နယူးဒေလီ (မဇ္စျိမ) ။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်း ကိုကိုးကျွန်းအနီး ပင်လယ်ပြင်တွင် တနင်္လာနေ့မှစ၍ လာမည့် ၃ ရက်အတွင်း ၁ဝ ပေ ခန့်ရှိ ရေလှိုင်းများ တက်လာနိုင်သဖြင့် ရေလုပ် သားများနှင့် ရေလမ်းခရီးသွားများ မထွက်ခွာသင့် ကြောင်း မိုး/ဇလ ပညာရှင်ဒေါက်တာထွန်းလွင် က သတိပေး နှိုးဆော် လိုက်သည်။
မြန်မာ့တောင်ဘက်ပိုင်း ကပ္ပလီ ပင်လယ်ပြင်အတွင်း လှိုင်းကြီးကာ မြစ်ဝကျွန်းပေါ်နှင့် ကိုကိုးကျွန်းအနီး ပင်လယ်အထိပါ လှိုင်းကြီးလာနိုင်သည် ဖြစ်ရာ ရေလမ်းခရီးသွားများ အထူးသတိရှိရန် လိုအပ်ကြောင်း နှိုးဆော်ခြင်း ဖြစ်သည်။
“လှိုင်းက မြင့်တဲ့အခါ အရှေ့ကို ငိုက်ကျပြီး ခေါင်းဖြူထတယ်၊ တော်တော်လေး ကြီးတယ်။ရေလုပ်သားတွေဆို ရင် လောဘတက်ပြီး ပင်လယ်နက်ထဲ မသွားမိဖို့ အရေးကြီးတယ်။ သင်္ဘောအသေးတွေနဲ့ ခံနိုင်ရည် မရှိတဲ့ သင်္ဘောတွေ ဝေးဝေးကို မသွားသင့်ဘူး။ အဓိက သတိထားရမှာက မြစ်ဝကျွန်းပေါ်နဲ့ ကိုးကိုးကျွန်းကြား ဧရိယာတွေ” ဟု ဒေါက်တာထွန်းလွင်က မဇ္စျိမကို ပြောသည်။ လေပြင်းတိုက်နှုန်းမှာ တနာရီ မိုင် ၄ဝ ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။
ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းမဖြစ်ဘဲ လှိုင်းကြီးခြင်းမှာ မုတ်သုန်လေ အားကောင်းခြင်းနှင့် အခြားဘက်မှ ပင်လယ်ရေ စီးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
တနင်္လာနေ့ထုတ် အစိုးရသတင်းစာ ကြေးမုံ၏ မိုးလေဝသ ခန့်မှန်းချက်တွင်မူ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် လေတိုက် နှုန်းမှာ တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ရေးထားသည်။
ယနေ့တွင် ဧရာဝတီတိုင်း ပင်လယ်ဝဒေသနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် မိုးရွာနေသည်။
“ကျမတို့ဘက်တော့ မိုးဖွဲဖွဲဖြစ်နေတာပဲရှိတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။ လှေလည်း ထွက်နေကြတယ်” ဟု ဧရာဝတီတိုင်း ပင်လယ်ဝအနီးရှိ ငွေဆောင်ကျေးရွာသူ တဦးက မဇ္စျိမကို ပြောသည်။
ကျောက်ဖြူ ဒေသခံက “မနေ့ကတည်းက မိုးဆက်တိုက်ရွာနေတယ်၊ မိုးကြီးတယ်။ ဒါပေမဲ့ လေတော့သိပ်မ တိုက်ဘူး” ဟု ဆိုသည်။
၂ဝ၁၁ မတ်လ ၁၄ ရက်မှ ၁၇ ရက်နေ့အတွင်း စိုက်ဆင်းလေပြင်း ကျခဲ့သဖြင့် ဧရာဝတီတိုင်း ဖျာပုံခရိုင်တခု တည်းပင် ရေလုပ်သား ၄ဝဝဝ ကျော် ပင်လယ်တွင်း မျောပါသွားခဲ့သည်။