မဲဆောက် မြန်မာလုပ်သားများ အဖမ်းကြမ်း

မဲဆောက် မြန်မာလုပ်သားများ အဖမ်းကြမ်း
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ ၃ ရက်ဆက်တိုက် ဖမ်းဆီးမှုတွင် ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်မြို့ရှိ မြန်မာလုပ်သားများ တရက်လျှင် ၂ဝဝ ထက်မနည်း အဖမ်းခံနေရကြောင်း မြန်မာ့အရေး လုပ်ဆောင် နေသည့် အဖွဲ့များက ပြောသည်။

215

ထိုင်းအစိုးရက ဇူလိုင် ၁၄ ရက်အထိ တရားမဝင် မြန်မာလုပ်သားများကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီးနောက် ၁၆ ရက်နေ့မှစ၍ ဖမ်းဆီးလာခဲ့သည်။ မှတ်ပုံတင် ပြုလုပ်နေစဉ် မဖမ်းဆီးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက
 ညွှန်ကြားခဲ့ရာမှ သတ်မှတ်ရက်ပြည့်ပြီးနောက် အဖမ်းအဆီးများ ဆက်တိုက်ဖြစ်လာခြင်း ဖြစ်သည်။

“ နေ့တိုင်း နေ့တိုင်း လူ ၂ဝဝ၊ ၃ဝဝ လောက် ထိုင်းစစ်တပ်တို့၊ ရဲတို့၊ အဖွဲ့စုံကနေ ဖမ်းတာ။ သူတို့က စီမံချက်နဲ့ပေါ့ နော်။ တရားမဝင် အလုပ်သမားများ နေရပ်ပြန်ပို့ရေး စီမံချက်နဲ့ ဖမ်းတာ” ဟု မဲဆောက် အခြေစိုက် မြန်မာပြည်သူ များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA မှ တာဝန်ခံ ကိုမိုးကြိုးက မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံရသူအများစုမှာ နေရာအတည်တကျ မရှိသည့် ဆောက်လုပ်ရေး  အလုပ်သမားကဲ့သို့ပျံကျလုပ် သား အများစု ဖြစ်ကာ မနက် ၅ နာရီမှ ၈ နာရီတွင် တကြိမ်၊ ညနေ ၅ နာရီမှ ၈ နာရီတွင် တကြိမ်၊ တနေ့ နှစ်ကြိမ်နှုန်းဖြင့် ထိုင်းစစ်တပ်၊ နယ်ခြားစောင့်တပ်၊ လူဝင်မှုကြီးကြပ်ရေးရဲ၊ မှုခင်းရဲနှင့်ကျေးရွာကာကွယ် ရေးအဖွဲ့များက ဝိုင်းဝန်းဖမ်းဆီးခြင်း ဖြစ်သည်။

“စက်ရုံ၊ အလုပ်ရုံဝင်းတွေထဲမှာ ဝင်ဖမ်းတာ မဟုတ်ဘူး။ စက်ရုံ၊ အလုပ်ရုံတန်းလျားတွေမှာ ဝင်ဖမ်းတာ မဟုတ်ဘူး။ ဒီလိုပဲ လမ်းပေါ်မှာ သွားရင်းလာရင်းကနေပြီးတော့ စျေးသွားစျေးလာရှိတဲ့မြန်မာအလုပ်သမား တွေ၊ နောက် အလုပ်သွား အလုပ်ပြန် မြန်မာအလုပ်သမားတွေကို ကောက်တင်ပြီးတော့ကောက်သင်း ကောက်သလို ဖမ်းတာ” ဟု ကိုမိုးကြိုးက ဆိုသည်။

အလုပ်သမားလက်မှတ် မရှိသူများကို ဖမ်းဆီးမိပါက ထောင်ဒဏ် ၅ နှစ် (သို့မဟုတ်) ငွေဒဏ်အဖြစ် ထိုင်းဘတ်ငွေ ၂ သောင်းမှ ၁ သိန်းအထိ ပေးဆောင်ရန် ဥပဒေပြဋ္ဌာန်းထားသော်လည်း ယခုဖမ်းဆီးခံရ သူများကို နာရီပိုင်း အတွင်းမှာပင် မြန်မာဘက်ခြမ်း မြဝတီမြို့သို့ ပြန်ပို့သည်။

မဲဆောက်တွင် မြန်မာအလုပ်သမား ၁ သိန်းကျော်ရှိကာ ယင်းထဲမှာ ၆ သောင်းကျော်မှာ အလုပ်သမား လက်မှတ် မလုပ်ရသေးကြောင်း အလုပ်သမားအဖွဲ့များအဆိုအရ သိရသည်။

သို့သော် ယင်းတို့ထဲမှ ဖမ်းဆီးခံရစဉ် ထိုင်းဥပဒေအရ တားမြစ်ထားသည့် ပစ္စည်းများ လက်ဝယ်မိသူများကိုမူ ဆက်လက်ချုပ်နှောင်ထားပြီး တရားရုံတင် စစ်ဆေးသွားမည်ဟု ဆိုကြသည်။

တားမြစ်ထားသည့် ပစ္စည်းများထဲမှာ ကွမ်းယာတွင် သုံးသည့် ဆေးဝါးများနှင့် ဆေးလိပ်အပြင်သစ်တော ထွက် ပစ္စည်းများဖြစ်သည့် သစ်ခွကဲ့သို့သော ပစ္စည်းများ လက်ဝယ်တွေ့ရှိသူများကိုဆက်လက်ထိန်းသိမ်း ထားသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ၂ သန်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့်အနက် ယာယီ နိုင်ငံကူးလက်မှတ် ရပြီးသူနှင့် တရားဝင် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပြီးသူ ၁ သန်းခွဲကျော် ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများ အဆိုအရ သိရသည်။