ထိုင်းစစ်တပ် ရဟတ်ယာဉ် ပျက်ကျပြန်

ထိုင်းစစ်တပ် ရဟတ်ယာဉ် ပျက်ကျပြန်
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္စျိမ) ။    ။ထိုင်းစစ်တပ်ပိုင်ရဟတ်ယာဉ် တစင်း တနင်္ဂနွေနေ့က ပျက်ကျပြန်ရာ တပတ် ကျော်အတွင်း သုံးစင်းမြောက် ပျက်ကျမှု ဖြစ် ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်း စာတွင် ဖော်ပြသည်။

Bell-212-helicopter

Bell 212 အမည်ရှိ ရဟတ်ယာဉ်သည် ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့က ပျက်ကျခဲ့သည့် Black Hawk ရဟတ်ယာဉ်မှ သေဆုံးသူ ကိုးဦး၏ အလောင်းကို သွားရောက် သယ်ဆောင်ရန် အသွားတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟုလည်း သတင်းစာတွင် ဖော်ပြထားသည်။

၁၉ ရက်နေ့ နံနက်ပိုင်းက Bell ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ရဟတ်ယာဉ်မှူး၊ ဒုတိယ ရဟတ်ယာဉ်မှူးနှင့် ပထမ စက်ပြင်ဆရာတို့ စုစုပေါင်း သုံးဦး သေဆုံးခဲ့ရသည်။ ဒုတိယ စက်ပြင်ဆရာမှာမူ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားသည်။

ရဟတ်ယာဉ် ပျက်ကျမှု သုံးခုဖြစ်ပွါးပြီးနောက် ထိုင်းစစ်တပ်က ယင်းတို့ပိုင် ရဟတ်ယာဉ်များကိုအန္တရာယ်ကင်း စွာ ပျံသန်းနိုင်ခြင်း ရှိမရှိ သေချာစွာ စစ်ဆေးသွားမည်ဟုလည်း ဘန်ကောက်ပို့စ် သတင်းစာတွင်ရေးသားထား သည်။

တပတ်ကျော်အတွင်း ဒုတိယမြောက် ပျက်ကျခဲ့သည့် Black Hawk ရဟတ်ယာဉ်မှာလည်း ပထမမြောက် ပျက်ကျခဲ့သည့် Huey ရဟတ်ယာဉ်မှ သေဆုံးသူ ငါးဦး၏ အလောင်းကို သယ်ဆောင်ရန် သွားရောက်စဉ် ထိုင်းမြန်မာနယ်စပ်အနီး Kaeng Krachan အမျိုးသားဥယျာဉ် နှင့် မျက်နှာခြင်းဆိုင်  မြန်မာဘက်ခြမ်းတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ထို ရဟတ်ယာဉ် ပျက်ကျမှုကိုလည်း ရာသီဥတု ဆိုးဝါးမှုကြောင့်ဟု သတ်မှတ်ခဲ့သည်။

ပျက်ကျခဲ့သည့် Black Hawk ရဟတ်ယာဉ်ကို မြိတ်မြို့ အနီးရှိ မြန်မာစစ်တပ် တပ်ရင်း ၁၀၁ အနီး၊ ထိုင်း-မြန်မာ နယ်စပ်နှင့် တမိုင်အကွာခန့်တွင် တွေ့ရှိခဲ့သည်ဟု ထိုင်းသတင်းစာ Thai Rath တွင် ရေးသား ဖော်ပြခဲ့သည်။

ထိုင်းဘုရင့်စစ်တပ်မှ လေယာဉ်မှူး ဗိုလ်ချုပ် Pitaya Krajangwong က ဘန်ကောက်ပို့စ် သတင်းစာသို့
 ပြောကြားရာတွင် နောက်ဆုံး ပျက်ကျမှုသည် ရဟတ်ယာဉ် အမြီးပိုင်းမှ ဒလက်တခု ချို့ယွင်းသွားသောကြောင့် ပျက်ကျခဲ့ပုံရသည်ဟု ဆိုခဲ့သည်။