နယူးဒေလီ (မဇ္စျိမ) ။ ။ အစိုးရသစ် တက်လာ သော်လည်း သိသာထင်ရှားသည့်ဒီမိုကရေစီ ပြောင်းလဲမှု မရှိသေး သဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှု တနှစ်သက်တမ်း ထပ်တိုးရန် အမေရိကန် အောက်လွှတ်တော် က ကြာသပတေးနေ့တွင် ဆုံးဖြတ်လိုက်ပြန်သည်။
ဇူလိုင်လ ၂ဝ ရက်နေ့ အောက်လွှတ်တော်အမတ်များ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကာ အထက်လွှတ်တော်တွင် သောကြာနေ့တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။
“မဲခွဲတော့ အသံနဲ့ မဲခွဲတာပေါ့နော်။ ထောက်ခံသူ အများစုရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီဥပဒေကို အောက် လွှတ်တော်က အတည်ပြုလိုက်တယ်” ဟု အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသည့် US Campain for Burma (USCB) မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှု တနှစ်သက်တမ်း ထပ်တိုးသည့်ကိစ္စတွင်အတည်ဖြစ်ရေး အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမား လက်မှတ်ရေးထိုးဖို့သာ ကျန်တော့သည် (Photo: AFP)
အောက်လွှတ်တော်တွင် အမတ်ဦးရေ ၄၃၅ ဦး ရှိရာ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာအထက်လွှတ် တော်ပါ အတည်ပြုပြီး၊ သမ္မတ ဘာရက်အိုဘားမားက လက်မှတ်ရေးထိုးလျှင် အတည် ဖြစ်လာမည်။
ယခုပိတ်ဆို့မှုသည် အမေရိကန်သို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုဖြစ်ကာ ဇူလိုင် ၂၈ ရက်တွင် ယခင်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
“ကန့်သတ်ချက် ၃ ရပ်ကို ပြေလည်တာ မတွေ့သေးဘူး။ မတွေ့ဘဲ ပိုတောင် အခြေအနေဆိုးလာလို့ လွှတ်တော် အမတ်များအနေနဲ့ Sanction (ပိတ်ဆို့မှု) ကို နောက်တကြိမ် တနှစ်သက်တမ်းတိုးဖို့ လိုအပ်တယ်ဆိုပြီး ဆုံးဖြတ် ကြတာပါပဲ” ဟု ဦးအောင်ဒင်က ဆိုသည်။
အမေရိကန်က မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေး ရေးနှင့် အထူးသဖြင့် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူများအား နိုင်ငံတကာ အကူအညီများ ထိရောက်စွာ ပေးပိုင်ခွင့် ပြုလုပ်ရန်တို့ကို ကန့်သတ်ချက်များအဖြစ် ညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။
ဒဏ်ခတ် ပိတ်ဆို့မှုများ အနက် မြန်မာအစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာ ပိတ်ဆို့ခြင်းဖြစ်သည့် ပစ်မှတ်ထား ပိတ်ဆို့မှု (Targeted Sanction) ၊ ကုန်သွယ်ရေး ပိတ်ဆို့မှု (Trade Sanction) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှု (Investment Sanction) တို့ ပါဝင်သည်။
ပိတ်ဆို့မှုများ၏ သက်တမ်းမှာ ကန့်သတ်ချက်သုံးရပ် မဆောင်ရွက်မချင်း ဆက်ရှိနေဦးမည်ဖြစ်ကာ၊မြန်မာပြည် မှ ပစ္စည်းများ အမေရိကန်သို့ မသွင်းရန်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမှု မပြုလုပ်ရန်တို့ အတွက်မှာမူ တနှစ်တခါ သက်တမ်းတိုးရလေ့ ရှိသည်။
မြန်မာပစ္စည်းများ မတင်သွင်းရေးနှင့် ပတ်သက်၍ လွှတ်တော် အာဏာဖြင့် တနှစ်တခါ သက်တမ်းတိုးရကာ၊ ရင်းနှီးမြှုပ်နှံမှုကိုမူ သမ္မတ အာဏာဖြင့် သက်တမ်းတိုးရသည်။ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့မှုကို ၂ဝ၁၁ မေ ၁၆ ရက်တွင် သမ္မတက လက်မှတ်ထိုးကာ သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။
အမေရိကန်က မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်သဖြင့် ၁၉၉၃ ခုနှစ်တွင် လက်နက်တင်ပို့မှု စတင်ပိတ်ပင်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ပစ်မှတ်ထား ပိတ်ဆို့မှု ပြဋ္ဌာန်းခဲ့သည်။
အောက်လွှတ်တော်က သက်တမ်းတိုးရန် ဆုံးဖြတ်သည့်အပေါ် တစုံတရာ မှတ်ချက်မပေးလိုဘဲ၊ အမေရိကန်က ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်လုပ်ကိုင်ခြင်းသာ ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
“ကျနော်တို့က ကြိုဆိုတယ်လို့လည်း မပြောဘူး။ မကြိုဆိုဘူးလို့လည်း မပြောဘူး။ ဒါပေမယ်လို့ မူဝါဒဆိုင်ရာနဲ့ ပတ်သက်လို့ရှိရင် အမေရိကန်က မိမိချထားတဲ့ မူဝါဒကို ဆက်လက်ကိုင်စွဲနေတယ်လို့ပဲ ပြောနိုင်ပါတယ်” ဟု
NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “အဓိကအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် Sanction လုပ်တာပါ။ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူး၊ ပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ် တွေ့ရင်တော့ Sanction က ရုပ်သိမ်းဖို့ အကြောင်း ရှိပါလိမ့်မယ်” ဟု ဆိုသည်။
မစ္စတာအိုဘားမား အစိုးရတက်လာပြီးနောက် အမေရိကန်က မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှု ဆက်ထားရှိ
သလို၊ တပြိုင်နက်တည်းတွင် အစိုးရသစ်နှင့် စေ့စပ်ညှိနှိုင်းရေး ပြုလုပ်မည့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ခဲ့သည်။
ပိတ်ဆို့မှုများ ဖယ်ရှားရန်အတွက် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပြောင်းလဲမှု ရှိမှသာ ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း NLD က ပြောသည်။
“ကျနော်တို့ နိုင်ငံတကာရှေ့မှာ မြန်မာနိုင်ငံရဲ့ အရေးဟာ ဒီလို Sanction ချထားစရာ မလိုဘဲနဲ့မိတ်ဆွေ သဘော ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် သူများနိုင်ငံကိုချည်း ပြောလို့ မရဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြုပြင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
သူက ဆက်ပြီး “မြန်မာနိုင်ငံမှာ အမှန်တကယ် ပြောင်းလဲမှုတွေ ဖြစ်ပြီးတော့ လူ့အခွင့်အရေးတွေကို ပြန်လည်
ဖော်ဆောင်ပေးဖို့၊ အဲဒီလမ်းကြောင်းပေါ် ရောက်တယ်ဆိုရင် Sanction က အဲဒီအချိန်ခါကျရင် ရုပ်သိမ်းသင့် တယ်လို့ ပြောရမှာပေါ့” ဟု ဆိုုသည်။
၂ဝ၁၁ ဇွန် ၂၈ ရက်တွင်လည်း မြန်မာအစိုးရ အာဏာတည်မြဲရေးအတွက် မိသားစုဝင်များသဖွယ် စီးပွားရေးနှင့်
နိုင်ငံရေး အရ အထောက်အပံ့ ပေးနေသည်ဟုဆိုကာ မင်းသား လွင်မိုး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ
နေရွှေသွေးအောင် အပါအဝင် ၄၂ ဦးကို စီးပွားရေး ပိတ်ဆို့ရန် USCB က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးကို
တောင်းဆိုခဲ့သည်။ အပိတ်ဆို့ခံများထဲတွင် စီးပွားရေးလုပ်ငန်းရှင်များသာမက အနုပညာရှင်များနှင့် စာပေ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။
အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒအပေါ် အားမရကြောင်းနှင့် ပိုမိုထိရောက်သည့်ဖိအားပေးမှု မျိုး လိုအပ်နေသည်ဟု USCB က သုံးသပ်သည်။
“အားရသလားဆိုတော့ အားမရပါဘူး။ အခု မူဝါဒကို ကျင့်သုံးတာ ၂ နှစ်ရှိပြီ။ ဘာမှလည်း တိုးတက်တဲ့ အပြောင်းအလဲ မရှိဘူး။ အဲဒီလို မရှိတဲ့အချိန်မှာ အမေရိကန်အစိုးရကို ပြောနေရတာက တိုက်ရိုက်ဆက်ဆံ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အချိန်ဇယား သတ်မှတ်ဖို့ လိုတယ်။ အဲဒီကာလ အတွင်းမှာပဲကိုယ်လို ချင်တဲ့ အပြောင်းအလဲကို ပြတ်ပြတ်သားသား တောင်းဆိုဖို့ လိုတယ်။ တောင်းဆိုတဲ့ နေရာမှာ တဖက်က ရှိပြီးသား စီးပွားရေး ပိတ်ဆို့မှု၊ အရေးယူမှုကို ပိုပြီးခိုင်မာအောင်၊ အားကောင်းအောင် လုပ်ပြီးတော့ပြင်းထန် တဲ့ဖိအားပေးမှုတွေ ဆက်လုပ်ဖို့ လိုတယ်” ဟု ဦးအောင်ဒင်က ပြောဆိုလိုက်သည်။