၅ဝဝဝ တန် အတုမိ

၅ဝဝဝ တန် အတုမိ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။    ။ ရန်ကုန်တိုင်းကျောက်တံတား မြို့နယ် မြန်မာနိုင်ငံသားများဘဏ် Myanmar Citizens Bank –MCB ရုံးချုပ်တွင် ၅ဝဝဝ တန် ငွေအတုများ တွေ့ရှိရကြောင်း ရန်ကုန်အခြေစိုက် မော်ဒန်သတင်း ဂျာနယ်တွင် ဖော်ပြသည်။

5000-kyats

စားအုန်းဆီကိုယ်စားလှယ်တချို့ ဘဏ်သို့လာသွင်းသည့် ငွေထုတ်များထဲတွင် “အဆက်မပြတ်” တွေ့ရှိ နေသည်ဟု ဘဏ်တာဝန်ရှိသူကို မေးမြန်းပြီး ဇူလိုင် ၁၅ ရက်နေ့ထုတ်တွင် ဖော်ပြထားသည်။

ငါးထောင်တန် တထုတ်ကို အတုတရွက်နှုန်းဖြင့် ထည့်နေသည်ကို သတိထားမိသည့် ဘဏ်တာဝန်ရှိသူက “ဂိုဏ်းနဲ့ တောင်လုပ်နေလား ထင်စရာ ဖြစ်လာတယ်။ အရင်က ခြောက်လမှ အတု တရွက် နှစ်ရွက်ပဲ ရတာ၊ အခုလို များများ မရဖူးဘူး” ဟု မော်ဒန်ဂျာနယ်ကို ပြောထားသည်။

ဝန်ထမ်းများက ငွေအတုများအစား ငွေအစစ်များဖြင့် အစားထိုး လျော်ပေးနေရသည့်ငွေမှာ ဇူလိုင်လပထမ အပတ် အတွင်း ၄၅ဝ,ဝဝဝ ကျော်ပြီဟု ဂျာနယ်က ရေးသားထားသည်။

မဇ္ဈိမက MCB ဘဏ်မှ ဝန်ထမ်းတဦးကို မေးမြန်းရာ အတုတွေ့ရှိရကြောင်း ပြောဆိုလိုက်ပြီး “ဗဟိုဘဏ်ကို ပြန်အပ်တဲ့အခါကျတော့ ဒီအတုတွေကို ဝန်ထမ်းတွေကပဲ တာဝန်ယူရတာပါ။ အတုပါတာ နံပတ်မတူတာ။ စုတ်ပြဲတာတွေကို ဝန်ထမ်းတွေကပဲ လျော်ပေးရတာပါ” ဟု ပြောသည်။

ငွေတုများတွေ့ရှိမှုကို ယနေ့အထိ အမှုဖွင့်တိုင်တန်းခြင်းမရှိသေးကြောင်း ဘဏ်ဝန်ထမ်းများက ပြောသည်။

ရန်ကုန်အခြေစိုက် ကမ္ဘောဇဘဏ်၊ အာရှ ရန်ကုန်ဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့် MCB ဘဏ် မန္တလေးဌာနခွဲတို့ကမူ MCB ရန်ကုန်ရုံးချုပ်များတွင်ရှိ ယင်းတို့ဘဏ်များတွင်လည်း အတုမတွေ့ရှိကြောင်းကို တညီတည်း ဖြေကြသည်။

၂ဝဝ၉ ခု အောက်တိုဘာလမှစ၍ ဗဟိုဘဏ်မှ စတင်ဖြန့်ဝေသည့် ၅,ဝဝဝ တန် ငွေစက္ကူ အတုများ ထွက်ပေါ် သဖြင့် ဗဟိုဘဏ်က အသိပေးကြေညာမှုပြုလုပ်ထားရာ ငွေစက္ကူအတုတွင် စက္ကူထောင့် ဖြတ်ရာပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ လုံခြံုရေး အမှတ်အသားဖြစ်သည့် ရေစာ၊ ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုး ဖော်ပြသည့် စာသား၊ ငွေစက္ကူညာဘက်ထောင့် အလယ်၌ ဗဟိုဘဏ်မှရိုက်နှိပ်ထားသော ရေစာ စသည်တို့ မပါရှိကြောင်း ဖော်ပြခဲ့ဖူးသည်။

မည်သူမဆို ငွေစက္ကူ၊ ဘဏ်ငွေလက်မှတ်များကို အတုပြုလုပ်လျင် ရာဇသတ်ကြီး ပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ် တသက် သို့မဟုတ် ၁ဝ နှစ် ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ငွေအတုမှန်းသိလျက်နှင့် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ် ရ နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ဥပဒေပြဋ္ဌာန်းထားသည်။

စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက “ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါတွေက တွေ့နေကျပဲ။ တနေရာမှာ အရွက်ဘယ်နှစ်သိန်း၊ ဘယ်နှစ်သောင်းတွေ့တာ မဟုတ်ပဲ။ အခုက ၅,ဝဝဝ တန် အရွက် ၁ဝဝ တောင် မရှိဘူး” ဟု စီးပွားရေးလောကအပေါ် အကျိုးမသက်ရောက်နိုင်ကြောင်း ပြောသည်။

၂ဝ၁ဝ ခု ဇန်နဝါရီလအတွင်းက ပဲခူးမြို့ မြို့မစျေးတွင် ရဲဝန်ထမ်းတဦးက ၅,ဝဝဝ တန်အတုဖြင့် စျေးဝယ် နေစဉ် ဖမ်းဆီးမိခဲ့ဖူးကြောင်း လွတ်လပ်သည့်အာရှအသံ RFA က သတင်းထုတ်လွင့်ခဲ့ဖူးသည်။

ငွေစက္ကူ တထောင်တန်အစစ် တသိန်းနှင့် အတု ၁ဝ သိန်းကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဆိုင်ကယ် သမားတဦးထံမှ လဲလှယ်၍ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ပြန်လည်သုံးစွဲသူ ၃ ဦးကို ဒေါပုံရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ၂ဝ၁ဝ မေလထုတ် ပြည်မြန်မာဂျာနယ်ကဖော်ပြခဲ့သည်။