး အကြောင်းကြားမှုများ ပြုလုပ်မည် ဖြစ်ကြောင်းသာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မာတီနာတာလီဂါဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးအတွက် ပြီးခဲ့သည့် ၂ဝဝ၆ခုနှစ်က အခွင့်ရေး ရရှိခဲ့ သော်လည်း လုပ်ဆောင်ခဲ့ခြင်း မရှိပဲ လွဲပြောင်းပေးခဲ့ပြီး အမှန်တကယ်အားဖြင့် လာအိုနိုင်ငံက အလှည့်ကျ အဖြစ် ရရှိမည့် ၂ဝ၁၄ခုနှစ်ကို မြန်မာနိုင်ငံကို ပေးခဲ့ခြင်း ဖြစ်သည်။ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နိုင်ငံတိုင်း၏ နာမည် အစဉ်လိုက် အတိုင်း ပြုလုပ်ကြခြင်း ဖြစ်ကာ လာမည့် ၂ဝ၁၂ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂ဝ၁၃တွင် ဘရူနိုင်းနိုင်ငံက လည်းကောင်း ရယူမည် ဖြစ်သည်။

ဦးသိန်းစိန်အစိုးရသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လိုခြင်းအပြင် ၂ဝ၁၃ ခုနှစ်တွင် ကျင်းပရန် တာဝန်ယူထားသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက်လည်း နေပြည်တော်တွင် အားကစားကွင်းများ တည်ဆောက်နေသည်။

အဆိုပါ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖြင့် ထိပ်သီး ညီလာခံ ကျင်းပခွင့်ရပါက နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကာ တရုတ်နိုင်ငံက လာရောက် ဆောက်လုပ်ပေးထားသော အမျိူးသားကွန်ဗင်းရှင်းစင်တာမှာ လည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သို့ရာတွင် အခြား အာဆီယံနိုင်ငံများကဲ့သို့ ဝန်ဆောင်မှုကောင်း ပေးနိုင် မပေးနိုင်ကိုမူ စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရေးစနစ်မှ အစ ဝန်ထမ်းများ၏ ဝန်ဆောင်မှုစနစ် အထိ ပြင်ဆင်ရမည်မှာ ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်းလည်း သိရသည်။

Most read this week