ပဲခူးနှင့် ကရင်တွင် ရခိုင်ကဲ့သို့ ရေကြီးနေ

ပဲခူးနှင့် ကရင်တွင် ရခိုင်ကဲ့သို့ ရေကြီးနေ
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။       ။ ဇူလိုင်လ တတိယပတ် က ရွာသွန်းခဲ့သည့် “မုတ်သုန်မိုး” ကြောင့်ရခိုင်ပြည် နယ်တွင် ရေကြီးခဲ့ပြီးနောက် ယခုအခါပဲခူးတိုင်း နှင့် ကရင်ပြည်နယ် အတွင်း၌ ရေကြီးနေသည်။

ပဲခူးမြစ်ရေလျှံသဖြင့် ပဲခူးမြို့ပေါ်ရှိ ၁၈ ရပ်ကွက် အပါအဝင် ကဝမြို့နယ် အတွင်းရှိ ကျေးရွာ ၂ဝ ကျော်တွင်  လှေများဖြင့် လှော်ခတ် သွားလာနေရသလို၊ ကရင်ပြည်နယ်ဘားအံမြို့ပေါ်တွင်လည်း သန်လျင်မြစ်ရေလျှံမှု ကြောင့် မြေနိမ့်ပိုင်း ရပ်ကွက် ၅ ခုအတွင်း ရေကြီးနေ၍ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက် ခိုလှုံနေကြရသည်ဟု သိရသည်။
pago-flood-2ပဲခူးမြို့ရေကြီးမှုတွင် အနိမ့်ဆုံး ရေအနက် ၄ပေ ထက်မက ရေတက်နေသည့် နေရာများမှာ ကျောက်ကြီးစု၊ ရွာသစ်၊ ကျောက်တွင်းကုန်း၊ မြို့သစ် (က)(ခ)(ဂ)၊ အုတ်ဆက်တန်း၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ အိုးလေးစု၊ ကလျာဏီ၊ ကျွန်းသာယာ၊ ခေါင်းဆေးကျွန်း၊ ရွှေသာလျောင်းနှင့် ဥဿာမြို့သစ် ရပ်ကွက်ကြီး- ရ တို့တွင် ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။

“ ရေက ရင်ဆို့လောက် ရှိတယ်။ ၄ ရက်ရှိပြီ မကျသေးဘူး။ အိမ်မှာဆို ထမင်းချက်လို့ကို မရဘူး။အပြင်သွား လည်း လှေရှိမှ ရေချိုးဖို့က အခက်တွေ့နေတယ်။ ရေတက်နေတော့ မီးတွေလည်း ဖြတ်ထားတော့ အဆင်မပြေဘူး” ဟု ပဲခူးမြို့ ဥဿာ မြို့သစ် ရပ်ကွက်တွင်နေထိုင်သူ တဦးက မဇ္စျိမကိုပြောသည်။

လူမှုကူညီရေး အသင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လှူဒါန်းမှုထမင်းထုပ် များကို မြို့ခံအာဏာပိုင်များက လာရောက် ဝေငှပေးကြသည်ဟု သိရသည်။

တချိန်တည်းပင် ပဲခူးမြစ်ကြောင်းပေါ်ရှိ ကဝမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၂ဝ ကျော်တွင် မြစ်ရေလျှံသဖြင့် လယ်ဧကပေါင်း ထောင်ချီ ဆုံးရှုံး နေရသလို ကျေးရွာများ အတွင်း၌လည်း လှေများဖြင့်သာ လှော်ခတ် သွားလာနေရသည်ဟု ရွာခံတို့က ပြောသည်။

pago-flood-3
“ လယ်သမားမှန်သမျှ အကုန်မြုပ်တာပဲ..လယ်တွေက။ အခု စျေးထွက်ဝယ်တာတို့ ဟိုဘက်ရွာ ဒီဘက်ရွာ သွားတာတို့ ဆိုရင် လှေနဲ့ပဲ သွားနေရတာပေါ့။ အလုပ်ပျက်တာကတော့ ၄ ရက်ရှိပြီ။ ရေကလည်း အိမ်တိုင်ကို ၄-၅ ပေလောက် တက်နေတယ်” ဟု ကမာ ကလဲ ရွာမှ လယ်သမားတဦး က မဇ္စျိမကို ပြောသည်။

ယင်း ကျေးရွာ ၂ဝတွင် နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ စသည်တို့ ပါဝင်ပြီး၊ လွန်ခဲ့သည့် ၁ဝရက်ကမှ စိုက်ထားသည့် ပျိုးစပါးများ ပျက်စီးတော့မည်ဟု ရွာခံ လယ်သမားများက ပြောသည်။ ဇွန်လလယ်ပိုင်းက ပထမတကြိမ် မြစ်ရေကြီးမှုတွင် မျိုးစပါးများ ပျက်စီးခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ် ထပ်မံ ပျက်စီးရသည်ကို ဒေသခံ လယ်သမားများက ငြီးငြူနေကြသည်။

“ ပျိုးတွေက ပြန်စိုက်ထားတဲ့ဟာတွေ။ အရင်လက ရေကြီးတုန်းက တခါ မျိုးတွေ ပုတ်ကုန်တော့ အခုပြန်စိုက်ထားတာ။ ဒီဟာပါ ထပ်ပြီး ပျက်စီးမယ်ဆိုတော့ မျိုးပြုတ်တာပေါ့ဗျာ။ နောက်ထပ် မျိုးစပါးဖိုးတော့မရှိတော့ ဘူး”ဟု ပိုင်ကျုံ ရွာခံတဦး က မဇ္စျိမကိုပြောသည်။

ကျေးရွာများတွင် အခြားလိုအပ်ချက်များ အတွက် လာရောက် ကူညီပေးသူ မရှိဟုလည်း ၎င်းက ဆိုသည်။

ပဲခူးတိုင်း အတွင်း ရေကြီးနေချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှ သံလျင်မြစ်နှင့် အနီးရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၁၊ ၂၊ ၃၊ ၅ နှင့် ၆ တို့တွင် ရေအမြင့် ၅ ပေခန့် မြင့်တက်နေသဖြင့် နေအိမ် အချို့ နစ်မြုပ်နေသည်။

ကျောင်းများလည်း ပိတ်ထားရပြီး ထိုရပ်ကွက်ခံများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဌာနက အထက်တန်းကျောင်းနှင့် ရွှေရင်မျှော်ဘုရားတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်ကာစောင့်ရှောက်ထားသည်ဟု ရေဘေး ခိုလှုံသူများက ပြောသည်။

“အိမ်ကြမ်းပြင်ပါ မြုပ်တော့ နေလို့မရတော့ဘူးပေါ့ဗျာ။ မြွေပါး၊ ကင်းပါးလည်း ကြောက်ရတယ်လေ။ တချို့ကတော့ ဆွေမျိုးတွွေ အိမ်မှာ သွားနေကြတာပေါ့။ အများစုကတော့ ဒီကယ်ဆယ်ရေးစခန်းတွေမှာ ရေမြန်မြန်ကျအောင်ပဲ ဆုတောင်းနေရတယ်” ဟု အမှတ် ၂ ရက်ကွက်မှ ရေဘေးခိုလှုံသူ တဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့က စံချိန်တင် ရွာသွန်းခဲ့သည့် မုတ်သုန်မိုးကြောင့် ရေကြီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ  မြို့နယ် ရ မြို့နယ် ကျော်တွင်မူ ရေကျသွားပြီ ဖြစ်သဖြင့် သက်သာရာ ရသွားခဲ့ကြသော်လည်းယင်းဒေသ တွင်း ကျေးရွာများရှိ လယ်ဧကပေါင်းများစွာမှာ ရေကြီးမှုကြောင့် နွံများနစ်သွားသဖြင့် မျိုးစပါး အသစ်ကြဲရမည့် အခြေအနေသို့ ရောက်ရှိသွားသည်။

မြန်မာနိုင်ငံတွင်း  ပြည်နယ်နှင့် တိုင်းများတွင် စံချိန်တင်မိုးများ ရွာသွန်းမှုသည် “မုတ်သုန်လေ အားကောင်း ခြင်း” ကြောင့်ဟု  မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲများကို ထုတ်ပြန်နေသည့် Myanmar Climate Change Watch မှ မိုးဇလ ပညာရှင် ဦးထွန်းလွင်က မဇ္စျိမကို ပြောသည်။

Most read this week