တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူများ အစာရေစာငတ်ပြတ်

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူများ အစာရေစာငတ်ပြတ်
by -
သျှမ်းသံတော်ဆင့်

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လယ်ယာမဆင်း နိုင်သည့်ကြားမှ သျှမ်းပြည်တပ်မတော် SSPP/ SSA နှင့် မြန်မာစစ်တပ်တို့၏ ရက်ရှည်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများစားနပ် ရိက္ခာ အခက်အခဲ ကြုံတွေ့နေရသည်။

001-_refugees
“တချို့ကထမင်းတနပ်ပဲစားရတယ်။ ကျနော်တို့လူမျိုးက အချင်းချင်းချစ်ခင်ပြီး ၀ိုင်းဝန်းကူညီတတ်ကြတော့ ရှိတဲ့လူထဲက မျှစားကြတယ်။ တချို့နေ့မှာဆိုတယောက်စားရပြီး ကျန်တယောက်က အငတ်ခံရတယ်။ ထမင်း ဆိုရင်လဲ ပိန်းဥ ၊ ကန်စွန်းဥတွေနဲ့ ရောချက်ပြီး ဖြစ်သလိုစားရတယ်” ဟု  SSPP/SSA ဗဟို ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ ၀မ့်ဟိုင်းရွာအပါအဝင် အနီးတဝိုက်ရှိ ရွာသူရွာသားများအား လုံး နီးပါး စစ်ပွဲကြောင့် အိုးအိမ်စွန့်လွှတ်၍ တောတောင်နှင့် လယ်ယာခြံများတွင် ထွက်ပြေးတိမ်းရှောင်နေရ ခြင်းဖြစ်သည်။

“စားနပ်ရိက္ခာအခက်အခဲကြောင့် တချို့ကကျန်းမာရေးမကောင်းဖြစ်တယ်။ ဗုံးထိပြီး ဒဏ်ရာရကြသူတွေလည်း ရှိတယ်။ ဆေးကုသမှုလဲ အပြည့်အဝမပေးနိုင်ဘူး။ ကျနော်တို့  တပ်ဆရာဝန်ပဲရှိတယ်။ ဆေးဝယ်ဖို့ လဲ မြန်မာစစ်တပ်က လေးဘက်လေးတန် ၀ိုင်းထားတော့ အခက်တွေ့နေရတယ်။ စားဝတ်နေရေးအတွက် အရမ်း ဒုက္ခရောက်နေကြတယ်” ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

မြန်မာစစ်တပ်များ  အရပ်လေးမျက်နှာ ၀ုိင်းထားသဖြင့် ရွာသူ၊သားများမှာမည်သည့်အဖွဲ့အစည်းထံ မှအကူအညီ မရ။ သို့သော် SSPP/SSA က တချို့သောဒေသခံများကို အကူအညီ အနည်းငယ်ပေးသည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်

သျှမ်းပြည်တပ်မတော် SSA နှင့် မြန်မာစစ်တပ်တို့ ဂျူလိုင်  ၁၁ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားကြရာ ဒေသခံ ရွာသူ၊သားများက ယနေ့အချိန်ထိ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်သည်။